၂ ကောရိန္သု 7
7
1ထိုကြောင့် ချစ်သူတို့၊ ထိုကတိတော်များနှင့် ငါတို့သည် ဆိုင်ကြသည်ဖြစ်၍၊ ကိုယ်ခန္ဓာ၏ အညစ်အကြေး၊ စိတ်ဝိညာဉ်၏ အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုကိုယ်ကင်းစင်စေလျက်၊ ဘုရားသခင်ကို ကြောက်ရွံ့၍ သန့်ရှင်းခြင်းပါရမီနှင့် ပြည့်စုံကြကုန်အံ့။
ပေါလုဝမ်းမြောက်ခြင်း
2ငါတို့ကို လက်ခံကြလော့။ ငါတို့သည် အဘယ်သူကိုမျှ မပြစ်မှား။ အဘယ်သူကိုမျှ မယိုယွင်းစေ၊ အဘယ်သူ၏ဥစ္စာကိုမျှ ပရိယာယ်အားဖြင့် မယူ။- 3သင်တို့ကို အပြစ်တင်၍ ဤသို့ငါဆိုသည်မဟုတ်။ သင်တို့နှင့်အတူ အသက်ရှင်ခြင်းငှာလည်းကောင်း၊ သေခြင်းငှာလည်းကောင်း၊ အလိုရှိသည်တိုင်အောင်၊ ငါတို့သည် သင်တို့ကိုချစ်ကြ၏ဟု အထက်ကငါပြောခဲ့ပြီ။- 4သင်တို့ကြောင့် အလွန်ရဲရင့်ခြင်းရှိ၏။ သင်တို့ကြောင့် အလွန်ကြွားဝါခြင်း ရှိရ၏။ သက်သာခြင်းနှင့် ပြည့်စုံ၏။ ညှဉ်းဆဲခြင်းကို ခံလေရာရာ၌ အတိုင်းထက်အလွန် ဝမ်းမြောက်ခြင်းရှိ၏။- 5ငါတို့သည် မာကေဒေါနိပြည်သို့ ရောက်သောအခါ၊ ကိုယ်ကာယငြိမ်ဝပ်ခြင်း အလျှင်းမရှိ၊ အရာရာ၌ ညှဉ်းဆဲခြင်းကို ခံရကြ၏။ ပြင်၌ကား တိုက်လှန်ခြင်း ရှိ၏။ အတွင်း၌ကား စိုးရိမ်ခြင်းရှိ၏။
6သို့သော်လည်း နှိမ့်ချလျက်ရှိသော သူတို့ကို သက်သာစေတော်မူတတ်သော ဘုရားသခင်သည်၊ တိတုရောက်လာသောအားဖြင့် ငါတို့ကို သက်သာစေတော်မူ၏။- 7တိတုရောက်လာခြင်းအားဖြင့်သာ သက်သာစေတော်မူသည် မဟုတ်။ တိတုသည် သင်တို့ဆီမှာရသော သက်သာခြင်းအားဖြင့်လည်း သက်သာစေတော်မူ၏။ အဘယ်သို့နည်း ဟူမူကား၊ သင်တို့၏တောင့်တခြင်း၊ ညည်းတွားခြင်း၊ ငါ၏အကျိုးအလိုငှာ စေတနာစိတ်အားကြီးခြင်း အကြောင်းအရာများကို သူသည် ငါတို့အား ကြားပြော၏။ ထိုကြောင့် ငါသည်သာ၍ ဝမ်းမြောက်ခြင်းရှိ၏။- 8အထက်ကပေးလိုက်သော စာအားဖြင့် သင်တို့ကို ဝမ်းနည်းစေသောကြောင့်၊ ငါသည် ယခင်အခါ၌ နောင်တရှိသော်လည်း ယခုအခါ၌ မရှိ။ အကြောင်းမူကား၊ ထိုစာသည် သင်တို့ကို ခဏသာဝမ်းနည်းစေသည်ကို ငါမြင်၏။
9သင်တို့ကို ဝမ်းနည်းစေသောကြောင့် ငါဝမ်းမြောက်သည် မဟုတ်။ ဝမ်းနည်းစေ၍ နောင်တရသောကြောင့် ငါဝမ်းမြောက်ခြင်းရှိ၏။ ငါတို့အားဖြင့် သင်တို့၏အကျိုး အလျှင်းမပျက်ရမည်အကြောင်း၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ ဝမ်းနည်းစေကြ၏။- 10အဘယ်သို့နည်း ဟူမူကား၊ ဘုရားသခင်၏ အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် ကယ်တင်ခြင်းနှင့်ယှဉ်သော နောင်တစိတ် တည်းဟူသော၊ မပြောင်းလဲနိုင်သော နောင်တစိတ်ကို ပြုပြင်တတ်၏။ လောကီ ဝမ်းနည်းခြင်းမူကား၊ သေခြင်းကိုပြုပြင်တတ်၏။- 11ဘုရားသခင်၏ အလိုတော်နှင့်ညီသော သင်တို့၏ဝမ်းနည်းခြင်းသည် သင်တို့၌ အဘယ်သို့သော သတိပြုခြင်း၊ ကိုယ်အပြစ်ကိုဖြေခြင်း၊ အမျက်ထွက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အလွန်တောင့်တခြင်း၊ ငါ၏အကျိုးအလိုငှာ စိတ်အားကြီးခြင်း၊ တရားသဖြင့် ဒဏ်စီရင်ခြင်းတို့ကို ပြုပြင်သည်ကို ကြည့်ရှုကြလော့။ သင်တို့သည် ဤအမှု၌ အပြစ်ကင်းသည်ကို အရာရာအားဖြင့် ထင်ရှားပြကြပြီ။- 12ထိုသို့နှင့်အညီ၊ ငါသည်သင်တို့အား ရေး၍ပေးလိုက်သောအခါ၊ ပြစ်မှားသောသူနှင့် ပြစ်မှားခြင်း ခံရသောသူကိုသာ ထောက်၍ ရေးသည်မဟုတ်။ သင်တို့အကျိုးကို ငါတို့သည် ဘုရားသခင့်ရှေ့တော်၌ ပြုစုချင်သော စေတနာစိတ်ရှိကြောင်းကို သင်တို့အား ထင်ရှားစေခြင်းငှာ ရေးသတည်း။- 13ထိုကြောင့် သင်တို့၏ သက်သာခြင်းအကြောင်းအားဖြင့်၊ ငါတို့သည်လည်း သက်သာခြင်းသို့ရောက်သည် သာမက၊ တိတု၏ ဝမ်းမြောက်ခြင်းအကြောင်းအားဖြင့် သာ၍ အလွန်ဝမ်းမြောက်ကြ၏။ သင်တို့ရှိသမျှသည် ထိုသူ၏စိတ်နှလုံးကို သက်သာဝမ်းမြောက်စေကြသည် ဖြစ်၍၊- 14အထက်က ငါသည် သင်တို့ကိုအကြောင်းပြု၍ ဝါကြွားသော စကားကို ထိုသူအားပြောပြီးလျှင်၊ ယခု ရှက်ကြောက်ခြင်းမရှိ။ ငါတို့သည် အရာရာ၌ သင်တို့အား ဟုတ်မှန်စွာပြောသည်နည်းတူ၊ တိတုရှေ့၌ ငါဝါကြွားသောစကားသည်လည်း မှန်သောစကားဖြစ်ကြောင်း ထင်ရှား၏။- 15သင်တို့သည် ကြောက်ရွံ့တုန်လှုပ်ခြင်းနှင့် သူ့ကိုလက်ခံ၍ နားထောင်ကြသည်ကို သူသည် အောက်မေ့သဖြင့်၊ သင်တို့ကို ချစ်သနားခြင်း မေတ္တာကရုဏာစိတ်နှင့် အလွန်ပြည့်စုံ၏။- 16ငါသည် အရာရာ၌ သင်တို့ကို ယုံနိုင်သောကြောင့် ဝမ်းမြောက်ခြင်းရှိ၏။
လက်ရှိရွေးချယ်ထားမှု
၂ ကောရိန္သု 7: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.