အာမနုန်သည် တုံးလုံးနေ၍ နာဟန်ပြု၏။ ရှင်ဘုရင်သည် အကြည့်အရှု ကြွလာတော်မူသောအခါ၊ အာမနုန်က၊ အကျွန်ုပ်နှမတာမာ လာပါစေ။ သူလက်၌ အကျွန်ုပ်သည် စားရမည်အကြောင်း၊ အကျွန်ုပ်ရှေ့မှာ မုန့်ပြားနှစ်ပြားကိုလုပ်ပါစေဟု ရှင်ဘုရင်အား အခွင့်တောင်းလေ၏။ ဒါဝိဒ်သည်လည်း တာမာအိမ်သို့ လူကိုစေလွှတ်၍၊ သင်၏မောင် အာမနုန်အိမ်သို့ သွားပြီးလျှင် စားစရာကိုချက်ပေးပါဟု မှာလိုက်သည်အတိုင်း၊ တာမာသည် မောင်အာမနုန်အိမ်သို့သွား၍ အာမနုန်သည် တုံးလုံးနေ၏။ တာမာသည် မုန့်ညက်ကိုယူ၍ နယ်ပြီးမှ၊ မောင်ရှေ့မှာ မုန့်ပြားတို့ကိုလုပ်၍ ဖုတ်လေ၏။ ပန်းကန်ပြားကိုလည်းယူ၍ အာမနုန်ရှေ့မှာလောင်းထားသော်လည်း သူသည်မစားဘဲ လူအပေါင်းတို့ကို ငါ့ထံမှထွက်သွားစေဟု ဆိုသဖြင့်၊ လူအပေါင်းတို့သည် ထွက်သွားကြ၏။ တာမာအားလည်း၊ သင့်လက်၌ ငါစားရအောင် အခန်းထဲသို့ယူခဲ့လော့ဟု ဆိုသည်အတိုင်း၊ တာမာသည် မိမိလုပ်သောမုန့်ပြားတို့ကိုယူ၍ မောင်အာမနုန်ရှိရာ အခန်းထဲသို့ဝင်လေ၏။ ထိုသို့ အာမနုန်စားစရာဖို့ ယူခဲ့သောအခါ၊ သူသည် နှမလက်ကိုဆွဲ၍၊ ငါ့နှမ၊ ငါနှင့်အိပ်ပါဟု ဆို၏။ တာမာကလည်း မပြုပါနှင့် ငါ့မောင်။ ငါ့ကို မရှုတ်ချပါနှင့်။ ဣသရေလအမျိုး၌ ဤသို့သောအမှုကို မပြုသင့်၊ ဤအမှုဆိုးကို မပြုပါနှင့်။ ပြုလျှင် ငါသည်ရှက်ခြင်းနှင့် အဘယ်သို့ ကင်းလွတ်မည်နည်း။ သင်သည်လည်း ဣသရေလအမျိုး၌ လူမိုက်ကဲ့သို့ဖြစ်လိမ့်မည်။ သို့ဖြစ်၍ ရှင်ဘုရင်ကို လျှောက်ပါလော့။ လျှောက်လျှင် မပေးစားဘဲ နေတော်မမူပါဟု ပြောဆိုသော်လည်း၊ အာမနုန်သည် နားမထောင်။ နှမထက်အားကြီးသဖြင့် အနိုင်ပြု၍ အိပ်လေ၏။ တစ်ဖန် အာမနုန်သည် နှမကိုအလွန်မုန်းပြန်၏။ အရင် ချစ်အားကြီးသည်ထက် မုန်းအားသာ၍ကြီးသဖြင့်၊ သင်ထ၍သွားတော့ဟု ဆို၏။ နှမကလည်း အကြောင်းမရှိပါ။ ငါ၌ပြုဖူးသောအပြစ်ထက် ယခုနှင်ထုတ်သောအပြစ် သာ၍ကြီးသည်ဟု ဆိုသော်လည်း၊ အာမနုန်သည် နားမထောင်။ အစေခံကျွန်တစ်ယောက်ကို ခေါ်၍ ဤမိန်းမကိုနှင်ထုတ်လော့။ သူနောက်မှာ တံခါးကျင်ထိုးလော့ဟု စီရင်၏။ အပျိုကညာဖြစ်သော ရှင်ဘုရင်၏သမီးတော် ဝတ်တတ်သည်အတိုင်း၊ အဆင်းအရောင်ထူးခြားသော အဝတ်ကိုဝတ်လျက်ရှိသော တာမာကို အစေခံကျွန်သည်နှင်ထုတ်၍ သူနောက်မှာ တံခါးကျင်ထိုးလေ၏။ တာမာသည်လည်း ခေါင်းပေါ်မှာ ပြာကိုတင်၍ အဆင်းအရောင်ထူးခြားသော အဝတ်ကိုဆုတ်ပြီးမှ၊ ခေါင်းပေါ်၌လက်တင်၍ ငိုကြွေးလျက် ပြန်သွား၏။ မောင်ရင်းအဗရှလုံကလည်း၊ ငါ့အစ်ကိုအာမနုန်သည် သင်နှင့်အတူရှိပြီလော။ သို့သော်လည်းငါ့နှမ တိတ်ဆိတ်စွာနေလော့။ သူသည် သင်၏မောင်ဖြစ်၏။ ဤအမှုကိုမမှတ်နှင့်ဟု ဆိုသော်၊ တာမာသည် မိမိမောင်အဗရှလုံအိမ်၌ ဆိတ်ညံစွာနေ၏။
၂ ဓမ္မရာဇဝင် 13 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၂ ဓမ္မရာဇဝင် 13:6-20
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ