တစ်ဖန် ဟန္နသည် ပတ္ထနာစကားကို မြွက်ဆိုသည်ကား၊ ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို အမှီပြု၍ ရွှင်လန်းလျက်၊ ထာဝရဘုရားကြောင့် ငါ့ဦးချိုမြင့်လျက်ရှိ၏။ ကယ်တင်ခြင်း ကျေးဇူးတော်ကြောင့် ဝမ်းမြောက်၍၊ ရန်သူတို့အား ဝါကြွားသောစကားကို ပြောရ၏။ ထာဝရဘုရား သန့်ရှင်းတော်မူသကဲ့သို့ အဘယ်သူမျှ မသန့်ရှင်း။ ကိုယ်တော်မှတစ်ပါး အခြားသောဘုရားမရှိ။ ငါတို့ ဘုရားသခင်ကဲ့သို့သော ခိုလှုံစရာမရှိ။ ကိုယ်ကိုကိုယ် မချီးမြှောက်ကြနှင့်။ ဝါကြွားစော်ကားသော စကားကို မပြောကြနှင့်။ အဓမ္မစကားကို နှုတ်ထဲက မထွက်စေကြနှင့်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သဗ္ဗညုတဘုရား ဖြစ်တော်မူ၏။ အမှုအရာတို့ကို ညှိညွှတ်တော်မူ၏။ သူရဲတို့ ကိုင်သောလေးများကျိုးလျက်၊ လဲတတ်သောသူတို့သည် ခွန်အားနှင့်ပြည့်စုံလျက် ရှိကြ၏။ ဝစွာစားသောသူတို့သည် စားစရာကိုရခြင်းငှာ၊ သူငှားလုပ်ရကြပြီ။ ငတ်မွတ်သော သူတို့မူကား၊ တစ်ဖန်ဝကြပြီ။ မြုံသောသူသည် ခုနစ်ကြိမ်တိုင်အောင် ဖွားမြင်ပြီ။ သားများသောသူမူကား၊ တစ်ဖန်အားလျော့ပြီ။ ထာဝရဘုရားသည် သေစေသောအခွင့်၊ အသက်ရှင်စေသောအခွင့်၊ မရဏနိုင်ငံသို့ နှိမ့်ချသောအခွင့်၊ ထမြောက်စေသောအခွင့် ရှိတော်မူ၏။ ဆင်းရဲစေခြင်းငှာလည်းကောင်း၊ ရတတ်စေခြင်းငှာလည်းကောင်း၊ ထာဝရဘုရားပြု၍၊ နှိမ့်ချသောအခွင့်၊ ချီးမြှောက်သောအခွင့် ရှိတော်မူ၏။ ဆင်းရဲသောသူကို မြေမှုန့်ထဲကလည်းကောင်း၊ ငတ်မွတ်သောသူကို နောက်ချေးပုံထဲကလည်းကောင်း ချီးမြှောက်၍၊ မင်းသားတို့နှင့် ထိုင်ရသောအခွင့်၊ ဘုန်းကြီးသောပလ္လင်ကို အမွေခံရသောအခွင့်ကို ပေးတော်မူ၏။ အကြောင်းမူကား၊ မြေကြီးတိုင်တို့ကို ထာဝရဘုရားပိုင်၍ ထိုတိုင်တို့အပေါ်မှာ လောကဓာတ်ကို တည်တော်မူပြီ။ မိမိသန့်ရှင်းသူတို့ခြေကို စောင့်မတော်မူလိမ့်မည်။ မတရားသောသူတို့သည် မှောင်မိုက်၌ တိတ်ဆိတ်စွာ နေရကြလိမ့်မည်။ ကိုယ်အစွမ်းသတ္တိအားဖြင့် အဘယ်သူမျှ မနိုင်ရာ။ ထာဝရဘုရားသည် ရန်သူတို့ကို ချိုးဖဲ့တော်မူမည်။ သူတို့အပေါ်၌ မိုးကောင်းကင်မှ မိုးချုန်းစေတော်မူမည်။ ထာဝရဘုရားသည် မြေကြီးစွန်းတိုင်အောင် တရားစီရင်သဖြင့်၊ ခန့်ထားတော်မူသော ရှင်ဘုရင်ကို ခွန်အားနှင့်ပြည့်စုံစေ၍ အထံတော်၌ ဘိသိက်ခံသောသူကို ချီးမြှောက်တော်မူမည်ဟု မြွက်ဆို၏။ ထိုနောက်မှ၊ ဧလကာနသည် ရာမမြို့၌ရှိသော မိမိအိမ်သို့သွား၍၊ သူငယ်သည် ယဇ်ပုရောဟိတ် ဧလိရှေ့တွင် အမှုတော်ကို ဆောင်ရွက်လေ၏။
၁ ဓမ္မရာဇဝင် 2 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ ဓမ္မရာဇဝင် 2:1-11
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို