သတင်းပြောသောသူတစ်ယောက်သည် ဒါဝိဒ်ထံသို့လာ၍၊ ဣသရေလအမျိုးသားတို့၏စိတ်နှလုံးသည် အဗရှလုံဘက်သို့ ပါသွားပါပြီဟု ကြားလျှောက်လေ၏။ ဒါဝိဒ်ကလည်း၊ ငါတို့သည် ထ၍ပြေးကြကုန်အံ့၊ မပြေးလျှင် အဗရှလုံလက်နှင့်မလွတ်၊ အလျင်အမြန် ထွက်ကြကုန်အံ့။ သို့မဟုတ်လျှင် သူသည် ချက်ချင်းတိုက်လာသဖြင့်၊ ငါတို့ကို ဘေးပြု၍ မြို့ကိုလည်း ဓားနှင့်လုပ်ကြံလိမ့်မည်ဟု ယေရုရှလင်မြို့တွင် အထံတော်၌ရှိသော ကျွန်အပေါင်းတို့အား မိန့်တော်မူ၏။ ရှင်ဘုရင်၏ ကျွန်တို့ကလည်း၊ အရှင်မင်းကြီး စီရင်တော်မူသမျှတို့ကို ကိုယ်တော်ကျွန်တို့သည် ပြုပါမည်ဟုလျှောက်ကြလျှင်၊ ရှင်ဘုရင်သည် နန်းတော်သားအပေါင်းတို့နှင့်တကွ ထွက်သွား၏။ သို့ရာတွင် နန်းတော်ကို စောင့်စေခြင်းငှာ၊ ကိုယ်လုပ်တော်မိန်းမတစ်ကျိပ်တို့ကို ထားခဲ့လေ၏။ ထိုသို့ရှင်ဘုရင်နှင့် ကိုယ်တော်၌ပါသောသူ အပေါင်းတို့သည် ထွက်သွား၍ ဗေသာမေရက်ရွာမှာ စခန်းချကြ၏။ ကျွန်တော်မျိုးအပေါင်းတို့သည် ခြံရံလျက်လိုက်ကြ၏။ ဂါသမြို့မှ လိုက်လာသောသူ ခြောက်ရာတည်းဟူသော ဂိတ္တိလူအပေါင်းနှင့် ခေရသိလူ၊ ပေလသိလူအပေါင်းသည် ရှေ့တော်၌ချီသွားကြ၏။ ထိုအခါ ရှင်ဘုရင်သည် ဂိတ္တိလူအိတ္တဲအားလည်း၊ ငါတို့နှင့် အဘယ်ကြောင့်လိုက်သနည်း။ ရှင်ဘုရင်ထံသို့ ပြန်၍နေလော့။ သင်သည် တစ်ပါးအမျိုးသား၊ နေရာမကျသောဧည့်သည်ဖြစ်၏။ မနေ့ကသာ ရောက်လာသည်ဖြစ်၍၊ ယနေ့ငါတို့နှင့်အတူ အရပ်ရပ်လှည့်လည်ရမည်လော။ ငါသည် သွားရသော အခွင့်ရှိသည်အတိုင်း သွားရသောကြောင့်၊ သင်သည် အမျိုးသားချင်းတို့ကိုခေါ်၍ ပြန်လော့။ ကရုဏာနှင့် သစ္စာရှိပါစေသောဟု မိန့်တော်မူ၏။ အိတ္တဲကလည်း၊ ထာဝရဘုရားအသက်၊ အရှင်မင်းကြီးအသက် ရှင်တော်မူသည်အတိုင်း၊ အကယ်၍ အရှင်မင်းကြီး အသက်တော်ဆုံးသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ရှိတော်မူရာအရပ်၌ ကိုယ်တော်ကျွန်ရှိပါလိမ့်မည်ဟု ရှင်ဘုရင်အား ပြန်လျှောက်သော်၊ ဒါဝိဒ်က၊ ချီသွားလော့ဟု အိတ္တဲအား မိန့်တော်မူသဖြင့်၊ ဂိတ္တိလူအိတ္တဲသည် မိမိ၌ပါသော လူကြီးလူငယ်အပေါင်းတို့နှင့်တကွ ချီသွားလေ၏။ ပြည်သူပြည်သားအပေါင်းတို့သည် ပြင်းစွာငိုကြွေးကြ၏။ နောက်တော်၌ လိုက်သောသူအပေါင်းတို့သည် ချီသွား၍၊ ရှင်ဘုရင်သည် ကိုယ်တော်တိုင် ကေဒြုန်ချောင်းကိုကူးလျှင်၊ လူအပေါင်းတို့သည်ကူး၍ တောလမ်းသို့ လိုက်သွားကြ၏။ ဇာဒုတ်နှင့် လေဝိလူအပေါင်းတို့သည်လည်း ဘုရားသခင်၏ ပဋိညာဉ်သေတ္တာတော်ကို ထမ်းလျက်ရောက်လာ၍ သေတ္တာတော်ကို ချထားကြ၏။ လူအပေါင်းတို့သည် မြို့ထဲကထွက်၍ မကုန်မီတိုင်အောင် အဗျာသာသည် ယဇ်ပူဇော်လျက်နေ၏။ ရှင်ဘုရင်သည် ဇာဒုတ်ကိုခေါ်၍၊ ဘုရားသခင်၏သေတ္တာတော်ကို မြို့ထဲသို့ပြန်ပို့လော့။ ထာဝရဘုရားသည် ငါ့ကို စိတ်တော်နှင့်တွေ့လျှင် ငါ့ကိုပို့ပြန်၍ သေတ္တာတော်ကိုလည်းကောင်း၊ ကျိန်းဝပ်တော်မူရာ အရပ်ကိုလည်းကောင်း ပြတော်မူမည်။ သို့မဟုတ် သင့်ကိုငါအလိုမရှိဟု ငါ့အားမိန့်တော်မူလျှင် ငါရှိပါ၏။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူစေသတည်း ဟူ၍လည်းကောင်း၊ ယဇ်ပုရောဟိတ် ဇာဒုတ်အားလည်း သင်သည် ပရောဖက်ဖြစ်သည်မဟုတ်လော။ သင်၏သား အဟိမတ်နှင့် အဗျာသာ၏သား ယောနသန်၊ ထိုသားနှစ်ယောက်ကိုခေါ်၍ မြို့သို့ငြိမ်ဝပ်စွာ ပြန်သွားလော့။ သင်တို့ကြားလျှောက်စေသော စကားမရောက်မီ ငါသည်တောလွင်ပြင်၌ ဆိုင်းလင့်၍နေမည်ဟု မိန့်တော်မူသည်အတိုင်း၊ ဇာဒုတ်နှင့် အဗျာသာတို့သည် ဘုရားသခင်၏သေတ္တာတော်ကို ယေရုရှလင်မြို့သို့ ပြန်ပို့၍ ထိုမြို့၌နေကြ၏။ ဒါဝိဒ်သည်လည်း ငိုလျက်၊ ဦးခေါင်းကို ခြုံလျက်၊ ခြေနင်းကိုချွတ်လျက် သံလွင်တောင်ပေါ်သို့ တက်လေ၏။ နောက်တော်၌ လိုက်သောသူအပေါင်းတို့သည်လည်း ဦးခေါင်းကိုခြုံလျက် ငိုကြွေးလျက် တက်ကြ၏။ အဗရှလုံနှင့် ဝိုင်း၍ပုန်ကန်သော လူစုထဲမှာ၊ အဟိသောဖေလလည်းပါကြောင်းကို ဒါဝိဒ်သည်ကြားလျှင်၊ အိုထာဝရဘုရား၊ အဟိသောဖေလပေးသောအကြံကို မိုက်သောအကြံဖြစ်စေတော်မူပါဟု ဆုတောင်းလေ၏။
၂ ဓမ္မရာဇဝင် 15 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၂ ဓမ္မရာဇဝင် 15:13-31
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ