၂ ဓမ္မရာဇဝင် 9
9
ဒါဝိဒ်နှင့်မေဖိဗောရှက်
1တစ်ဖန် ဒါဝိဒ်က၊ ငါသည် ယောနသန်အတွက် ကျေးဇူးပြုစရာအခွင့်ရှိစေခြင်းငှာ၊ ရှောလုအဆွေအမျိုး တစ်စုံတစ်ယောက် ကျန်ကြွင်းသေးသလောဟု မေးသော်၊#၁ရာ၊ ၂၀:၁၅-၁၇။ 2ဇိဘအမည်ရှိသော ရှောလု၏ အဆွေအမျိုးနှင့်ဆိုင်သော ကျွန်တစ်ယောက်ကို အထံတော်သို့သွင်း၍ ရှင်ဘုရင်က၊ သင်သည် ဇိဘမှန်သလောဟု မေးလျှင်၊ ကိုယ်တော်ကျွန်မှန်ပါသည်ဟု ပြန်လျှောက်လေ၏။ 3ရှင်ဘုရင်ကလည်း၊ ဘုရားသခင့်အလိုတော်အတိုင်း ငါကျေးဇူးပြုစရာ အခွင့်ရှိစေခြင်းငှာ၊ ရှောလုအဆွေအမျိုး တစ်စုံတစ်ယောက်မျှ မရှိသလောဟု မေးလျှင် ဇိဘက၊ ယောနသန်၌ ခြေဆွံ့သောသားတစ်ယောက် ရှိပါသေး၏ဟု လျှောက်သော်၊#၂ရာ၊ ၄:၄။ 4ရှင်ဘုရင်က၊ သူသည်အဘယ်မှာရှိသနည်းဟု မေးပြန်လျှင်၊ ဇိဘက၊ လောဒေဗာရွာ၊ အမျေလသား မာခိရအိမ်၌ရှိပါသည်ဟု လျှောက်၏။ 5ထိုအခါ ဒါဝိဒ်သည် စေလွှတ်၍ ရှောလု၏သားဖြစ်သော ယောနသန်၏သား မေဖိဗောရှက်ကို၊ လောဒေဗာရွာ၊ အမျေလသားမာခိရ အိမ်မှခေါ်ခဲ့၍၊ 6သူသည် အထံတော်သို့ ရောက်သောအခါ ပျပ်ဝပ်လျက် ရှိခိုးလေ၏။ ဒါဝိဒ်ကလည်း၊ မေဖိဗောရှက်ဟု ခေါ်လျှင်၊ ကိုယ်တော်ကျွန်ရှိပါသည်ဟု လျှောက်လေ၏။ 7ဒါဝိဒ်ကလည်း မစိုးရိမ်နှင့်။ သင်၏အဘ ယောနသန်အတွက် ငါသည်သင်၌ ဆက်ဆက်ကျေးဇူးပြုမည်။ သင့်အဖို့ ရှောလုပိုင်သမျှသောမြေကို ငါပြန်ပေးမည်။ သင်သည် နေ့တိုင်းအစဉ် ငါ့စားပွဲ၌ စားရမည်ဟုဆိုသော်၊ 8မေဖိဗောရှက်က၊ ကျွန်တော်ကဲ့သို့ဖြစ်ရသော ခွေးသေကောင်ကို ကိုယ်တော်ကြည့်ရှုရမည်အကြောင်း၊ ကိုယ်တော်ကျွန်သည် အဘယ်သို့သောသူဖြစ်ပါသနည်းဟု ဦးချ၍ပြန်လျှောက်၏။ 9ထိုအခါရှင်ဘုရင်သည် ရှောလု၏ကျွန်ဇိဘကိုခေါ်၍၊ ရှောလုနှင့် သူ၏အဆွေအမျိုးများ ပိုင်ထိုက်သမျှတို့ကို သင့်သခင်၏သားအား ငါပေးပြီ။ 10သင်သည် သင်၏သားကျွန်တို့နှင့်တကွ လယ်လုပ်၍ သင့်သခင်၏သားစားစရာဖို့ အသီးအနှံကို သွင်းရမည်။ သို့ရာတွင် သင့်သခင်၏သား မေဖိဗောရှက်သည် နေ့တိုင်းအစဉ် ငါ့စားပွဲ၌ အစာစားရမည်ဟု မိန့်တော်မူ၏။ ဇိဘ၌ သားတစ်ဆယ်ငါးယောက်နှင့် ကျွန်နှစ်ဆယ်ရှိ၏။ 11ဇိဘကလည်း၊ ကျွန်တော်သခင်အရှင်မင်းကြီးသည် ကိုယ်တော်ကျွန်ကို မှာထားတော်မူသမျှအတိုင်း၊ ကိုယ်တော်ကျွန်ပြုပါမည်ဟု နားတော်လျှောက်၏။ ထိုနောက်၊ မေဖိဗောရှက်သည် ရှင်ဘုရင်၏သားရင်းကဲ့သို့ စားပွဲတော်၌ အစာစားရ၏။ 12မေဖိဗောရှက်၌ မိက္ခာအမည်ရှိသော သားငယ်တစ်ယောက် ရှိ၏။ ဇိဘအိမ်၌ နေသောသူအပေါင်းတို့သည်လည်း မေဖိဗောရှက်၏ကျွန် ဖြစ်ကြ၏။ 13ထိုသို့ မေဖိဗောရှက်သည် ယေရုရှလင်မြို့၌နေ၍ ရှင်ဘုရင်၏စားပွဲတော်၌ နေ့တိုင်းအစဉ်စားရ၏။ ခြေနှစ်ဖက်ဆွံ့သောသူဖြစ်၏။
လက်ရှိရွေးချယ်ထားမှု
၂ ဓမ္မရာဇဝင် 9: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.