YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 32

32
သ​နာ​ခ​ရိပ်​တိုက်​ခိုက်​ခြင်း
(၄ ရာ၊ ၁၈:၁၃-၃၇၊ ဟေရှာ၊ ၃၆:၁-၂၂)
1ထို​အ​မှု​များ​တို့​ကို လက်​စ​သတ်​သည်​နောက်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင် သ​နာ​ခ​ရိပ်​သည်၊ ယု​ဒ​ပြည်​သို့​စစ်​ချီ၍ ခိုင်​ခံ့​သော​မြို့​တို့​ကို ဝိုင်း​ထား​လျက် တိုက်​ယူ​ခြင်း​ငှာ အား​ထုတ်​လေ၏။ 2ထို​သို့ သ​နာ​ခ​ရိပ်​သည်​လာ၍၊ ယေ​ရု​ရှ​လင်​မြို့​ကို တိုက်​မည့်​အ​ကြံ​ရှိ​ကြောင်း​ကို၊ ဟေ​ဇ​ကိ​သည်​သိ​မြင်​လျှင်၊ 3မြို့​ပြင်၌​ရှိ​သော စမ်း​ရေ​ကို​ဖြတ်​ခြင်း​ငှာ မှူး​မတ်၊ စစ်​သူ​ကြီး​တို့​နှင့် တိုင်​ပင်၍။ သူ​တို့​သည် ဝိုင်း​လုပ်​ကြ၏။ 4အာ​ရှု​ရိ​ရှင်​ဘု​ရင်​တို့​သည်​လာ၍၊ များ​စွာ​သော​ရေ​ကို အ​ဘယ်​ကြောင့်​တွေ့​ရ​မည်​နည်း​ဟု လူ​များ​တို့​သည်​ဆို​လျက်၊ စု​ဝေး၍ စမ်း​ရေ​တွင်း​ရှိ​သ​မျှ​ကို ပိတ်​ကြ၏။ ပြည်​အ​လယ်၌ စီး​သော​ချောင်း​ရေ​ကို​လည်း ဖြတ်​ကြ၏။ 5ဟေ​ဇ​ကိ​သည်​လည်း ကိုယ်​ကို ခိုင်​ခံ့​စေ၏။ ပြို​သော​မြို့​ရိုး​ရှိ​သ​မျှ​ကို ပြု​ပြင်၍၊ ရဲ​တိုက်​တို့​နှင့် တ​ညီ​တည်း​တည်၏။ ပြင်​မြို့​ရိုး​ကို​လည်း တည်၏။ ဒါ​ဝိဒ်​မြို့၌ မိ​လ္လော​ရဲ​တိုက်​ကို​လည်း ပြု​ပြင်၍၊ များ​စွာ​သော လှံ​လက်​နက်​ဒိုင်း လွှား​တို့​ကို​လည်း လုပ်​လေ၏။ 6လူ​များ​တို့​တွင် တပ်​မှူး​တို့​ကို​ခန့်​ထား၍၊ မြို့​လမ်း​မ၌ စု​ဝေး​စေ​သ​ဖြင့်၊ အား​ပေး​သော​စ​ကား​ကို ပြော​လျက်၊ 7ခွန်​အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​ကြ​လော့။ အာ​ရှု​ရိ ရှင်​ဘု​ရင်​နှင့် သူ၌​ပါ​သော​အ​လုံး​အ​ရင်း အ​ပေါင်း​တို့ ကြောင့် မ​ကြောက်​ကြ​နှင့်။ စိတ်​မ​ပျက်​ကြ​နှင့်။ ငါ​တို့​ဘက်၌​နေ​သော သူ​တို့​သည်၊ သူ့​ဘက်၌ နေ​သော​သူ​တို့​ထက်​သာ၍ များ​ကြ၏။ 8သူ့​ဘက်၌ လူ​လက်​ရုံး​ရှိ၏။ ငါ​တို့​ဘက်၌ ထောက်​မ၍၊ စစ်​ကူ​တော်​မူ​သော ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှိ​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။ လူ​များ​တို့​သည် ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ဇ​ကိ၏​စ​ကား​ကို ကိုး​စား​ကြ၏။
9ထို​နောက် အာ​ရှု​ရိ​ရှင်​ဘု​ရင်​သ​နာ​ခ​ရိပ်​သည် ဗိုလ်​ခြေ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ လာ​ခိ​ရှ​မြို့​ကို​ဝိုင်း​ထား​စဉ်​တွင်၊ မိ​မိ​ကျွန်​အ​ချို့​ကို ယေ​ရု​ရှ​လင်​မြို့၊ ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ဇ​ကိ​ထံ​သို့​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​ရှိ​ရာ​သို့​လည်း​ကောင်း စေ​လွှတ်၍၊ 10အာ​ရှု​ရိ​ရှင်​ဘု​ရင်​သ​နာ​ခ​ရိပ် မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ ဝိုင်း​ထား​ခြင်း​ကို ခံ​ခြင်း​ငှာ၊ အ​ဘယ်​သို့​ခို​လှုံ​ကြ​သ​နည်း။ 11ဟေ​ဇ​ကိ​က၊ ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို အာ​ရှု​ရိ​ရှင်​ဘု​ရင်​လက်​မှ ကယ်​လွှတ်​တော်​မူ​မည်​ဟု​ဆို​လျက်၊ မွတ်​သိပ်​ခြင်း၊ ရေ​ငတ်​ခြင်း​အား​ဖြင့် အ​သေ​ခံ​ရ​သည်​တိုင်​အောင်၊ ကိုယ်​ကို​စွန့်​ပစ်​စေ​ခြင်း​ငှာ၊ သင်​တို့​ကို ဖြား​ယောင်း​သည်​မ​ဟုတ်​လော။ 12ထို​ဟေ​ဇ​ကိ​သည် ထာ​ဝ​ရ​ဘု​ရား၏ မြင့်​သော​အ​ရပ်​ဌာ​န​နှင့် ယဇ်​ပ​လ္လင်​တို့​ကို ပယ်၍၊ သင်​တို့​သည် တစ်​ခု​တည်း​သော ယဇ်​ပ​လ္လင် ရှေ့​မှာ ကိုး​ကွယ်​ရ​မည်။ ထို​ယဇ်​ပ​လ္လင်​ပေါ်​မှာ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ရ​မည်​ဟု ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို မိန့်​တော်​မူ​ပြီ​မ​ဟုတ်​လော။ 13ငါ​နှင့် ငါ့​ဘိုး​ဘေး​တို့​သည် အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့၌ အ​ဘယ်​သို့​ပြု​သည်​ကို သင်​တို့​မ​သိ​ကြ​သ​လော။ အ​တိုင်း​တိုင်း​အ​ပြည်​ပြည် ဘု​ရား​တို့​သည် မိ​မိ​တို့​ပြည်​များ​ကို ငါ့​လက်​မှ ကယ်​လွှတ်​ခြင်း​ငှာ တတ်​စွမ်း​နိုင်​သ​လော။ 14ငါ့​ဘိုး​ဘေး​အ​ကုန်​အ​စင်​ဖျက်​ဆီး​သော တိုင်း​နိုင်​ငံ​တို့၏ ဘု​ရား​တို့​တွင်၊ အ​ဘယ်​မည်​သော​ဘု​ရား​သည် မိ​မိ​ပြည်​ကို ငါ့​လက်​မှ ကယ်​လွှတ်​ဖူး​သ​နည်း။ သင်​တို့၏​ဘု​ရား​သည် သင်​တို့​ကို​ငါ့​လက်​မှ အ​ဘယ်​သို့​ကယ်​လွှတ်​မည်​နည်း။ 15သို့​ဖြစ်၍၊ ဟေ​ဇ​ကိ​သည် သင်​တို့​ကို​မ​လှည့်​စား​စေ​နှင့်။ ထို​သို့ မ​ဖြား​ယောင်း​စေ​နှင့်။ သူ့​စ​ကား​ကို မ​ယုံ​ကြ​နှင့်။ အ​ခြား​သော တိုင်း​နိုင်​ငံ၌ ကိုး​ကွယ်​သော​ဘု​ရား​မည်​မျှ​သည်၊ မိ​မိ​ပြည်​ကို​ငါ့​လက်​မှ​လည်း​ကောင်း၊ ငါ့​ဘိုး​ဘေး​လက်​မှ​လည်း​ကောင်း မ​ကယ်​မ​လွှတ်​နိုင်။ ထို​မျှ​မ​က၊ သင်​တို့၏​ဘု​ရား​သည် သင်​တို့​ကို ငါ့​လက်​မှ မ​ကယ်​မ​လွှတ်​နိုင်​ဟု မှာ​လိုက်​လေ၏။ 16သူ့​ကျွန်​တို့​သည် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​တစ်​ဖက်၊ ဘု​ရား​သ​ခင်၏​ကျွန်​ဟေ​ဇ​ကိ​တစ်​ဖက်၌ သာ၍ ပြော​ဆို​ကြ၏။ 17ထို​မှ​တစ်​ပါး အ​ခြား​သော​တိုင်း​နိုင်​ငံ​ဘု​ရား​တို့​သည်၊ မိ​မိ​လူ​များ​ကို ငါ့​လက်​မှ မ​ကယ်​မ​လွှတ်​နိုင်​သည် နည်း​တူ၊ ဟေ​ဇ​ကိ​ကိုး​ကွယ်​သော ဘု​ရား​သည်၊ သူ၏​လူ​များ​ကို ငါ့​လက်​မှ မ​ကယ်​မ​လွှတ်​ရ​ဟု​ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကဲ့​ရဲ့​ပြစ်​တင်​သော​စာ​ကို​ရေး၍ ပေး​လိုက်​သေး၏။ 18တစ်​ဖန်​မြို့​ရိုး​ပေါ်​မှာ​ရှိ​သော ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို ခြိမ်း​ခြောက်​နှောင့်​ယှက်၍၊ မြို့​ကို​တိုက်​ယူ​နိုင်​အောင်၊ ယု​ဒ​ဘာ​သာ​စ​ကား​အား​ဖြင့် ကျယ်​သော အ​သံ​နှင့် ကြွေး​ကြော်​ကြ၏။ 19လူ​တို့​လက်​ဖြင့် လုပ်​သော​ဘု​ရား၊ မြေ​ကြီး​သား​များ ကိုး​ကွယ်​သော ဘု​ရား​တို့​နှင့် ယေ​ရု​ရှ​လင်​မြို့​ဘု​ရား​သ​ခင်​ကို ရော၍ ကဲ့​ရဲ့​ကြ၏။
20ထို​အ​ကြောင်း​ကြောင့်၊ ဟေ​ဇ​ကိ​မင်း​ကြီး​နှင့် အာ​မုတ်​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည်​ဆု​တောင်း၍၊ ကောင်း​ကင်​ဘုံ​သို့ ဟစ်​ခေါ်​သ​ဖြင့်၊ 21ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ​သော ကောင်း​ကင်​တ​မန်​သည်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​တပ်၌ ခွန်​အား​ကြီး​သော​သူ​ရဲ​များ၊ တပ်​မှူး၊ စစ်​ကဲ​များ​အ​ပေါင်း​တို့​ကို သုတ်​သင်​ပယ်​ရှင်း​လေ၏။ ရှင်​ဘု​ရင်​သည် မျက်​နှာ​ပျက်​လျက်၊ မိ​မိ​ပြည်​သို့​ပြန်​သွား၏။ မိ​မိ​ဘု​ရား၏​ဗိ​မာန်​သို့​ရောက်​သော​အ​ခါ၊ မိ​မိ​သား​ရင်း​တို့​သည် ဓား​နှင့်​သတ်​ကြ၏။ 22ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည် ဟေ​ဇ​ကိ​နှင့် ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​လက်​မှ​လည်း​ကောင်း၊ အ​ခြား​သော​ရန်​သူ​လက်​မှ​လည်း​ကောင်း ကယ်​လွှတ်၍၊ အ​ရပ်​ရပ်၌ စောင့်​မ​တော်​မူ၏။ 23အ​များ​သော​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊ ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ဇ​ကိ​ထံ​သို့ လက်​ဆောင်​ပ​ဏ္ဏာ​ကို​လည်း​ကောင်း ဆောင်​ခဲ့​ကြ​သ​ဖြင့်၊ ဟေ​ဇ​ကိ​သည် ထို​ကာ​လ​မှ​စ၍ ခပ်​သိမ်း​သော​လူ​မျိုး ရှေ့​မှာ​ဘုန်း​ကြီး​တော်​မူ၏။
ဟေ​ဇ​ကိ​ဖျား​နာ​ခြင်း
(၄ ရာ၊ ၂၀:၁-၁၁၊ ဟေရှာ၊ ၃၈:၁-၂၂)
24ထို​ကာ​လ​အ​ခါ ဟေ​ဇ​ကိ​မင်း​သည် သေ​နာ​စွဲ၍ ထာ​ဝ​ရ​ဘု​ရား​အား ဆု​တောင်း​သ​ဖြင့်၊ ဗျာ​ဒိတ်​တော်​နှင့် ထူး​ဆန်း​သော​တန်​ခိုး​တော်​ကို ခံ​ရ၏။ 25သို့​ရာ​တွင် ဟေ​ဇ​ကိ​သည် မိ​မိ​ခံ​ရ​သော​ကျေး​ဇူး​တော်​နှင့် အ​ထိုက်​အ​လျောက်​မ​ကျင့်၊ ထောင်​လွှား​သော​စိတ်​ရှိ၏။ ထို​ကြောင့် သူ၌​လည်း​ကောင်း၊ ယု​ဒ​ပြည်​နှင့် ယေ​ရု​ရှ​လင်​မြို့၌​လည်း​ကောင်း၊ အ​မျက်​တော်​ထွက်​လေ၏။ 26သို့​ရာ​တွင် ဟေ​ဇ​ကိ​သည် မိ​မိ​စိတ်​ထောင်​လွှား​သော အ​ပြစ်​ကြောင့်၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​နှင့်​တ​ကွ ကိုယ်​တိုင်​ကိုယ်​ကို နှိမ့်​ချ​သော​ကြောင့်၊ လက်​ထက်​တော်​ကာ​လ​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​မ​သက်​ရောက်။
ဟေ​ဇ​ကိ​၏​ကြွယ်​ဝ​ခြင်း​နှ​င့်​ဂုဏ်​အ​သ​ရေ
(၄ ရာ၊ ၂၀:၁၂-၁၉၊ ဟေရှာ၊ ၃၉:၁-၈)
27ဟေ​ဇ​ကိ​သည် များ​စွာ​သော စည်း​စိမ်​ဥ​စ္စာ ဂုဏ်​အ​သ​ရေ​ရှိ၏။ ရွှေ၊ ငွေ၊ ကျောက်​မြတ်၊ နံ့​သာ​မျိုး၊ ဒိုင်း​လွှား၊ နှ​မြော​ဖွယ်​သော တန်​ဆာ သို​ထား​ရာ​ဘ​ဏ္ဍာ​တိုက်​များ​ကို တည်​လေ၏။ 28စ​ပါး​ကျီ​များ၊ ဆီ၊ စ​ပျစ်​ရည်​သို​ထား​ရာ တိုက်​များ၊ တိ​ရ​စ္ဆာန်​မျိုး တင်း​ကုပ်​များ၊ သိုး​ခြံ​များ​ကို​လည်း လုပ်​လေ၏။ 29ကိုယ်​အ​ဖို့ မြို့​တို့​ကို​တည်၍၊ များ​စွာ​သော သိုး​နွား​တို့​ကို​လည်း ဆည်း​ပူး​လေ၏။ ဘု​ရား​သ​ခင်​သည် များ​စွာ​သော​ဥ​စ္စာ​ကို ပေး​သ​နား​တော်​မူ၏။ 30ထို​မှ​တစ်​ပါး၊ ဟေ​ဇ​ကိ​သည် ဂိ​ဟုန်​အ​ထက်​ချောင်း​ရေ​ကို ပိတ်၍၊ ဒါ​ဝိဒ်​မြို့​အ​နောက်​သို့ တည့်​တည့် စီး​စေ၏။ ထို​သို့ ဟေ​ဇ​ကိ​သည် ပြု​လေ​ရာ​ရာ၌ အ​ကြံ​ထ​မြောက်၏။
31သို့​ရာ​တွင်၊ နိုင်​ငံ​တော်၌ ဖြစ်​သော​အံ့​ဖွယ်​သော​အ​မှု​ကို မေး​မြန်း​စေ​ခြင်း​ငှာ၊ ဗာ​ဗု​လုန်​မင်း​တို့​သည် သံ​တ​မန်​ကို စေ​လွှတ်​သော​အ​မှု​မှာ၊ ဟေ​ဇ​ကိ​မင်း၏​သ​ဘော​ကို အ​ကုန်​အ​စင်​သိ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် စုံ​စမ်း၍​အ​လွတ်​ထား​တော်​မူ၏။
ဟေ​ဇ​ကိ​၏​နန်း​သက်​ကုန်​ဆုံး​ခြင်း
( ၄​ရာ၊ ၂၀:၂၀-၂၁)
32ဟေ​ဇ​ကိ​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​နှင့် ကျေး​ဇူး​ပြု​ခြင်း​အ​ရာ​သည် အာ​မုတ်​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ၏ ရူ​ပါ​ရုံ​ကျမ်း၊ ယု​ဒ​ရာ​ဇ​ဝင်၊ ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ 33ဟေ​ဇ​ကိ​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ ဒါ​ဝိဒ်၏​သား​တော် မြေး​တော်​တို့ သင်္ချိုင်း​တွင် အ​မြတ်​ဆုံး​သော​သင်္ချိုင်း၌ သင်္ဂြိုဟ်​ခြင်း​ကို ပြု​လေ၏။ ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​အ​ပေါင်း​တို့​သည်၊ ဟေ​ဇ​ကိ အ​နိ​စ္စ​ရောက်​သော​အ​ခါ၊ ဂုဏ်​အ​သ​ရေ​တော်​ကို ချီး​မြှောက်​ကြ၏။ သား​တော်​မ​နာ​ရှေ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

လက်ရှိရွေးချယ်ထားမှု

၂ ရာဇဝင်ချုပ် 32: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ