YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 11

11
ယု​ဒ​ပြည်​ဘု​ရင်​မ​အာ​သ​လိ
(၆​ရာ၊ ၂၂:၁၀-၂၃:၁၅)
1အာ​ခ​ဇိ၏​မယ်​တော် အာ​သ​လိ​သည် မိ​မိ​သား​သေ​ကြောင်း​ကို သိ​မြင်​သော်၊ ထ၍ ဆွေ​တော်​မျိုး​တော် အ​ပေါင်း​တို့​ကို သုတ်​သင်​ပယ်​ရှင်း​လေ၏။ 2သို့​ရာ​တွင် အာ​ခ​ဇိ၏​နှ​မ ယ​ဟော​ရံ​မင်း​ကြီး​သ​မီး ယော​ရှေ​ဘ​သည် အာ​ခ​ဇိ၏​သား​ယော​ရှ​ကို အ​သေ​ခံ​ရ​သော ဆွေ​တော်​မျိုး​တော်​ထဲ​က ခိုး​ယူ၍ အာ​သ​လိ​လက်​မှ သူ၏​အ​သက်​လွတ်​စေ​ခြင်း​ငှာ၊ သူ​နှင့်​သူ၏ နို့​ထိန်း​ကို အိပ်​ခန်း​ထဲ၌​ဝှက်​ထား၏။ 3ထို​နောက်​ယော​ရှ​သည် ခြောက်​နှစ်​ပတ်​လုံး အ​ရီး​နှင့်​အ​တူ ဗိ​မာန်​တော်၌​ပုန်း​ရှောင်​လျက် နေ၍၊ အာ​သ​လိ​သည် စိုး​စံ​လေ၏။
4ခု​နစ်​နှစ်​မြောက်​သော​အ​ခါ၊ ယော​ယ​ဒ​သည် စေ​လွှတ်၍၊ လူ​တစ်​ရာ​အုပ်၊ တပ်​မှူး၊ တပ်​သား​တို့​ကို ခေါ်​လေ၏။ ဗိ​မာန်​တော်​ထဲ​သို့ သွင်း၍ ပ​ဋိ​ညာဉ်​ဖွဲ့​ခြင်း၊ ဗိ​မာန်​တော်၌ သ​စ္စာ​တိုက်​ခြင်း​ကို​ပြု​ပြီး​မှ၊ ရှင်​ဘု​ရင်၏​သား​တော်​ကို ပြ​လေ၏။ 5ယော​ယ​ဒ​က​လည်း၊ သင်​တို့​ပြု​ရ​သော​အ​မှု​ဟူ​မူ​ကား၊ ဥ​ပုသ်​နေ့၌​ဝင်​သော​လူ သုံး​စု​တစ်​စု​သည် နန်း​တော်​တံ​ခါး​ကို စောင့်​ရ​မည်။ 6တစ်​စု​သည် သု​ရ​တံ​ခါး​ကို စောင့်​ရ​မည်။ တစ်​စု​သည် ကင်း​နောက်​တံ​ခါး​ကို စောင့်​ရ​မည်။ ထို​သို့ ဗိ​မာန်​တော်​ကို မ​ဖြို​မ​ဖျက်​စေ​ခြင်း​ငှာ စောင့်​ရ​မည်။ 7ဥ​ပုသ်​နေ့၌ ထွက်​သော​လူ​သုံး​စု​တွင်​နှစ်​စု​သည် ရှင်​ဘု​ရင်​ပတ်​လည် ဗိ​မာန်​တော်၌​စောင့်​ရ​မည်။ 8လူ​တိုင်း မိ​မိ​လက်​နက်​ကို​ကိုင်​လျက် ကိုယ်​တော်​မြတ်​ကို​ဝိုင်း၍၊ တပ်​ထဲ​သို့ ဝင်​သ​မျှ​သော​သူ​တို့​ကို သတ်​ရ​မည်။ ရှင်​ဘု​ရင် ထွက်​ဝင်​တော်​မူ​သော​အ​ခါ၊ နောက်​တော်​သို့ လိုက်​ရ​မည်​ဟု မှာ​ထား​လေ၏။ 9ထို​သို့ ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ မှာ​ထား​သ​မျှ​အ​တိုင်း လူ​တစ်​ရာ​အုပ်​တို့​သည်​ပြု၍၊ ဥ​ပုသ်​နေ့၌​ထွက်​ရ​သော​သူ​နှင့် ဝင်​ရ​သော​သူ​အ​သီး​အ​သီး​တို့​ကို ခေါ်၍ ယဇ်​ပု​ရော​ဟိတ် ယော​ယ​ဒ​ထံ​သို့ ရောက်​သော​အ​ခါ၊ 10ဗိ​မာန်​တော်၌​ရှိ​သော ဒါ​ဝိဒ်​မင်း​ကြီး၏​လှံ​များ​နှင့် ဒိုင်း​များ​ကို ယဇ်​ပု​ရော​ဟိတ်​သည်​ထုတ်၍ လူ​တစ်​ရာ​အုပ်​တို့​အား အပ်​လေ၏။ 11စောင့်​သော​သူ​အ​ပေါင်း​တို့​သည် လက်​နက်​ကို​ကိုင်​လျက်၊ ရှင်​ဘု​ရင်​ကို​ဝိုင်း၍ ယဇ်​ပ​လ္လင်​အ​နား​နှင့် ဗိ​မာန်​တော်​အ​နား၌ လက်​ယာ​ထောင့်​မှ​စ၍ လက်​ဝဲ​ထောင့်​တိုင်​အောင် ရပ်​ကြ၏။ 12ယဇ်​ပု​ရော​ဟိတ်​သည် ရှင်​ဘု​ရင်​သား​တော်​ကို ပြင်​သို့​ထုတ်၍၊ ရာ​ဇ​သ​ရ​ဖူ​နှင့် ပ​ည​တ္တိ​ကျမ်း​ကို​တင်​လျက်၊ ဘိ​သိက်​ပေး​လျက်၊ ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ပြီး​မှ ရှင်​ဘု​ရင် အ​သက်​တော်​ရှင်​စေ​သ​တည်း​ဟု လက်​ခုပ်​တီး၍ ကြွေး​ကြော်​ကြ၏။
13အာ​သ​လိ​သည် တပ်​သား​ပြု​သော​အ​သံ​နှင့် လူ​များ​ပြု​သော​အ​သံ​ကို​ကြား​လျှင်၊ လူ​များ​ရှိ​ရာ ဗိ​မာန်​တော်​သို့​သွား၍၊ 14ရှင်​ဘု​ရင်​သည် ယု​ဒ​မင်း​ထုံး​စံ​အ​တိုင်း တိုင်​နား​မှာ​ရပ်​လျက်၊ မှူး​တော်​မတ်​တော်​များ​နှင့် တံ​ပိုး​မှုတ်​သော​သူ​များ​တို့​သည် ရှင်​ဘု​ရင်​အ​နား​တော်၌ ရပ်​လျက်၊ ပြည်​သူ​ပြည်​သား​များ​တို့​သည် ဝမ်း​မြောက်၍ တံ​ပိုး​မှုတ်​လျက် ရှိ​ကြ​သည်​ကို​မြင်​လျှင်၊ မိ​မိ​အ​ဝတ်​ကို​ဆုတ်၍ ပုန်​ကန်​မှု​ပါ​တ​ကား၊ ပုန်​ကန်​မှု​ပါ​တ​ကား​ဟု အော်​ဟစ်​လေ၏။ 15ယဇ်​ပု​ရော​ဟိတ် ယော​ယ​ဒ​က​လည်း၊ ဗိ​မာန်​တော်​ထဲ​မှာ​မ​သေ​စေ​နှင့်၊ တပ်​ပြင်​သို့​ထုတ်​ကြ။ သူ့​ဘက်​မှာ​နေ​သော​သူ​ကို ဓား​နှင့်​သတ်​ကြ​ဟု လူ​တစ်​ရာ​အုပ်၊ တပ်​မှူး​တို့​ကို မှာ​ထား​နှင့်​သည်​အ​တိုင်း၊ 16အာ​သ​လိ​ကို​ဖမ်း​ဆီး​လျက်၊ နန်း​တော်​သို့​သွား​သော မြင်း​လမ်း​ဖြင့် ထုတ်၍ သတ်​ကြ၏။
ယော​ယ​ဒ​၏​ပြု​ပြင်​ပြောင်း​လဲ​မှု​များ
(၆​ရာ၊ ၂၃:၁၆-၂၁)
17ယော​ယ​ဒ​သည်​လည်း ရှင်​ဘု​ရင်​နှင့်​လူ​များ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​လူ​ဖြစ်​ရ​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​စေ၏။ တစ်​ဖန် ရှင်​ဘု​ရင်​နှင့်​လူ​များ​တို့​ကို တစ်​ဦး​နှင့်​တစ်​ဦး ပ​ဋိ​ညာဉ်​ဖွဲ့​စေ၏။ 18ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် ဗာ​လ​ကျောင်း​သို့​သွား၍ ဖြို​ဖျက်​ကြ၏။ ယဇ်​ပ​လ္လင်​များ​နှင့် ရုပ်​တု​များ​ကို အ​ကုန်​အ​စင်​ချိုး​ဖဲ့၍၊ ယဇ်​ပ​လ္လင်​တို့​ရှေ့​မှာ ဗာ​လ​ယဇ်​ပု​ရော​ဟိတ်​မဿန်​ကို သတ်​ကြ၏။ 19ယဇ်​ပု​ရော​ဟိတ် ယော​ယ​ဒ​သည်​လည်း၊ ဗိ​မာန်​တော်​အုပ်​များ​ကို ခန့်​ထား​ပြီး​မှ လူ​တစ်​ရာ​အုပ်၊ တပ်​မှူး၊ တပ်​သား၊ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​ကို ခေါ်​လျက်၊ ကင်း​တံ​ခါး​လမ်း​ဖြင့် ရှင်​ဘု​ရင်​ကို ဗိ​မာန်​တော်​မှ နန်း​တော်​သို့​ပို့​ဆောင်၍ ရာ​ဇ​ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​စေ၏။ 20နန်း​တော်​နား​မှာ အာ​သ​လိ​ကို​သတ်​ပြီး​မှ၊ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် ဝမ်း​မြောက်၍ တစ်​မြို့​လုံး၌​လည်း ငြိမ်​ဝပ်​ခြင်း​ရှိ၏။

လက်ရှိရွေးချယ်ထားမှု

၄ ဓမ္မရာဇဝင် 11: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ