YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 34

34
ယု​ဒ​ဘု​ရင်​ယော​ရှိ
(၄​ရာ၊ ၂၂: ၁-၂)
1ယော​ရှိ​သည် အ​သက်​ရှစ်​နှစ်​ရှိ​သော် နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ သုံး​ဆယ်​တစ်​နှစ် စိုး​စံ​လေ၏။#ယေ၊ ၃:၆။ 2ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို​ပြု၍၊ လက်​ယာ​ဘက်​လက်​ဝဲ​ဘက်​သို့ မ​လွှဲ၊ အ​ဘ​ဒါ​ဝိဒ်​လိုက်​သော​လမ်း​သို့ လိုက်​လေ၏။
ယော​ရှိ​၏​ပြု​ပြင်​ပြောင်း​လဲ​ခြင်း
(၄​ရာ၊ ၂၃: ၄-၂၀)
3အ​သက်​တော်​ငယ်​စဉ်၊ နန်း​စံ​ရှစ်​နှစ်​တွင်၊ အ​ဘ​ဒါ​ဝိဒ်၏​ဘု​ရား​သ​ခင်​ကို ဆည်း​ကပ်​စ​ပြု၏။ တစ်​ဆယ်​နှစ်​နှစ်​တွင် ယု​ဒ​ပြည်၊ ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော​ကုန်း၊ အာ​ရှ​ရ​ပင်၊ ထု​သော​ရုပ်​တု၊ သွန်း​သော​ရုပ်​တု​တို့​ကို သုတ်​သင်​ပယ်​ရှင်း​စ ပြု၏။ 4ဗာ​လ​ဘု​ရား​တို့ ယဇ်​ပ​လ္လင်​များ​ကို ရှေ့​တော်၌​ဖြို​ချ၍၊ ယဇ်​ပ​လ္လင်​ပေါ်​တွင် အ​မြင့်​တင်​ထား​သော ရုပ်​တု​တို့​ကို ခုတ်​လှဲ​ကြ၏။ အာ​ရှ​ရ​ပင်​များ​နှင့် ထု​သော​ရုပ်​တု၊ သွန်း​သော​ရုပ်​တု​များ​ကို ချိုး​ဖဲ့၍ ညက်​ညက်​ချေ​ပြီး​လျှင်၊ ယဇ်​ပူ​ဇော်​သော​သူ​တို့၏ သင်္ချိုင်း​ပေါ်​မှာ ဖြန့်​ဖြူး​တော်​မူ၏။#၄​ရာ၊ ၂၁:၃။ ၆​ရာ၊ ၃၃:၃။ 5ယဇ်​ပု​ရော​ဟိတ်​တို့​အ​ရိုး​ကို ထို​ယဇ်​ပ​လ္လင်​တည်​ရာ​အ​ပေါ်​မှာ မီး​ရှို့၍၊ ယု​ဒ​ပြည်​နှင့် ယေ​ရု​ရှ​လင်​မြို့​ကို စင်​ကြယ်​စေ​တော်​မူ၏။#၃​ရာ၊ ၁၃:၂။ 6ထို​အ​တူ မ​နာ​ရှေ​ခ​ရိုင်၊ ဧ​ဖ​ရိမ်​ခ​ရိုင်၊ ရှိ​မောင်​ခ​ရိုင်၊ နဿ​လိ​ခ​ရိုင် တိုင်​အောင်၊ အ​ရပ်​ရပ်​မြို့​များ​တို့၌ ပေါက်​တူး​နှင့်​လုပ်​လျက်၊ 7ယဇ်​ပ​လ္လင်​တို့​နှင့် အာ​ရှ​ရ​ပင်​တို့​ကို ချိုး​ဖဲ့၍၊ ဣ​သ​ရေ​လ​ပြည် တစ်​လျှောက်​လုံး၌ ရှိ​သ​မျှ​သော​ရုပ်​တု ဆင်း​တု​တို့​ကို ခုတ်​လှဲ၍ ညက်​ညက်​ချေ​ပြီး​မှ ယေ​ရှ​ရု​လင်​မြို့​သို့ ပြန်​တော်​မူ၏။
ပ​ညတ္တိကျမ်း​ကို​တွေ့​ရှိ​ခြင်း
(၄​ရာ၊ ၂၂: ၃-၂၀)
8နန်း​စံ​ဆယ်​ရှစ်​နှစ်​တွင်၊ နိုင်​ငံ​တော်​နှင့် ဗိ​မာန်​တော်​ကို စင်​ကြယ်​စေ​ပြီး​မှ၊ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​ကို ပြု​ပြင်​လို​သော​ငှာ၊ အာ​ဇ​လိ၏​သား​ရှာ​ဖန်၊ မြို့​ဝန် မာ​သေ​ယ၊ ယော​ခတ်​သား အ​တွင်း​ဝန်​ယော​အာ​တို့​ကို စေ​လွှတ်​တော်​မူ၏။ 9ထို​သူ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​မင်း ဟိ​လ​ခိ​ထံ​သို့​သွား၍၊ ဗိ​မာန်​တော်​သို့ လူ​များ​ဆောင်​ခဲ့​သော​ငွေ၊ မ​နာ​ရှေ​အ​မျိုး​သား၊ ဧ​ဖ​ရိမ်​အ​မျိုး​သား၊ ကျန်​ကြွင်း​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​ရှိ​သ​မျှ၊ ယု​ဒ​အ​မျိုး​သား၊ ဗင်္ယာ​မိန်​အ​မျိုး​သား၊ ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား အ​ပေါင်း​တို့​လက်​မှ တံ​ခါး​စောင့် လေ​ဝိ​သား​တို့​ခံ​သော ငွေ​ကို​ယူ၍၊ 10ဗိ​မာန်​တော်​ကို ကြည့်​ရှု​ပြု​စု​သော​သူ​တို့၌ အပ်​သ​ဖြင့်၊ သူ​တို့​သည် ဗိ​မာန်​တော်​ကို ပြု​ပြင်​ခြင်း​ငှာ လုပ်​ဆောင်​သော​သူ၊ 11ဗိ​သု​ကာ​နှင့် လက်​သ​မား​လုပ်​သည်​အ​တွက်၊ ယု​ဒ​ရှင်​ဘု​ရင် ဖျက်​ဆီး​သော အ​ဆောင်​တို့​ကို ပြင်​စ​ရာ​ဖို့ ဆစ်​သော​ကျောက်​များ​နှင့် ထုပ်၊ လျောက်၊ ရ​နယ်​များ​ကို ဝယ်​သည်​အ​တွက် ပေး​ကြ၏။ 12လုပ်​ဆောင်​သူ​တို့​သည် သ​စ္စာ​စောင့်​ကြ၏။ လေ​ဝိ​အ​မျိုး၊ မေ​ရာ​ရိ​အ​နွယ်၊ ယာ​ဟတ်​နှင့် ဩ​ဗ​ဒိ၊ ကော​ဟတ်​အ​နွယ်၊ ဇာ​ခ​ရိ​နှင့် မေ​ရှု​လံ​အ​စ​ရှိ​သော တူ​ရိ​ယာ​မျိုး​ကို တီး​မှုတ်​လျက်၊ သီ​ချင်း​ဆို​တတ်​သော လေ​ဝိ​သား​အ​ပေါင်း​တို့​သည် ကြည့်​ရှု​နှိုး​ဆော်​ကြ၏။ 13ထို​သူ​တို့​သည် ဝန်​ထမ်း​သော​သူ​မှ​စ၍၊ အ​လုပ်​မျိုး​ကို လုပ်​ဆောင်​သော​သူ အ​ပေါင်း​တို့​ကို ကြည့်​ရှု​အုပ်​ချုပ်​ကြ၏။ လေ​ဝိ​သား​အ​ချို့​တို့​သည်​လည်း စာ​ရေး၊ တ​ရား​သူ​ကြီး၊ တံ​ခါး​စောင့်​လုပ်​ကြ၏။
14ဗိ​မာန်​တော်​သို့ ဆောင်​ခဲ့​သော​ငွေ​ကို​ထုတ်​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​ဟိ​လ​ခိ​သည် မော​ရှေ​ရေး​ထား​သော ထာ​ဝ​ရ​ဘု​ရား၏ ပ​ည​တ္တိ​ကျမ်း​စာ​စောင်​ကို တွေ့၍၊ 15တွေ့​ကြောင်း​ကို စာ​ရေး​တော်​ရှာ​ဖန်​အား​ပြော​လျက် ထို​ကျမ်း​စာ​ကို​အပ်​ပေး၏။ 16ရှာ​ဖန်​သည် ရှင်​ဘု​ရင်​ထံ​သို့ ယူ​သွား၍၊ ကိုယ်​တော်​ကျွန်​တို့​သည် မှာ​ထား​တော်​မူ​သ​မျှ​အ​တိုင်း ပြု​ကြ​ပါ၏။ 17ဗိ​မာန်​တော်၌ တွေ့​သော​ငွေ​ကို မှုတ်၍၊ အုပ်​ချုပ်​သော​သူ​နှင့် လုပ်​ဆောင်​သော​သူ​တို့၌ အပ်​ပါ​ပြီ​ဟူ၍​လည်း​ကောင်း၊ 18ယဇ်​ပု​ရော​ဟိတ်​ဟိ​လ​ခိ​သည် ကျွန်​တော်၌ စာ​စောင်​ကို အပ်​ပါ​ပြီ​ဟူ၍​လည်း​ကောင်း ကြား​လျှောက်​လျက်၊ ရှင်​ဘု​ရင်​ရှေ့​တော်၌ ဖတ်​ရွတ်​လေ၏။ 19ရှင်​ဘု​ရင်​သည် တ​ရား​စ​ကား​ကို​ကြား​လျှင်၊ မိ​မိ​အ​ဝတ်​ကို​ဆုတ်၍၊ 20ယဇ်​ပု​ရော​ဟိတ် ဟိ​လ​ခိ၊ ရှာ​ဖန်​သား အ​ဟိ​ကံ၊ မိ​က္ခာ​သား အာ​ဗ​ဒုန်၊ စာ​ရေး​တော်​ရှာ​ဖန်၊ မိ​မိ​ကျွန်​အာ​သာ​ယ​ကို ခေါ်၍၊ 21ယ​ခု​တွေ့​သော​ကျမ်း​စ​ကား​ကြောင့် ငါ့​အ​တွက် ဣ​သ​ရေ​လ​ပြည်​နှင့် ယု​ဒ​ပြည်၌ ကျန်​ကြွင်း​သေး​သော​သူ​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား၌ မေး​လျှောက်​ကြ​ပါ။ ဘိုး​ဘေး​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို နား​မ​ထောင်၊ ဤ​ကျမ်း​စာ၌​ရေး​ထား​သ​မျှ​အ​တိုင်း မ​ကျင့်​ဘဲ​နေ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၌​ပြင်း​စွာ အ​မျက်​ထွက်​တော်​မူ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ 22ထို​ကာ​လ​တွင်၊ ဟ​ရ​ဟတ်​သား​ဖြစ်​သော တိ​က​ဝ၏​သား အ​ချုပ်​ဝန် ရှ​လ္လုံ၏​မ​ယား၊ ပ​ရော​ဖက်​မ​ဟု​လ​ဒ​သည် ယေ​ရု​ရှ​လင်​မြို့၌ နေ​သည်​ဖြစ်၍၊ ဟိ​လ​ခိ​နှင့် ရှင်​ဘု​ရင်၏​လူ​တို့​သည် ထို​မိန်း​မ​ထံ​သို့​သွား၍ ပြော​ဆို​ကြ၏။ 23မိန်း​မ​က​လည်း၊ ငါ့​ထံ​သို့​စေ​လွှတ်​သော​သူ​ထံ​သို့ သင်​တို့​ပြန်၍ ဆင့်​ဆို​ရ​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ဟူ​မူ​ကား၊ 24ယု​ဒ​ရှင်​ဘု​ရင်​ရှေ့​မှာ ဖတ်​ရ​သော​ကျမ်း​စာ၌ ရေး​ထား​သ​မျှ​သော​အ​ကျိန်​စ​ကား ပြည့်​စုံ​စေ​ခြင်း​ငှာ၊ ငါ​သည် ဤ​အ​ရပ်၌​လည်း​ကောင်း၊ ဤ​အ​ရပ်​သား​တို့၌​လည်း​ကောင်း ဘေး​ရောက်​စေ​မည်။ 25အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ငါ့​ကို​စွန့်​ကြ​ပြီ။ မိ​မိ​လုပ်​သော အ​ရာ​တို့​ဖြင့် ငါ့​အ​မျက်​ကို​နှိုး​ဆော်​ခြင်း​ငှာ၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ရှေ့​မှာ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ​ပြီ။ ထို​ကြောင့် ဤ​အ​ရပ်၌ ငါ့​အ​မျက်​မီး​သည် မ​ငြိမ်း​ဘဲ​လောင်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ 26ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​စေ​ခြင်း​ငှာ၊ သင်​တို့​ကို​စေ​လွှတ်​သော ယု​ဒ​ရှင်​ဘု​ရင်​ကြား​သော ကျမ်း​စ​ကား​ကို ရည်​ဆောင်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ကြောင်း​ကို ထို​ရှင်​ဘု​ရင်​အား တစ်​ဖန်​ပြန်​လျှောက်​ရ​မည်​ကား၊ 27ဤ​အ​ရပ်​ကို​လည်း​ကောင်း၊ ဤ​အ​ရပ်​သား​တို့​ကို​လည်း​ကောင်း၊ ငါ​ခြိမ်း​ခြောက်​သော​စ​ကား​ကို သင်​သည်​ကြား​သော​အ​ခါ၊ နူး​ညံ့​သော​စိတ်​ရှိ၍၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ကိုယ်​ကို​နှိမ့်​ချ​ခြင်း၊ ကိုယ်​အ​ဝတ်​ကို​ဆုတ်​ခြင်း၊ ငါ့​ရှေ့​မှာ ငို​ကြွေး​ခြင်း​ကို ပြု​သော​ကြောင့်၊ သင့်​စ​ကား​ကို ငါ​နား​ထောင်၏။ 28ငါ​သည် သင့်​ကို ဘိုး​ဘေး​စု​ဝေး​ရာ​သို့ ပို့​ဆောင်၍၊ သင်​သည် ငြိမ်​ဝပ်​စွာ သင်္ချိုင်း​သို့ ရောက်​ရ​လိမ့်​မည်။ ဤ​အ​ရပ်၌​လည်း​ကောင်း၊ ဤ​အ​ရပ်​သား​တို့၌​လည်း​ကောင်း၊ ငါ​ရောက်​စေ​အံ့​သော​ဘေး​ကို သင့်​ကိုယ်​တိုင် မ​တွေ့​မ​မြင်​ရ​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​သည်​အ​တိုင်း၊ သူ​တို့​သည် ရှင်​ဘု​ရင်​အား ပြန်​လျှောက်​ကြ၏။
ရုပ်​တု​ကိုး​ကွယ်​မှု​ကို​ဖျက်​သိမ်း​ခြင်း
(၄​ရာ၊ ၂၃:၁-၂၀)
29ထို​အ​ခါ ရှင်​ဘု​ရင်​သည် ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​ကို ခေါ်၍၊ 30ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ လူ​အ​ကြီး​အ​ငယ် အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ဗိ​မာန်​တော်​သို့​တက်၍ ဗိ​မာန်​တော်၌​တွေ့​သော ပ​ဋိ​ညာဉ်​ကျမ်း​စာ​ရှိ​သ​မျှ​ကို သူ​တို့​ရှေ့​မှာ ဖတ်​တော်​မူ၏။ 31ရှင်​ဘု​ရင်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ကို ဆည်း​ကပ်​ပါ​မည်။ စီ​ရင်​ထုံး​ဖွဲ့​ချက်​ပ​ညတ်​တ​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ စောင့်​ရှောက်​ပါ​မည်။ ဤ​ကျမ်း​စာ၌​ပါ​သော ပ​ဋိ​ညာဉ်​စ​ကား​အ​တိုင်း ကျင့်​ပါ​မည်​ဟု မိ​မိ​နေ​ရာ၌​ရပ်၍ အ​ဓိ​ဋ္ဌာန်​ပြု၏။ 32စည်း​ဝေး​သော ယု​ဒ​အ​မျိုး​နှင့် ဗင်္ယာ​မိန်​အ​မျိုး​သား အ​ပေါင်း​တို့​သည်၊ ထို​အ​ဓိ​ဋ္ဌာန်​ကို​ဝန်​ခံ​ရ​မည်​အ​ကြောင်း စီ​ရင်​တော်​မူ၏။ ယေ​ရု​ရှ​လင်​မြို့​သား​တို့ သည်​လည်း၊ ဘိုး​ဘေး​တို့​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၏​ပ​ဋိ​ညာဉ်​တ​ရား​အ​တိုင်း ကျင့်​ကြ၏။ 33ယော​ရှိ​မင်း​သည်​လည်း၊ ရွံ​ရှာ​ဖွယ်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​ပိုင်​သော ပြည်​အ​ရပ်​ရပ်​တို့​မှ ပယ်​ရှား၍၊ ဣ​သ​ရေ​လ​ပြည်၌​နေ​သော​သူ အ​ပေါင်း​တို့​သည်၊ မိ​မိ​တို့ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ရ​မည်​အ​ကြောင်း၊ စီ​ရင်​တော်​မူ​သ​ဖြင့်၊ လက်​ထက်​တော်​ကာ​လ​ပတ်​လုံး သူ​တို့​သည် မ​ဖောက်​ပြန်၊ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား နောက်​တော်​သို့ လိုက်​လျက်​နေ​ကြ၏။

လက်ရှိရွေးချယ်ထားမှု

၂ ရာဇဝင်ချုပ် 34: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ