YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 19:1-37

၄ ဓမ္မရာဇဝင် 19:1-37 JBMLE

ထို​စ​ကား​ကို ဟေ​ဇ​ကိ​မင်း​ကြီး​သည်​ကြား​လျှင်၊ မိ​မိ​အ​ဝတ်​ကို​ဆုတ်၍ လျှော်​တေ​အ​ဝတ်​ကို​ခြုံ​လျက် ဗိ​မာန်​တော်​သို့​သွား​လေ၏။ လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက်​ရှိ​သော နန်း​တော်​အုပ်​ဧ​လျာ​ကိမ်၊ စာ​ရေး​တော်​ကြီး​ရှေ​ဗ​န၊ အ​သက်​ကြီး​သော ယဇ်​ပု​ရော​ဟိတ်​တို့​ကို အာ​မုတ်​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​ထံ​သို့ စေ​လွှတ်​လေ၏။ ဟေ​ဇ​ကိ​မင်း​မှာ​ထား​သော စ​ကား​ဟူ​မူ​ကား၊ ယ​နေ့​သည် ဒု​က္ခ​နေ့၊ ဆုံး​မ​သော​နေ့၊ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​သော​နေ့ ဖြစ်၏။ သား​ဖွား​ချိန်​ရောက်၍ သား​ကို​ဖွား​နိုင်​အောင် ခွန်​အား​မ​ရှိ။ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကဲ့​ရဲ့​စေ​ခြင်း​ငှာ အာ​ရှု​ရိ​ရှင်​ဘု​ရင် စေ​လွှတ်​သော မိ​မိ​ကျွန်​ရာ​ဗ​ရှာ​ခ​စ​ကား​ကို သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကြား​တော်​မူ​ပါ​စေ​သော။ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​တိုင်​ကြား​သော စ​ကား​ကို ချေ​တော်​မူ​ပါ​စေ​သော။ သင်​သည်​လည်း ကျန်​ကြွင်း​သော​လူ​တို့​အ​ဖို့ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ပါ​ဟု ပြော​စေ​ခြင်း​ငှာ၊ ဟေ​ဇ​ကိ​မင်း​စေ​လွှတ်​သော ကျွန်​တို့​သည် ဟေ​ရှာ​ယ​ထံ​သို့ ရောက်​လာ​ကြ၏။ ဟေ​ရှာ​ယ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်၏ ကျွန်​တို့​သည် ငါ့​ကို​ကဲ့​ရဲ့၍၊ သင်​သည်​ကြား​ရ​သော​စ​ကား​ကြောင့် မ​ကြောက်​နှင့်။ ထို​မင်း၌ အ​ခြား​သော​စိတ်​သ​ဘော​ကို ငါ​သွင်း​ပေး​မည်။ သူ​သည် သ​တင်း​ကြား၍ မိ​မိ​ပြည်​သို့ ပြန်​သွား​လိမ့်​မည်။ ထို​ပြည်၌ ဓား​ဖြင့် ငါ​ဆုံး​စေ​မည်​ဟူ​သော​စ​ကား​တော်​ကို သင်​တို့၏​သ​ခင်​အား ပြန်​ကြား​ကြ​လော့ ဟု​ပြော​ဆို၏။ ထို​အ​ခါ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် လာ​ခိ​ရှ​မြို့​မှ ထွက်​သွား​ကြောင်း​ကို ရာ​ဗ​ရှာ​ခ​ကြား​လျှင် ပြန်​သွား၍ လိ​ဗ​န​မြို့​ကို ရှင်​ဘု​ရင်​တိုက်​နေ​သည်​ကို​တွေ့​လေ၏။ နောက်​တစ်​ဖန် ကု​ရှ​မင်း​ကြီး​တိ​ရ​က္က​သည် စစ်​ချီ၍​လာ​ပြီ​ဟု သ​တင်း​ကြား​သော​အ​ခါ၊ ဟေ​ဇ​ကိ​မင်း​ထံ​သို့ တ​မန်​တို့​ကို စေ​လွှတ်​ပြန်၍၊ သင်​တို့​သည် ယု​ဒ​မင်း​ကြီး​ဟေ​ဇ​ကိ​ကို ပြော​ရ​သော​စ​ကား​ဟူ​မူ​ကား၊ သင်​ကိုး​စား​သော ဘု​ရား​သ​ခင်​က၊ ယေ​ရု​ရှ​လင်​မြို့​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင်​လက်​သို့ မ​ရောက်​ရ​ဟူ၍ သင့်​ကို မ​လှည့်​စား​စေ​နှင့်။ အာ​ရှု​ရိ​ရှင်​ဘု​ရင်​တို့​သည် ခပ်​သိမ်း​သော​ပြည်​တို့​ကို​လုပ်​ကြံ၍ ရှင်း​ရှင်း​ဖျက်​ဆီး​ကြောင်း​ကို သင်​သည် ကြား​ရ​ပြီ။ ကိုယ်​တိုင် လွတ်​လိမ့်​မည်​လော။ ငါ့​ဘိုး​ဘေး​တို့​သည် ဖျက်​ဆီး​သော​အ​မျိုး​သား၊ ဂေါ​ဇန်​အ​မျိုး​သား၊ ခါ​ရန်​အ​မျိုး​သား၊ ရေ​ဇပ်​အ​မျိုး​သား၊ တေ​လ​သာ​မြို့၌​ရှိ​သော ဧ​ဒင်​အ​မျိုး​သား​တို့​ကို သူ​တို့၏​ဘု​ရား​များ​တို့​သည် ကယ်​ယူ​ကြ​ပြီ​လော။ ဟာ​မတ်​မင်း​ကြီး၊ အာ​ပဒ်​မင်း​ကြီး​နှင့် သေ​ဖ​ရ​ဝိမ်​မြို့၊ ဟေ​န​မြို့၊ ဣ​ဝါ​မြို့​ကို​စိုး​စံ​သော​မင်း​ကြီး​တို့​သည် အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း​ဟု မှာ​လိုက်​လေ၏။ ထို​မှာ​စာ​ကို ဟေ​ဇ​ကိ​မင်း​သည် သံ​တ​မန်၏​လက်​မှ​ခံ​ယူ၍ ကြည့်​ပြီး​လျှင် ဗိ​မာန်​တော်​သို့​သွား၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဖြန့်​ထား​လေ၏။ ထို​အ​ခါ ဟေ​ဇ​ကိ​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ လျှောက်​ဆို​သည်​ကား၊ ခေ​ရု​ဗိမ်​ပေါ်​မှာ​ထိုင်​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင် မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ ကိုယ်​တော်​သည် ကောင်း​ကင်​နှင့်​မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ နား​တော်​ကို​လှည့်၍ နား​ထောင်​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ မျက်​စိ​တော်​ကို​ဖွင့်၍ ကြည့်​ရှု​တော်​မူ​ပါ။ သ​နာ​ခ​ရိပ်​မင်း​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို ကဲ့​ရဲ့၍​ပြော​စေ​သော စ​ကား​အ​လုံး​စုံ​တို့​ကို မှတ်​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကယ်​စင်​စစ် အာ​ရှု​ရိ​ရှင်​ဘု​ရင်​တို့​သည် အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့​ကို ဖျက်​ဆီး၍၊ သူ​တို့၏​ဘု​ရား​များ​ကို မီး​ထဲ​သို့​ချ​ပစ်​ကြ​ပါ​ပြီ။ ထို​ဘု​ရား​တို့​သည် ဘု​ရား​မ​ဟုတ်၊ လူ​လက်​ဖြင့်​လုပ်​သော သစ်​သား​နှင့် ကျောက်​ဖြစ်​သော​ကြောင့် ပျက်​စီး​ခြင်း​သို့​ရောက်​ကြ​ပါ​ပြီ။ အို​အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​သာ ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည်​ကို မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော တိုင်း​နိုင်​ငံ​တို့​သည်​သိ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​တို့​ကို ထို​မင်း​လက်​မှ ယ​ခု​ကယ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ​သည်​ဟု ပ​တ္ထ​နာ​ပြု​လေ၏။ ထို​အ​ခါ အာ​မုတ်​သား​ဟေ​ရှာ​ယ​သည် ဟေ​ဇ​ကိ​မင်း​ထံ​သို့ စေ​လွှတ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင်​သ​နာ​ခ​ရိပ်​အ​ကြောင်း​ကြောင့် ငါ့​ရှေ့​မှာ​ပြု​သော ပ​တ္ထ​နာ​စ​ကား​ကို ငါ​ကြား​ရ​ပြီ။ ထို​မင်း၏​အ​မှု​မှာ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ဟူ​မူ​ကား၊ ဇိ​အုန်​သ​တို့​သ​မီး​က​ညာ​သည် သင့်​ကို မ​ထီ​မဲ့​မြင်​ပြု၍ ပြက်​ရယ်၏။ ယေ​ရု​ရှ​လင်​သ​တို့​သ​မီး​သည် သင့်​နောက်၌ ခေါင်း​ညိတ်၏။ သင်​သည် အ​ဘယ်​သူ​ကို ကဲ့​ရဲ့​ဆဲ​ရေး​သ​နည်း။ အ​ဘယ်​သူ​ကို အော်​ဟစ်၍ မျက်​နှာ​ထောင်​လွှား​သ​နည်း။ ဣ​သ​ရေ​လ​အ​မျိုး၏​သန့်​ရှင်း​သော​ဘု​ရား​ကို​ပင် ပြု​ပါ​သည်​တ​ကား။ သင်​သည် တ​မန်​များ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ကို​ကဲ့​ရဲ့၍၊ ငါ​သည် ရ​ထား​များ​ပြား​သ​ဖြင့် တောင်​ထိပ်​သို့​လည်း​ကောင်း၊ လေ​ဗ​နုန်​တောင် အ​ထွတ်​သို့​လည်း​ကောင်း တက်​လာ​ပြီ။ အ​ရပ်​မြင့်​သော​အာ​ရဇ်​ပင်​နှင့် အ​ကောင်း​ဆုံး​သော​ထင်း​ရှူး​ပင်​တို့​ကို ငါ​ခုတ်​လှဲ​ပြီ။ အ​ဝေး​ဆုံး​သော​ခို​လှုံ​ရာ​အ​သီး​များ​သော တော​ထဲ​သို့ ငါ​ဝင်​ပြီ။ ငါ​သည်​တွင်း​တူး၍ မ​မြည်း​ဖူး​သော​ရေ​ကို သောက်​ရ​ပြီ။ ငါ၏​ခြေ​ဖ​ဝါး​အား​ဖြင့် အဲ​ဂု​တ္တု​မြစ်​လက်​ကြား ရေ​ရှိ​သ​မျှ​ကို ခန်း​ခြောက်​စေ​ပြီ​ဟု သင်​ဆို​မိ​ပြီ​တ​ကား။ ငါ​သည် အ​ထက်​က​ဤ​အ​မှု​ကို​စီ​ရင်​ကြောင်း​နှင့် ရှေး​ကာ​လ၌ ပြု​ပြင်​ကြောင်း​ကို သင်​သည်​မ​ကြား​သ​လော။ ယ​ခု​မှာ​လည်း သင်​သည် ခိုင်​ခံ့​သော​မြို့​တို့​ကို ဖျက်​ဆီး၍၊ ကျောက်​ပုံ​ဖြစ်​စေ​သော​သူ​ဖြစ်​မည်​အ​ကြောင်း ငါ​စီ​ရင်​ခန့်​ထား​လေ​ပြီ။ ထို​ကြောင့် မြို့​သား​တို့​သည် အား​နည်း​ကြ၏။ မှိုင်​တွေ၍ စိတ်​ပျက်​လျက်​ရှိ​ကြ၏။ တော​မြက်​ပင်​နှင့် စိမ်း​သော​စ​ပါး​ပင်​ကဲ့​သို့​လည်း​ကောင်း၊ အိမ်​မိုး​ပေါ်​မှာ​ပေါက်​သော​မြက်​ပင်​နှင့် မ​ကြီး​မီ​ညှိုး​နွမ်း​သော စ​ပါး​ပင်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။ သင်၏​နေ​ထိုင်​ခြင်း၊ ထွက်​ဝင်​ခြင်း၊ ငါ၌ အ​မျက်​ဟုန်း​ခြင်း​တို့​ကို ငါ​သိ၏။ ငါ၌​သင်၏​အ​မျက်​ဟုန်း​ခြင်း၊ စော်​ကား​ခြင်း​ကို ငါ​ကြား​ရ​သော​ကြောင့်၊ သင့်​ကို​နှာ​ရှုပ်​တပ်၍ ဇက်​ခွံ့​ပြီး​မှ၊ သင်​လာ​သော​လမ်း​ဖြင့် ပြန်​စေ​မည်။ သင်​မှတ်​ရ​သော နိ​မိတ်​လ​က္ခ​ဏာ​ဟူ​မူ​ကား၊ ယ​ခု​နှစ်​တွင် အ​လို​လို​ကြီး​ရင့်​သော အ​သီး​အ​နှံ​ကို​လည်း​ကောင်း၊ ဒု​တိ​ယ​နှစ်​တွင် ထို​အ​တူ​ပေါက်​သော အ​ရာ​များ​ကို​လည်း​ကောင်း သင်​တို့​သည် စား​ရ​မည်။ တ​တိ​ယ​နှစ်​တွင်​မျိုး​စေ့​ကို​ကြဲ၍ စ​ပါး​ကို​ရိတ်​ကြ​လော့။ စ​ပျစ်​ဥ​ယျာဉ်​ကို​လည်း​စိုက်၍ အ​သီး​ကို​စား​ကြ​လော့။ ဘေး​လွတ်၍ ကျန်​ကြွင်း​သော ယု​ဒ​အ​မျိုး​သား​တို့​သည် တစ်​ဖန်​အောက်​မှာ​အ​မြစ်​စွဲ၍ အ​ထက်​မှာ အ​သီး​သီး​ကြ​လိမ့်​မည်။ ကျန်​ကြွင်း​သော​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ထဲ​က​လည်း​ကောင်း၊ ဘေး​လွတ်​သော​သူ​တို့​သည် ဇိ​အုန်​တောင်​ပေါ်​က​လည်း​ကောင်း ပေါ်​လာ​ကြ​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် အ​လို​တော်​အား​ကြီး၍ ထို​အ​မှု​ကို စီ​ရင်​တော်​မူ​လိမ့်​မည်။ သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင်​ကို​ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊ သူ​သည် ဤ​မြို့​သို့​မ​ဝင်​ရ။ မြို့​ထဲ​သို့ မြား​ကို​မ​ပစ်​ရ။ မြို့​ရှေ့​မှာ ဒိုင်း​လွှား​ကို​မ​ပြ​ရ။ မြို့​ပြင်​မှာ မြေ​ရိုး​ကို​မ​ဖို့​ရ။ လာ​သော​လမ်း​ဖြင့် ပြန်​သွား​ရ​မည်။ ဤ​မြို့​ထဲ​သို့ မ​ဝင်​ရ။ ငါ​သည် ကိုယ်​မျက်​နှာ​ကို​လည်း​ကောင်း၊ ငါ့​ကျွန်​ဒါ​ဝိဒ်၏​မျက်​နှာ​ကို​လည်း​ကောင်း ထောက်၍ ဤ​မြို့​ကို ကယ်​တင်​ခြင်း​ငှာ စောင့်​မ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ ထို​ည​တွင် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည်​ထွက်၍ အာ​ရှု​ရိ​တပ်​တွင် လူ​တစ်​သိန်း​ရှစ်​သောင်း​ငါး​ထောင်​တို့​ကို ဒဏ်​ခတ်​လေ၏။ နံ​နက်​စော​စော​ထ​ချိန်​ရောက်​သော​အ​ခါ၊ ထို​သူ​အ​ပေါင်း​တို့​သည် အ​သေ​ဖြစ်​ကြ၏။ အာ​ရှု​ရိ​ရှင်​ဘု​ရင် သ​နာ​ခ​ရိပ်​သည်​လည်း ထို​အ​ရပ်​မှ​ထွက်၍ ပြန်​သွား​ပြီး​လျှင် နိ​နေ​ဝေ​မြို့၌ နေ​လေ၏။ နောက်​တစ်​ဖန် သူ​သည် မိ​မိ​ဘု​ရား​နိ​သ​ရုတ်၏​ဗိ​မာန်၌ ကိုး​ကွယ်​စဉ်​တွင်၊ သား​တော်​အာ​ဒြ​မ္မေ​လက်​နှင့် ရှ​ရေ​ဇာ​သည် ခ​မည်း​တော်​ကို ဓား​နှင့်​သတ်​ပြီး​လျှင်၊ အာ​ရ​မ​နိ​ပြည်​သို့ ပြေး​ကြ၏။ သား​တော်​ဧ​သ​ရ​ဟ​ဒ္ဒုန်​သည်​လည်း ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။