ထိုကာလ၌ ရှမွေလမရှိ၊ သေလွန်ပြီ။ ဣသရေလအမျိုးသားအပေါင်းတို့သည် ငိုကြွေးမြည်တမ်းခြင်းကို ပြုလျက်၊ သူ့ကို သူနေရင်းရာမမြို့၌ သင်္ဂြိုဟ်ကြပြီ။ ရှောလုသည် စုန်းနှင့် နတ်ဝင်အပေါင်းတို့ကို တစ်ပြည်လုံးတွင် သုတ်သင်ပယ်ရှင်းနှင့်ပြီ။ ထိုအခါ ဖိလိတ္တိလူတို့သည် စုဝေး၍ ရှုနင်မြို့မှာ တပ်ချကြ၏။ ရှောလုသည်လည်း ဣသရေလအမျိုးသားအပေါင်းတို့ကို စုဝေးစေ၍ သူတို့သည် ဂိလဗောမြို့မှာ တပ်ချကြ၏။ ရှောလုသည် ဖိလိတ္တိလူအလုံးအရင်းကိုမြင်သောအခါ ကြောက်၍ အလွန်တုန်လှုပ်သော စိတ်နှလုံးရှိ၏။ ထာဝရဘုရားကို မေးလျှောက်သော်လည်း ထာဝရဘုရားသည် ထူးတော်မမူ။ အိပ်မက်အားဖြင့်လည်းကောင်း၊ ဥရိမ်အားဖြင့်လည်းကောင်း၊ ပရောဖက်အားဖြင့်လည်းကောင်း ထူးတော်မမူ။ ထိုအခါ ရှောလုက၊ နတ်ဝင်မိန်းမကို ရှာကြလော့။ ငါသွား၍မေးမြန်းမည်ဟု ကျွန်တို့အား ဆိုသည်အတိုင်း၊ ကျွန်တို့က အင်္ဒေါရမြို့မှာ နတ်ဝင်မိန်းမတစ်ယောက်ရှိပါ၏ဟု လျှောက်သော်၊ ရှောလုသည် အဝတ်လဲ၍ ထူးခြားသော အယောင်ကိုဆောင်လျက်၊ ညအခါ လူနှစ်ယောက်နှင့်တကွ ထိုမိန်းမဆီသို့သွား၍ ရောက်ပြီးလျှင်၊ သင်ပေါင်းသောနတ်ကိုအမှီပြု၍ သင့်အားငါပြောမည့်သူကို ဖော်ပါလော့ဟု တောင်းပန်လေ၏။ မိန်းမကလည်း၊ ရှောလုပြုသောအမှု၊ စုန်းနှင့်နတ်ဝင်တို့ကို တစ်ပြည်လုံးတွင် သုတ်သင်ဖယ်ရှင်းသော အမှုကို သင်သည်သိလျက်နှင့် ငါ့ကိုသေစေခြင်းငှာ အဘယ်ကြောင့် ငါ့အသက်ကို ကျော့စမ်းသနည်းဟု ပြန်ပြောသော်၊ ရှောလုက၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ဤအမှုကြောင့် အဘယ်အပြစ်မျှ မရောက်ရဟု ထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုလေ၏။ မိန်းမကလည်း၊ အဘယ်သူကို ငါဖော်ရမည်နည်းဟု မေးလျှင်၊ ရှောလုက၊ ရှမွေလကိုဖော်ပါဟု ဆို၏။
၁ ဓမ္မရာဇဝင် 28 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ ဓမ္မရာဇဝင် 28:3-11
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို