YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 1:1-20

၁ ဓမ္မရာဇဝင် 1:1-20 JBMLE

ဧ​ဖ​ရတ်​မြို့​သား ဇု​ဖ၊ တော​ဟူ၊ ဧ​လိ​ဟူ၊ ယေ​ရော​ဟံ​မှ ဆင်း​သက်၍ ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ ရာ​မ​သိမ် ဇု​ဖိမ်​မြို့၌​နေ​သော ဧ​လ​ကာ​န​အ​မည်​ရှိ​သော သူ​တစ်​ယောက်​ရှိ၏။ ထို​သူ​သည် မ​ယား​နှစ်​ယောက်​ရှိ၏။ တစ်​ယောက်​ကား၊ ဟ​န္န၊ တစ်​ယောက်​ကား ပေ​နိ​န္န​အ​မည် ရှိ၏။ ပေ​နိ​န္န၌ သား​သ​မီး​ရှိ၏။ ဟ​န္န​၌​မ​ရှိ။ ဧ​လ​ကာ​န​သည် ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်၍ ယဇ်​ပူ​ဇော်​ခြင်း​ငှာ၊ မိ​မိ​နေ​ရာ​မြို့​မှ ရှိ​လော​မြို့​သို့ နှစ်​တိုင်း​သွား​မြဲ​ရှိ​၏။ ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပု​ရော​ဟိတ် ဧ​လိ၏​သား​ဟော​ဖ​နိ​နှင့် ဖိ​န​ဟတ်​သည် ရှိ​လော​မြို့၌ နေ​သ​တည်း။ ဧ​လ​ကာ​န​သည် ယဇ်​ပူ​ဇော်​အ​ချိန် ရောက်​သော​အ​ခါ၊ မ​ယား​ပေ​နိ​န္န​နှင့် သူ၏ သား​သ​မီး​အ​ပေါင်း​တို့​အား ဝေ​မျှ၏။ ဟ​န္န​ကို​ချစ်​သော​ကြောင့် နှစ်​ဆ​သော​အ​ဖို့​ကို ပေး၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် ဟ​န္န​အား သား​ဖွား​သော​အ​ခွင့်​ကို ပေး​တော်​မ​မူ။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် အ​ခွင့်​ကို ပေး​တော်​မ​မူ​သော​ကြောင့်၊ ဟ​န္န​စိတ်​ဆိုး​ညစ်​အောင် ရန်​သူ သည် အ​လွန်​နှောင့်​ယှက်​တတ်၏။ နှစ်​စဉ်​မ​ပြတ် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​သို့ သွား​သော​အ​ခါ၊ ရန်​သူ​နှောင့်​ယှက်​သ​ဖြင့် ဟ​န္န​သည် အ​စာ​မ​စား​နိုင်၊ ငို​လျက်​နေ​တတ်၏။ သူ၏​ခင်​ပွန်း ဧ​လ​ကာ​န​က၊ ဟ​န္န အ​ဘယ်​ကြောင့် ငို​သ​နည်း။ အ​ဘယ်​ကြောင့် မ​စား​ဘဲ​နေ​သ​နည်း။ အ​ဘယ်​ကြောင့် စိတ်​ညှိုး​ငယ်​သ​နည်း။ သား​တစ်​ကျိပ်​ထက် သင်၌ ငါ​သာ၍​ကောင်း​သည် မ​ဟုတ်​လော​ဟု ဆို၏။ ရှိ​လော​မြို့၌ စား​သောက်​ကြ​သော​နောက်၊ ယဇ်​ပု​ရော​ဟိတ် ဧ​လိ​သည် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​တိုင်​နား​မှာ ထိုင်​စဉ်၊ ဟ​န္န​သည် ညှိုး​ငယ်​သော​စိတ်​နှင့် ထ၍၊ မျက်​ရည်​များ​စွာ​ကျ​လျက် ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​သည်​ကား၊ အို​ကောင်း​ကင် ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏ ကျွန်​မ​ကို မေ့​လျော့​တော်​မ​မူ​ဘဲ၊ ကိုယ်​တော်​ကျွန်​မ၏ ဆင်း​ရဲ​ခြင်း​ကို ကြည့်​ရှု​အောက်​မေ့​သ​ဖြင့်၊ သား​ယောက်ျား​ကို ပေး​သ​နား​တော်​မူ​လျှင်၊ သူ၏​ဆံ​ပင်​ရိတ်​ခြင်း​ကို အ​လျှင်း​မ​ပြု။ တစ်​သက်​လုံး ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​ဖြစ်​စေ​ခြင်း​ငှာ ကျွန်​မ​အပ်​ပါ​မည်​ဟု သ​စ္စာ​က​တိ​ပြု​လေ၏။ ဟ​န္န​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကြာ​မြင့်​စွာ ဆု​တောင်း​စဉ်၊ ဧ​လိ​သည် သူ၏​နှုတ်​ကို ကြည့်​မှတ်​လေ၏။ စိတ်​နှ​လုံး​နှင့် ဆု​တောင်း၍ နှုတ်​ခမ်း​လှုပ်​သော်​လည်း၊ စ​ကား​သံ​မ​ထွက်​သော​ကြောင့်၊ ယစ်​မူး​သည်​ဟု ဧ​လိ​ထင်​လျက်၊ သင်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ယစ်​မူး​လိမ့်​မည်​နည်း။ သင်၏ စ​ပျစ်​ရည်​ကို ပယ်​ရှောင်​လော့​ဟု ဆို၏။ ဟ​န္န​က​လည်း၊ မ​ဟုတ်​ပါ​အ​ရှင်။ ကျွန်​မ​သည် စိတ်​ညှိုး​ငယ်​သော မိန်း​မ​ဖြစ်​ပါ၏။ စ​ပျစ်​ရည်​ကို မ​သောက်​ပါ၊ သေ​ရည်​သေ​ရက်​ကို မ​သောက်​ပါ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စိတ်​နှ​လုံး​ကို သွန်း​လောင်း​လျက် နေ​ပါ၏။ ကိုယ်​တော်၏​ကျွန်​မ​ကို အ​ဓ​မ္မ​မိန်း​မ ဟူ၍ မ​မှတ်​ပါ​နှင့်။ မြည်​တမ်း​စ​ရာ​အ​ကြောင်း၊ ဝမ်း​နည်း​စ​ရာ​အ​ကြောင်း များ​သည်​ဖြစ်၍၊ ယ​ခု​တိုင်​အောင် လျှောက်​နေ​ပါ​သည်​ဟု ပြန်​ပြော​သော်၊ ဧ​လိ​က၊ ငြိမ်​ဝပ်​စွာ​သွား​လော့။ ယ​ခု ဆု​တောင်း​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ပေး​သ​နား​တော် မူ​ပါ​စေ​သော​ဟု မြွက်​ဆို၏။ ဟ​န္န​က​လည်း၊ ကိုယ်​တော်၏​ကျွန်​မ​သည် ရှေ့​တော်၌ မျက်​နှာ​ရ​ပါ​စေ​သော​ဟု လျှောက်​ပြီး​မှ၊ ခြား​နား​သော​မျက်​နှာ​နှင့် သွား၍ အ​စာ​စား​လေ၏။ ထို​သူ​တို့​သည် နံ​နက်​စော​စော​ထ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကိုး​ကွယ်​ပြီး​လျှင်၊ ရာ​မ​မြို့​မှာ​ရှိ​သော မိ​မိ​တို့​အိမ်​သို့ ပြန်​သွား​ကြ၏။ ထို​အ​ခါ ဧ​လ​ကာ​န​သည် မ​ယား​ဟ​န္န​နှင့် ဆက်​ဆံ၍ ထာ​ဝ​ရ​ဘု​ရား အောက်​မေ့​တော်​မူ​သ​ဖြင့်၊ ဟ​န္န​သည် ပ​ဋိ​သ​န္ဓေ​ယူ၍ ကာ​လ​အ​ချိန်​စေ့​သော​အ​ခါ၊ သား​ယောက်ျား​ကို ဖွား​မြင်​ပြီး​လျှင်၊ ထို​သား​ကို ထာ​ဝ​ရ​ဘု​ရား​ထံ၌ ဆု​တောင်း​သော​ကြောင့်၊ ရှ​မွေ​လ​အ​မည်​ဖြင့် မှည့်​လေ၏။