၁ တိမောသေ 5
5
ယုံကြည်သူတို့အတွက်တာဝန်
1အသက်ကြီးသောသူကို ကျပ်တည်းစွာ မဆုံးမနှင့်။ အဘကဲ့သို့ မှတ်၍ တောင်းပန်လော့။ လူပျိုတို့ကို ညီအစ်ကိုကဲ့သို့လည်းကောင်း၊- 2အသက်ကြီးသောမိန်းမတို့ကို အမိကဲ့သို့လည်းကောင်း၊ မိန်းမပျိုတို့ကို အလွန်စင်ကြယ်သော အခြင်းအရာနှင့်တကွ၊ နှမကဲ့သို့လည်းကောင်း မှတ်၍ ကျင့်လော့။- 3မုဆိုးမအမှန်ဖြစ်သော မိန်းမတို့ကို မစလုပ်ကျွေးလော့။- 4သားမြေးရှိသော မုဆိုးမဖြစ်လျှင်၊ ထိုသားမြေးတို့သည် ရှေ့ဦးစွာ ဘုရားဝတ်ကို ရည်မှတ်လျက်၊ မိမိအိမ်ကို ပြုစု၍ မိဘဘိုးဘွား၌ ကျေးဇူးဆပ်ခြင်းငှာ သင်ကြစေ။ ထိုအမှုသည် ဘုရားသခင်နှစ်သက်တော်မူသောအမှုဖြစ်၏။- 5မုဆိုးမအမှန်ဖြစ်၍ တစ်ယောက်တည်းကျန်ရစ်သော မိန်းမသည်၊ ဘုရားသခင်ကို ကိုးစား၍ ဆုတောင်း ပတ္ထနာပြုခြင်း၌ နေ့ညမပြတ် တည်နေတတ်၏။- 6ကာမဂုဏ်စည်းစိမ်၌ပျော်မွေ့သော မုဆိုးမမူကား၊ အသက်ရှိလျက်ပင် အသေဖြစ်၏။- 7ထိုသူတို့ကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှာ ဤသို့ ပညတ်ထားလော့။- 8မိမိလူတို့ကိုမပြုစု၊ ထိုမျှမက၊ မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား၊ ယုံကြည်ခြင်းတရားကို ငြင်းပယ်၏။ မယုံကြည်ဖူးသောသူထက် သာ၍ ယုတ်မာ၏။
9မုဆိုးမသည် အသက်ခြောက်ဆယ်မပြည့်လျှင်၊ စာရင်းအင်း မဝင်စေနှင့်။ လင်တစ်ယောက်တည်း ရှိဖူးသောသူ၊- 10ကောင်းသောအကျင့်ကိုကျင့်၍ အသရေရှိသောသူ၊ သူငယ်တို့ကို ကျွေးမွေးခြင်း၊ ဧည့်သည်ဝတ်ပြုခြင်း၊ သန့်ရှင်းသူတို့၏ခြေကိုဆေးခြင်း၊ ဆင်းရဲသောသူတို့ကို လုပ်ကျွေးခြင်း၊ ကောင်းသောအမှုရှိသမျှတို့၌ ကြိုးစား အားထုတ်ခြင်းကို ပြုဖူးသောသူဖြစ်လျှင်၊ စာရင်းအင်း ဝင်စေ။- 11အသက်အရွယ်နုပျိုသော မုဆိုးမတို့ကို ပယ်လော့။ အကြောင်းမူကား၊ ထိုသူတို့သည် ခရစ်တော်၏ ဆုံးမခြင်းကို သည်းမခံ။ အိမ်သင့်ခြင်းငှာ အလိုရှိလျှင်၊- 12အရင်သစ္စာကို ဖျက်သောကြောင့် အပြစ်သင့်ခြင်းသို့ ရောက်ကြလိမ့်မည်။- 13ထိုမှတစ်ပါး၊ တစ်အိမ်မှတစ်အိမ်သို့ လည်၍ ပျင်းရိတတ်ကြ၏။ ပျင်းရိသည်သာမက၊ စကားများ၍ မပြောအပ်သောအရာကို ပြောသဖြင့်၊ ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှောသောသူ ဖြစ်တတ်ကြ၏။- 14ထိုကြောင့်၊ အသက်အရွယ်နုပျိုသော မုဆိုးမတို့သည် အိမ်သင့်ခြင်း၊ သားဖွားခြင်း၊ အိမ်မှုကို ကြည့်ရှုပြုစုခြင်း၊ ကဲ့ရဲ့စရာအခွင့်ကို ရန်သူအား မပေးဘဲနေခြင်း အမှုများကို ပြုစေခြင်းငှာ ငါအလိုရှိ၏။- 15အကြောင်းမူကား၊ ယခုပင်အချို့တို့သည် လမ်းလွဲ၍ စာတန်နောက်သို့ လိုက်သွားကြပြီ။- 16ယုံကြည်သော ယောက်ျားမိန်းမ၌ မုဆိုးမရှိလျှင်၊ ကိုယ်တိုင်လုပ်ကျွေးစေ။ သို့ပြုလျှင်၊ အမှန်ဖြစ်သော မုဆိုးမတို့ကို အသင်းတော်သည် အနှောင့်အယှက်မရှိစေဘဲ လုပ်ကျွေးနိုင်လိမ့်မည်။
17ကောင်းမွန်စွာအုပ်သော သင်းအုပ်တို့သည် အလှူနှစ်ဆကို ခံထိုက်သောသူဖြစ်သည် ဟူ၍လည်းကောင်း၊ တရားဟောခြင်း၊ ဆုံးမဩဝါဒပေးခြင်းအမှုကို ကြိုးစားအားထုတ်သောသူတို့သည်၊ အလှူနှစ်ဆကို အထူးသဖြင့် ခံထိုက်သောသူဖြစ်သည် ဟူ၍လည်းကောင်း မှတ်ရမည်။- 18အကြောင်းမူကား၊ စပါးနင်းနယ်သောနွား၏နှုတ်ကို မချုပ်တည်းရဟု ကျမ်းစာလာ၏။ တစ်ချက်ကား၊ လုပ်ဆောင်သောသူသည် အခကို ခံထိုက်ပေးသည်ဟု လာပြန်၏။- 19သက်သေခံနှစ်ဦးသုံးဦး မရှိလျှင်၊ သင်းအုပ်၌ အပြစ်တင်သော စကားကို နားမထောင်နှင့်။- 20ကြွင်းသောသူတို့သည် ကြောက်စေခြင်းငှာ အပြစ်ရှိသော သူတို့ကို လူအပေါင်းတို့ရှေ့မှာ အပြစ်တင်၍ ဆုံးမလော့။- 21ရှေ့မဆွကမစီရင်၊ ငဲ့ကွက်သောစိတ်နှင့် အလျှင်းမပြုဘဲ၊ ဤပညတ်များကို စောင့်ရှောက်မည်အကြောင်း၊ ဘုရားသခင်နှင့် သခင်ယေရှုခရစ်ရှေ့မှာလည်းကောင်း၊ ရွေးကောက်တော်မူသော ကောင်းကင်တမန်တို့ ရှေ့မှာလည်းကောင်း၊ ငါသည် သင့်ကို သစ္စာပေး၏။
22အဘယ်သူ၏အပေါ်၌ လက်ကို အလျင်တဆောမတင်နှင့်။ သူတစ်ပါးအပြစ်၌ မဆက်ဆံနှင့်။ ကိုယ်ကိုကိုယ် စင်ကြယ်စေလော့။- 23သင်၏ရင်ထဲ၌ အကျိုးဖြစ်စေခြင်းငှာလည်းကောင်း၊ မကြာမကြာခံရသော ရောဂါကြောင့်လည်းကောင်း၊ ယခုမှစ၍ ရေကိုသာ မသောက်ဘဲ၊ စပျစ်ရည်အနည်းငယ်ကို သုံးလော့။- 24အချို့သောသူတို့၏ ဒုစရိုက်သည် ရှေ့မဆွကထင်ရှား၍၊ အပြစ်စီရင်ခြင်းသို့ အရင်အဦးသွားတတ်၏။ အချို့သောသူတို့၏ ဒုစရိုက်သည် နောက်သို့လိုက်တတ်၏။- 25ထိုနည်းတူ၊ အချို့သောသူတို့၏ သုစရိုက်သည် ထင်ရှားနှင့်တတ်၏။ မထင်ရှားသေးသော သုစရိုက်ကိုလည်း ဝှက်၍မထားနိုင်။
လက်ရှိရွေးချယ်ထားမှု
၁ တိမောသေ 5: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.