ဖိလိတ္တိလူသည်လည်း ဒါဝိဒ်ရှိရာသို့ချဉ်း၍ သူ့ရှေ့မှာ ဒိုင်းလွှားကို ဆောင်သောသူလည်း သွား၏။ ဖိလိတ္တိလူသည် ကြည့်၍ ဒါဝိဒ်ကိုမြင်သောအခါ မထီမဲ့မြင်ပြု၏။ အကြောင်းမူကား၊ သူသည် နုပျိုသောသူ၊ ဆံပင်နီ၍ မျက်နှာလှသောသူဖြစ်၏။ ဖိလိတ္တိလူက၊ သင်သည် တောင်ဝှေးနှင့် ငါ့ထံသို့လာရမည်အကြောင်း၊ ငါသည် ခွေးဖြစ်သလောဟုမေးလျက်၊ မိမိဘုရားတို့ကိုတိုင်တည်၍ ဒါဝိဒ်ကိုကျိန်ဆဲလေ၏။ တစ်ဖန် ဖိလိတ္တိလူက လာခဲ့။ သင့်အသားကို မိုးကောင်းကင်ငှက်နှင့် တောသားရဲတို့အား ငါပေးမည်ဟု ဒါဝိဒ်ကိုဆို၏။ ဒါဝိဒ်ကသင်သည် ဓား၊ လှံ၊ ကိဒုန်ပါလျက် ငါ့ထံသို့လာ၏။ ငါသည် သင်ကြိမ်းပသော ဣသရေလဗိုလ်ခြေတို့၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏နာမတော်ပါလျက် သင်ရှိရာသို့လာ၏။ ထာဝရဘုရားသည် သင့်ကို ငါ့လက်၌ ယနေ့အပ်တော်မူသဖြင့်၊ သင့်ကိုငါသတ်၍ လည်ပင်းကိုဖြတ်မည်။ ဖိလိတ္တိဗိုလ်ခြေ အသေကောင်များကို မိုးကောင်းကင်ငှက်နှင့် တောသားရဲတို့အား ယနေ့ငါပေးမည်။ ဣသရေလအမျိုး၌ ဘုရားသခင်ရှိတော်မူသည်ကို မြေကြီးသားအပေါင်းတို့သည် သိရကြလိမ့်မည်။ ထာဝရဘုရားသည် ဓားလှံအားဖြင့် ကယ်တင်တော်မမူကြောင်းကို၊ ဤပရိသတ်အပေါင်းတို့သည် သိရကြလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် စစ်မှုကိုပိုင်၍၊ ငါတို့လက်သို့ အပ်နှံတော်မူမည်ဟု ဖိလိတ္တိလူအားဆို၏။ ဖိလိတ္တိလူသည် ထ၍ ဒါဝိဒ်နှင့်တွေ့ခြင်းငှာ ချဉ်းလာသောအခါ၊ ဒါဝိဒ်သည်လည်း ဖိလိတ္တိလူနှင့်တွေ့ခြင်းငှာ ဗိုလ်ခြေရှိရာသို့ အလျင်အမြန်ပြေးပြီးမှ၊ လွယ်အိတ်ထဲက ကျောက်တစ်လုံးကို နှိုက်ယူ၍လွှဲပစ်၏။ ဖိလိတ္တိလူ၏ နဖူးကိုမှန်၍ နဖူးပေါက်သဖြင့် သူသည် မြေပေါ်မှာ ငိုက်စိုက်လဲလေ၏။ ထိုသို့ ဒါဝိဒ်သည် လောက်လွှဲနှင့် ကျောက်တစ်လုံးအားဖြင့် နိုင်လျက် ထိခိုက်၍သတ်လေ၏။
၁ ဓမ္မရာဇဝင် 17 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ ဓမ္မရာဇဝင် 17:41-50
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ