အနည်းငယ်သောမျိုးစေ့ကို ကြဲသောသူသည် စပါးအနည်းငယ်သာရိတ်ရမည်။ များစွာကြဲသောသူသည် များစွာရိတ်ရမည်ဟု မှတ်ကြလော့။- လူတိုင်း ကိုယ်အလိုအလျောက် လှူရ၏။ နှမြောသောစိတ်နှင့် မလှူရ၊ မလှူဘဲမနေရဟု စိတ်ထင်နှင့် မလှူရ၊ အကြောင်းမူကား၊ စေတနာစိတ်နှင့် လှူသောသူကိုသာ ဘုရားသခင် နှစ်သက်တော်မူ၏။- ကျမ်းစာလာသည်ကား၊ သူသည်စွန့်ကြဲပြီ၊ ဆင်းရဲသောသူတို့အား ပေးကမ်းပြီ။- သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲတည်တတ်၏ဟု လာသည်နှင့်အညီ၊ သင်တို့သည် အရာရာ၌ သုံးလောက်သော ဥစ္စာအမျိုးမျိုးနှင့် အစဉ်ရှိ၍၊ ကောင်းသော အကျင့်အမျိုးမျိုးနှင့် အထူးသဖြင့် ပြည့်စုံမည် အကြောင်း၊ အမျိုးစုံသောမင်္ဂလာကျေးဇူးနှင့် အထူးသဖြင့် ပြည့်စုံစေခြင်းငှာ ဘုရားသခင် တတ်နိုင်တော်မူ၏။- မျိုးစေ့ကြဲသောသူအား မျိုးစေ့ကိုလည်းကောင်း၊ အစာအာဟာရကိုလည်းကောင်း၊ ပေးတော်မူသောသူသည်၊ သင်တို့အား မျိုးစေ့ကို ပေး၍ ပွားများစေတော်မူမည်။ သင်တို့၏ ဖြောင့်မတ်ခြင်းကိုလည်း ကြွယ်ဝစေတော်မူမည်။- ထိုသို့သင်တို့သည် စေတနာစိတ်နှင့် အမျိုးမျိုးသော စွန့်ကြဲပေးကမ်းခြင်းအလိုငှာ အရာရာ၌ကြွယ်ဝခြင်း ရှိသည်ဖြစ်၍၊ ငါတို့အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းစရာအကြောင်း ရှိလိမ့်မည်။- အဘယ်သို့နည်း ဟူမူကား၊ ဤလုပ်ကျွေးခြင်းအမှုသည် သန့်ရှင်းသူတို့၏ ဆင်းရဲခြင်းကို မစသည်သာမက၊ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းစရာအကြောင်း အများနှင့် ပြည့်စုံလျက်ရှိ၏။- သင်တို့သည် ခရစ်တော်၏ ဧဝံဂေလိတရား အလိုသို့ ထင်ရှားစွာလိုက်ခြင်း အလိုကိုလည်းကောင်း၊ ထိုသန့်ရှင်းသူတို့မှစသော လူအပေါင်းတို့အား ကြည်ညိုသော စေတနာစိတ်နှင့် စွန့်ကြဲပေးကမ်းခြင်း အရာကိုလည်းကောင်း၊ သူတို့သည် အောက်မေ့သောအခါ၊ ဤလုပ်ကျွေးခြင်းအမှု၏ လက္ခဏာ သက်သေကိုထောက်၍ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းတတ်ကြ၏။- သင်တို့၌ ထူးမြတ်သောဘုရားသခင်၏ ကျေးဇူးတော်ကိုလည်း သူတို့သည်ထောက်လျှင်၊ သင်တို့အဖို့ အလိုငှာ ဆုတောင်း၍၊ အလွန်ချစ်ခင်မြတ်နိုးခြင်းစိတ် ရှိကြ၏။- ပြော၍မကုန်နိုင်သော ဘုရားသခင်၏ ဆုကျေးဇူးတော်ကို အောက်မေ့၍ ချီးမွမ်းခြင်းရှိစေသတည်း။
၂ ကောရိန္သု 9 ကိုဖတ်ပါ။
နားထောင်ပါ။ ၂ ကောရိန္သု 9
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၂ ကောရိန္သု 9:6-15
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ