ရှမွေလသည် အသက်ကြီးသောအခါ၊ မိမိသားတို့ကို ဣသရေလအမျိုး၌ အုပ်စိုးရသောအခွင့်နှင့် ခန့်ထား၏။ သားဦးအမည်ကား ယောလ၊ ဒုတိယသားအမည်ကား အဘိရတည်း။ ထိုသူတို့သည် ဗေရရှေဗမြို့၌ တရားသူကြီးလုပ်ကြ၏။ သို့ရာတွင် အဘလမ်းသို့မလိုက်။ ငွေကိုတပ်မက်သောစိတ်နှင့် လွဲသွား၍ တံစိုးစားလျက် တရားကိုဖျက်ကြ၏။ ထိုအခါ ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့သည် စည်းဝေး၍၊ ရှမွေလရှိရာအရပ် ရာမမြို့သို့လာပြီးလျှင်၊ ကိုယ်တော်သည် အသက်ကြီးပါ၏။ ကိုယ်တော်၏သားတို့သည် ကိုယ်တော်လမ်းသို့ မလိုက်ကြပါ။ လူမျိုးအပေါင်းတို့၏ ထုံးစံရှိသည်အတိုင်း အကျွန်ုပ်တို့ကို အုပ်စိုးရသောရှင်ဘုရင်ကို ချီးမြှောက်ပါလော့ဟု လျှောက်ကြ၏။ ထိုသို့ အကျွန်ုပ်တို့ကို အုပ်စိုးရသော ရှင်ဘုရင်ကို ပေးပါလော့ဟု လျှောက်သောအမှုကို ရှမွေလသည် မနှစ်သက်သောကြောင့် ထာဝရဘုရားအားဆုတောင်းလေ၏။ ထာဝရဘုရားကလည်း၊ သင့်အား လူများတို့ပြောဆိုသမျှသော စကားကို နားထောင်လော့။ သူတို့သည် သင့်ကိုသာမပယ်၊ ငါသည် သူတို့ကိုမအုပ်စိုးစေခြင်းငှာ ငါ့ကိုလည်းပယ်ကြပြီ။ သူတို့ကို အဲဂုတ္တုပြည်မှ ငါဆောင်ခဲ့သောနေ့မှစ၍ ယနေ့တိုင်အောင် ငါ့ကိုစွန့်၍ အခြားတစ်ပါးသော ဘုရားတို့ကို ဝတ်ပြုသဖြင့် ကျင့်မိသမျှသော အကျင့်အတိုင်း သင်၌လည်းပြုကြ၏။ ယခုမှာ သူတို့စကားကို နားထောင်လော့။ သို့ရာတွင် သတိပေး၍ သူတို့ကိုအုပ်စိုးသော ရှင်ဘုရင်၏ထုံးစံကို ပြလော့ဟု မိန့်တော်မူ၏။ ရှမွေလသည်လည်း၊ ရှင်ဘုရင်ကို တောင်းသောသူတို့အား ထာဝရဘုရား အမိန့်တော်ရှိသမျှကို ပြန်ပြော၍၊ သင်တို့ကို အုပ်စိုးသော ရှင်ဘုရင်၏ထုံးစံဟူမူကား၊ သင်တို့သားများကိုယူ၍ မိမိရထားထိန်း၊ မြင်းထိန်းအရာ၌ ခန့်ထား၍၊ အချို့တို့သည်လည်း သူ၏ရထားရှေ့မှာ ပြေးရကြမည်။ လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်အရာ၌ ခန့်ထား၍၊ လယ်လုပ်ခြင်း၊ စပါးရိတ်ခြင်း၊ စစ်တိုက်တန်ဆာ၊ ရထားတန်ဆာကိုလုပ်ခြင်းအမှုများကို ဝေဖန်လိမ့်မည်။ သင်တို့သမီးများကိုလည်း ယူ၍၊ ခဲဖွယ်စားဖွယ်တို့ကို ပြင်ဆင်စေခြင်းငှာလည်းကောင်း၊ စားတော်ကဲ၊ မုန့်သည် ဖြစ်စေခြင်းငှာလည်းကောင်း ခန့်ထားလိမ့်မည်။ သင်တို့လယ်ကွက်၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ် အကောင်းဆုံးတို့ကိုယူ၍ မိမိကျွန်တို့အား ပေးလိမ့်မည်။ သင်တို့မျိုးစေ့ စပျစ်သီး ဆယ်ဖို့တစ်ဖို့ကိုယူ၍ သူ၏အရာရှိ အမှုထမ်းတို့အား ပေးလိမ့်မည်။ သင်တို့ကျွန်၊ ကျွန်မ၊ အကောင်းဆုံးသော လုလင်၊ မြည်းများကိုယူ၍ သူ၏အမှုကို လုပ်ကိုင်စေလိမ့်မည်။ သင်တို့သိုးစု ဆယ်ဖို့တစ်ဖို့ကိုလည်းယူ၍ သင်တို့သည် သူ၏ကျွန်ခံရကြမည်။ သင်တို့ရွေးယူသော ရှင်ဘုရင်ကြောင့်၊ ထိုနေ့၌ သင်တို့ အော်ဟစ်သော်လည်း၊ ထာဝရဘုရားသည် နားထောင်တော်မမူဟု သတိပေးလေ၏။ သို့သော်လည်း လူများတို့က၊ မဟုတ်ပါ။ အုပ်စိုးသော ရှင်ဘုရင်ကို လိုချင်ပါ၏။
၁ ဓမ္မရာဇဝင် 8 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ ဓမ္မရာဇဝင် 8:1-19
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို