YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 2

2
ရှော​လ​မုန်​အ​တွက်​ဒါ​ဝိဒ်​၏​နောက်​ဆုံး​စ​ကား
1ဒါ​ဝိဒ်​သည် အ​နိ​စ္စ​ရောက်​ရ​သော​အ​ချိန်​နီး​သော​အ​ခါ၊ သား​တော်​ရှော​လ​မုန်​ကို ပ​ညတ်​ထား​တော်​မူ​သည်​ကား၊ 2မြေ​ကြီး​သား​အ​ပေါင်း​တို့၏​သွား​ရာ​လမ်း​သို့ ငါ​သွား​ရ​မည်။ သို့​ဖြစ်၍ အား​ယူ​လော့။ ယောက်ျား၏ ဂုဏ်​သ​တ္တိ​ရှိ​လော့။ 3ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ဗျာ​ဒိတ်​ပေး​တော်​မူ​သည်​ကား၊ 4သင်၏​သား​မြေး​တို့​သည် စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ငါ့​ရှေ့​မှာ သ​မ္မာ​တ​ရား၌​ကျင်​လည်​ခြင်း​ငှာ မိ​မိ​တို့​သွား​ရာ​လမ်း​ကို သ​တိ​ပြု​လျှင်၊ ဣ​သ​ရေ​လ​နိုင်​ငံ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်​ရ​သော သင်၏​အ​မျိုး​မင်း​ရိုး​မ​ပြတ်​ရ​ဟု မိန့်​တော်​မူ​သော စ​ကား​တော်​တည်၍၊ သင်​သည်​ပြု​လေ​ရာ​ရာ၊ သွား​လေ​ရာ​ရာ၌ အောင်​မြင်​မည်​အ​ကြောင်း သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ လမ်း​တော်​သို့​လိုက်၍၊ မော​ရှေ၏ ပ​ည​တ္တိ​ကျမ်း၌​ပါ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်၊ သက်​သေ​ခံ​ချက်၊ ပ​ညတ်​တ​ရား​တော်​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ မှာ​ထား​တော်​မူ​သော​စ​ကား​ကို နား​ထောင်​လော့။ 5ဇေ​ရု​ယာ​သား​ယွာ​ဘ​သည် ငါ၌​ပြု​သော​အ​မှု၊ ဣ​သ​ရေ​လ​ဗိုလ်​ချုပ်​နှစ်​ပါး နေ​ရ၏​သား​အာ​ဗ​နာ၊ ယေ​သာ၏​သား​အာ​မ​သ၌ ပြု​သော​အ​မှု​တည်း​ဟူ​သော သူ​တို့​ကို​သတ်၍ စစ်​မ​တိုက်​ဘဲ စစ်​အ​သွေး​ကို​သွန်း​လောင်း​သ​ဖြင့်၊ မိ​မိ​ဝတ်​သော​ခါး​စည်း၊ မိ​မိ​နင်း​သော​ခြေ​နင်း​တို့​ကို စစ်​အ​သွေး​နှင့် လူး​သော​အ​မှု​ကို သင်​သိ​သည်​ဖြစ်၍၊#၂​ရာ၊ ၃:၂၇၊ ၂၀:၁၀။ 6သင်၌​ပ​ညာ​ရှိ​သည်​အ​တိုင်း စီ​ရင်​လျက်၊ ဆံ​ပင်​ဖြူ​သော ထို​သူ၏​ဦး​ခေါင်း​ကို မ​ရ​ဏနိုင်​ငံ​သို့ ငြိမ်​ဝပ်​စွာ​မ​ဆင်း​စေ​နှင့်။ 7ဂိ​လဒ်​ပြည်​သား ဗာ​ဇိ​လဲ၏​သား​တို့​ကို​ကား ကျေး​ဇူး​ပြု၍ စား​ပွဲ​တော်၌ စား​သော​လူ​စု​ထဲ​သို့ ဝင်​စေ​လော့။ သင့်​အစ်​ကို​အ​ဗ​ရှ​လုံ​ကြောင့် ငါ​ပြေး​ရ​သော​အ​ခါ၊ သူ​တို့​သည် ထို​သို့​သော​ကျေး​ဇူး​ကို​ပြု၍ ငါ့​ထံ​သို့​လာ​ကြ၏။#၂​ရာ၊ ၁၇:၂၇-၂၉။ 8ငါ​သည် မ​ဟာ​နိမ်​မြို့​သို့​သွား​သော​နေ့၌ ငါ့​ကို ကြမ်း​တမ်း​စွာ ကျိန်​ဆဲ​သော​သူ၊ ဗင်္ယာ​မိန်​အ​မျိုး​ဗာ​ဟု​ရိမ်​ရွာ​သား၊ ဂေ​ရ၏​သား​ရှိ​မိ​သည် သင့်​လက်၌​ရှိ၏။ သူ​သည် ငါ့​ကို​ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ယော်​ဒန်​မြစ်​နား​သို့ လာ​သော​အ​ခါ၊ သင့်​ကို ငါ​မ​ကွပ်​မျက်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို တိုင်​တည်၍ ငါ​ကျိန်​ဆို​သော်​လည်း၊#၂​ရာ၊ ၁၆:၅-၁၃၊ ၁၉:၁၆-၂၃။ 9ထို​သူ​ကို အ​ပြစ်​မ​ရှိ​သော​သူ​ကဲ့​သို့ မ​မှတ်​ရ​ဘဲ၊ သင်​သည် လိ​မ္မာ​သော​သူ​ဖြစ်၍ သူ၌​အ​ဘယ်​သို့ စီ​ရင်​သင့်​သည်​ကို သိ​သည်​နှင့်​အ​ညီ၊ ဆံ​ပင်​ဖြူ​သော ထို​သူ၏​ခေါင်း​ကို​အ​သေ​သတ်​ခြင်း​အား​ဖြင့် မ​ရ​ဏ​နိုင်​ငံ​သို့ ဆင်း​စေ​လော့​ဟု မှာ​ထား​တော်​မူ​ပြီး​မှ၊
ဒါ​ဝိဒ်​မင်းကြီးကွယ်​လွန်​ခြင်း
10ဒါ​ဝိဒ်​သည် ဘိုး​တော်​ဘေး​တော်​တို့​နှင့် အိပ်​ပျော်၍ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​တော်​မူ၏။ 11ဟေ​ဗြုန်​မြို့၌ ခု​နစ်​နှစ်၊ ယေ​ရု​ရှ​လင်​မြို့၌ သုံး​ဆယ်​သုံး​နှစ် မင်း​ပြု၍ ဣ​သ​ရေ​လ​နိုင်​ငံ​ကို အ​နှစ်​လေး​ဆယ် စိုး​စံ​တော်​မူ၏။#၂​ရာ၊ ၅:၄-၅။ ၅​ရာ၊ ၃:၄။ 12ရှော​လ​မုန်​သည် ခ​မည်း​တော်​ဒါ​ဝိဒ်၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်​တော်​မူ၍၊ အာ​ဏာ​တော်​သည် အ​မြဲ​တည်၏။#၅​ရာ၊ ၂၉:၂၃။
အ​ဒေါ​နိ​ယ​ကွယ်​လွန်​ခြင်း
13ထို​နောက် ဟ​ဂ္ဂိတ်၏​သား အ​ဒေါ​နိ​ယ​သည် ရှော​လ​မုန်၏​မယ်​တော် ဗာ​သ​ရှေ​ဘ​ထံ​သို့​သွား၍၊ ဗာ​သ​ရှေ​ဘ​က သင်​သည်​မိတ်​ဆွေ​ဖွဲ့​လျက် လာ​သ​လော​ဟု​မေး​လျှင်၊ မိတ်​ဆွေ​ဖွဲ့​လျက်​လာ​ပါ၏။ 14ပြော​စ​ရာ​တစ်​စုံ​တစ်​ခု ရှိ​ပါ​သည်​ဟု​ဆို​သော်၊ မယ်​တော်​က​ပြော​ပါ​ဟု ပြန်​ဆို၏။ 15အ​ဒေါ​နိ​ယ​က​လည်း၊ နိုင်​ငံ​တော်​သည် ကျွန်ုပ်​လက်​သို့ ရောက်​သည်​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကျွန်ုပ်​ကို ရှင်​ဘု​ရင်​အ​ဖြစ်၌ ချီး​မြှောက်​ချင်​သည်​အ​ကြောင်း​ကို​လည်း​ကောင်း မယ်​တော်​သိ​ပါ၏။ သို့​သော်​လည်း နိုင်​ငံ​တော်​သည် ကျွန်ုပ်​လက်​မှ​လွဲ၍ ညီ​တော်​လက်​သို့ ရောက်​ပါ​ပြီ။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​အ​လို​တော်​ရှိ၏။ 16ယ​ခု​မှာ တစ်​စုံ​တစ်​ခု​သော​ဆု​ကို မယ်​တော်၌ တောင်း​ချင်​ပါ၏။ မ​ငြင်း​ပါ​နှင့်​ဟု ဆို​လျှင်၊ မယ်​တော်​က ပြော​ပါ​ဟု​ဆို၏။ 17သူ​က​လည်း ရှော​လ​မုန်​မင်း​ကြီး​သည် ရှု​နင်​မြို့​သူ​အ​ဘိ​ရှက်​ကို ကျွန်ုပ်​အား​ပေး​စား​တော်​မူ​မည်​အ​ကြောင်း လျှောက်​ပါ​တော့။ မင်း​ကြီး​သည် မယ်​တော်​ကို​ငြင်း​တော်​မ​မူ​နိုင်​ဟု ဆို​လေ​သော်၊#၃​ရာ၊ ၁:၃-၄။ 18ဗာ​သ​ရှေ​ဘ​က ကောင်း​ပြီ။ သင့်​အ​ဖို့ နား​တော်​လျှောက်​မည်​ဟု​ဆို​ပြီး​မှ၊ အ​ဒေါ​နိ​ယ​အ​ဖို့ နား​တော်​လျှောက်​အံ့​သော​ငှာ ရှော​လ​မုန်​မင်း​ကြီး​ထံ​တော်​သို့ သွား၏။ 19ရှင်​ဘု​ရင်​သည် မယ်​တော်​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထ၍​ဦး​ချ​ပြီး​မှ၊ ပ​လ္လင်​တော်​ပေါ်​မှ ထိုင်​တော်​မူ၏။ မယ်​တော်​ထိုင်​စ​ရာ​ဖို့ စီ​ရင်၍ သူ​သည် လက်​ယာ​တော်​ဘက်​မှာ ထိုင်​လေ၏။ 20ထို​အ​ခါ မယ်​တော်​က၊ ငယ်​သော​ဆု တစ်​စုံ​တစ်​ခု​ကို တောင်း​ချင်​သည်​ဖြစ်၍ မ​ငြင်း​ပါ​နှင့်​ဟု လျှောက်​လျှင်၊ ရှင်​ဘု​ရင်​က မိ​ခင်၊ တောင်း​ပါ၊ ကျွန်ုပ်​မ​ငြင်း​ပါ​ဟု မိန့်​တော်​မူ၏။ 21မယ်​တော်​က​လည်း၊ ရှု​နင်​မြို့​သူ အ​ဘိ​ရှက်​ကို နောင်​တော်​အ​ဒေါ​နိ​ယ​အား​ပေး​စား​တော်​မူ​ပါ​ဟု တောင်း​လေ​သော်၊ 22ရှော​လ​မုန်​မင်း​ကြီး​က၊ အ​ဒေါ​နိ​ယ​အ​ဖို့ ရှု​နင်​မြို့​သူ အ​ဘိ​ရှက်​ကို​သာ အ​ဘယ်​ကြောင့်​တောင်း​ရ​သ​နည်း။ နိုင်​ငံ​တော်​ကို​လည်း သူ​အ​ဖို့​တောင်း​ပါ​လော့။ သူ​သည် ကျွန်ုပ်​နောင်​တော်​ဖြစ်၏။ သူ​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ဗျာ​သာ၊ ဇေ​ရု​ယာ၏​သား​ယွာ​ဘ​အ​ဖို့ တောင်း​ပါ​လော့​ဟု မယ်​တော်​အား​ပြန်​ပြော​ပြီး​မှ၊ 23တစ်​ဖန် အ​ဒေါ​နိ​ယ​သည် ထို​သို့​တောင်း​သော်၊ မိ​မိ​အ​သက်​သေ​စေ​ခြင်း​ငှာ မ​တောင်း​မိ​လျှင်၊ ဘု​ရား​သ​ခင်​သည် ငါ့​အား​ထို​မျှ​မ​က ပြု​တော်​မူ​စေ​သ​တည်း။ 24ငါ့​ကို​မြဲ​မြံ​စေ​သ​ဖြင့်၊ ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်၏​ရာ​ဇ​ပ​လ္လင်​တော်​ပေါ်​မှာ တင်၍ က​တိ​တော်​နှင့်​အ​ညီ ငါ့​နေ​ရာ​နန်း​တော်​ကို ပေး​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ အ​ဒေါ​နိ​ယ​သည် ယ​နေ့​အ​သေ​ခံ​ရ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်၍ ကျိန်​ဆို​ပြီး​မှ၊ 25ယော​ယ​ဒ​သား​ဗေ​နာ​ယ​ကို​စေ​လွှတ်၍၊ အ​ဒေါ​နိ​ယ​ကို သေ​အောင်​လုပ်​ကြံ​လေ၏။
အ​ဗျာ​သာကို​ပြည်​နှင်​ဒဏ်​ပေး​ခြင်း
26ယဇ်​ပု​ရော​ဟိတ်​အ​ဗျာ​သာ​ကို​လည်း ရှင်​ဘု​ရင်​ခေါ်၍၊ သင်​သည် အာ​န​သုတ်​မြို့၊ သင်​ပိုင်​သော​မြေ​သို့ သွား​လော့။ သင်​သည် အ​သေ​ခံ​ထိုက်​သော်​လည်း ယ​ခု​ငါ​မ​စီ​ရင်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်​ရှေ့​မှာ ထမ်း​လေ​ပြီ။ ငါ့​ခ​မည်း​တော်​ဆင်း​ရဲ​ခံ​လေ​ရာ​ရာ၌ သင်​သည် ဆင်း​ရဲ​ခံ​လေ​ပြီ​ဟု မိန့်​တော်​မူ၏။#၂​ရာ၊ ၁၅:၂၄။ ၁​ရာ၊ ၂၂:၂၀-၂၃။ 27ထာ​ဝ​ရ​ဘု​ရား​သည် ဧ​လိ​အ​မျိုး​ကို​အ​ကြောင်း​ပြု၍၊ ရှိ​လော​မြို့၌ မိန့်​တော်​မူ​သော​စ​ကား ပြည့်​စုံ​မည်​အ​ကြောင်း၊ ရှော​လ​မုန်​သည် အ​ဗျာ​သာ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ ယဇ်​ပု​ရော​ဟိတ်​မ​ဖြစ်​စေ​ခြင်း​ငှာ နှင်​ထုတ်​တော်​မူ၏။#၁​ရာ၊ ၂:၂၇-၃၆။
ယွာဘကွယ်လွန်ခြင်း
28ယွာ​ဘ​မူ​ကား၊ အ​ဗ​ရှ​လုံ နောက်​သို့​မ​လိုက်​သော်​လည်း၊ အ​ဒေါ​နိ​ယ​နောက်​သို့ လိုက်​သော​သူ​ဖြစ်၍၊ ထို​သ​တင်း​ကို ကြား​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​တဲ​တော်​သို့​ပြေး၍ ယဇ်​ပ​လ္လင်​ဦး​ချို​တို့​ကို ကိုင်​လျက်​နေ၏။ 29ယွာ​ဘ​သည် ထာ​ဝ​ရ​ဘု​ရား၏​တဲ​တော်​သို့​ပြေး​ပါ​ပြီ။ ယဇ်​ပ​လ္လင် အ​နား​မှာ​ရှိ​ပါ​သည်​ဟု ရှော​လ​မုန်​မင်း​ကြီး​အား လျှောက်​သော​အ​ခါ၊ ယွာ​ဘ​ကို လုပ်​ကြံ​လော့​ဟု ယော​ယ​ဒ​သား​ဗေ​နာ​ယ​ကို စေ​လွှတ်​တော်​မူ၏။ 30ဗေ​နာ​ယ​သည် ထာ​ဝ​ရ​ဘု​ရား၏​တဲ​တော်​သို့​သွား၍၊ ရှင်​ဘု​ရင်​ခေါ်​တော်​မူ​သည်​ဟု ဆို​လျှင်၊ ယွာ​ဘ​က ငါ​မ​သွား၊ ဤ​အ​ရပ်​မှာ အ​သေ​ခံ​မည်​ဟု​ဆို၏။ ဗေ​နာ​ယ​က​လည်း၊ ယွာ​ဘ​သည် ဤ​သို့​ပြန်​ပြော​ပါ၏​ဟု နား​တော်​လျှောက်​လေ​သော်၊ 31ရှင်​ဘု​ရင်​က၊ အ​ပြစ်​မ​ရှိ​သော​သူ၏ အ​သက်​ကို ယွာ​ဘ​သတ်​သော​အ​ပြစ်​နှင့် ငါ​မှ​စ၍ ငါ့​အ​ဆွေ​အ​မျိုး ကင်း​စင်​မည်​အ​ကြောင်း သူ့​စ​ကား​အ​တိုင်း​ပြု​လော့။ သူ့​ကို​လုပ်​ကြံ၍​သင်္ဂြိုဟ်​လော့။ 32သူ​သည် မိ​မိ​ထက်​သာ၍ ဖြောင့်​မတ်​ကောင်း​မြတ်​သော​သူ၊ ဣ​သ​ရေ​လ​ဗိုလ်​ချုပ် နေ​ရ၏​သား​အာ​ဗ​နာ​နှင့် ယု​ဒ​ဗိုလ်​ချုပ် ယေ​သာ၏​သား​အာ​မ​သ​ကို ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်​မ​သိ​ဘဲ​တိုက်၍ ဓား​နှင့်​သတ်​သော​အ​ပြစ်​ကို ထာ​ဝ​ရ​ဘု​ရား​သည် သူ၏​ခေါင်း​ပေါ်​သို့ သက်​ရောက်​စေ​တော်​မူ​မည်။ 33ထို​သူ​တို့၏ အ​သွေး​သည် ယွာ​ဘ​ခေါင်း၊ သား​မြေး​တို့၏ ခေါင်း​ပေါ်​မှာ အ​စဉ်​သက်​ရောက်​ပါ​စေ။ ဒါ​ဝိဒ်​နှင့် သူ၏​ဆွေ​တော်​မျိုး​တော်၊ နန်း​တော်၊ ရာ​ဇ​ပ​လ္လင်​တော်၌ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ငြိမ်​ဝပ်​ခြင်း​အ​မြဲ​သက်​ရောက်​ပါ​စေ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ 34ယော​ယ​ဒ​သား​ဗေ​နာ​ယ​သည် သွား​ပြီး​လျှင်၊ ယွာ​ဘ​ကို တိုက်​သတ်၍ တော​အ​ရပ်၊ ယွာ​ဘ​နေ​ရာ​အိမ်၌ သင်္ဂြိုဟ်​လေ၏။ 35ဗိုလ်​ချုပ်​ယွာ​ဘ​အ​ရာ၌ ယော​ယ​ဒ​သား ဗေ​နာ​ယ​ကို​လည်း​ကောင်း၊ အ​ဗျာ​သာ​အ​ရာ၌ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​ကို​လည်း​ကောင်း ရှင်​ဘု​ရင်​ခန့်​ထား​တော်​မူ၏။
ရှိ​မိ​ကွယ်​လွန်​ခြင်း
36တစ်​ဖန် ရှင်​ဘု​ရင်​သည် ရှိ​မိ​ကို​ခေါ်​ပြီး​လျှင်၊ သင်​သည် ယေ​ရု​ရှ​လင်​မြို့​ထဲ​မှာ အိမ်​ကို​ဆောက်၍ နေ​ရ​မည်။ မြို့​ပြင်​သို့​ထွက်၍ အ​ဘယ်​အ​ရပ်​ကို​မျှ မ​သွား​နှင့်။ 37မြို့​ပြင်​သို့​ထွက်၍ ကေ​ဒြုန်​ချောင်း​ကို​ကူး​လျှင်၊ ကူး​သော​နေ့၌ အ​သေ​သတ်​ခြင်း​ကို​အ​မှန်​ခံ​ရ​မည်​ဟု သ​တိ​နှင့်​မှတ်​လော့။ သင့်​အ​သွေး​သည် သင့်​ခေါင်း​ပေါ်​မှာ သက်​ရောက်​စေ​ဟု မိန့်​တော်​မူ​သော်၊ 38ရှိ​မိ​က၊ အ​မိန့်​တော်​ကောင်း​ပါ၏။ အ​ရှင်​မင်း​ကြီး မိန့်​တော်​မူ​သည်​အ​တိုင်း ကိုယ်​တော်​ကျွန်​ပြု​ပါ​မည်​ဟု ပြန်​လျှောက်၍ ယေ​ရု​ရှ​လင်​မြို့၌ ကြာ​မြင့်​စွာ​နေ​လေ၏။ 39သို့​ရာ​တွင် သုံး​နှစ်​လွန်​သော​အ​ခါ၊ ရှိ​မိ၏​ကျွန်​နှစ်​ယောက်​တို့​သည် ဂါ​သ​မင်း​ကြီး​မာ​ခါ​သား အာ​ခိတ်​ထံ​သို့​ပြေး၍ ဂါ​သ​မြို့၌​ရှိ​ကြောင်း​ကို ရှိ​မိ​သည်​ကြား​လေ​သော်၊ 40ထ၍​မြည်း​ကို ကုန်း​နှီး​တင်​ပြီး​လျှင်၊ ကျွန်​တို့​ကို ရှာ​အံ့​သော​ငှာ ဂါ​သ​မြို့၊ အာ​ခိတ်​ထံ​သို့​သွား၍ ကျွန်​တို့​ကို ခေါ်​လေ၏။ 41ထို​သို့​ရှိ​မိ​သည် ယေ​ရု​ရှ​လင်​မြို့​မှ ဂါ​သ​မြို့​သို့​သွား၍ ပြန်​လာ​ကြောင်း​ကို ရှော​လ​မုန်​မင်း​ကြီး ကြား​လေ​သော်၊ 42ရှိ​မိ​ကို​ခေါ်​ပြီး​လျှင်၊ သင်​သည် မြို့​ပြင်​သို့​ထွက်၍ အ​ခြား​တစ်​ပါး​သော အ​ရပ်​သို့​သွား​လျှင်၊ သွား​သော​နေ့၌ အ​သေ​သတ်​ခြင်း​အ​မှန်​ခံ​ရ​မည်​ကို သ​တိ​နှင့်​မှတ်​လော့​ဟု ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​လျက် သင့်​ကို ငါ​ကျိန်​ဆို​စေ၍ သ​တိ​ပေး​သည်​မ​ဟုတ်​လော။ သင်​က​လည်း ကျွန်​တော်​ကြား​ရ​သော​အ​မိန့်​တော် ကောင်း​ပါ​သည်​ဟု ဝန်​ခံ​သည် မ​ဟုတ်​လော။ 43သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား၏​သ​စ္စာ​တော်​ကို​လည်း​ကောင်း၊ ငါ​မှာ​ထား​သော ပ​ညတ်​ကို​လည်း​ကောင်း အ​ဘယ်​ကြောင့်​မ​စောင့်​သ​နည်း​ဟု မိန့်​တော်​မူ​ပြီး​မှ၊ 44တစ်​ဖန် သင်​သည် ကိုယ်​နှစ်​သက်​သည်​အ​တိုင်း ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်၌ ပြု​ဖူး​သော ဒု​စ​ရိုက်​ရှိ​သ​မျှ​ကို သင်​သိ၏။ သင်၏​ဒု​စ​ရိုက်​အ​ပြစ်​ကို ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ခေါင်း​ပေါ်​သို့​ရောက်​စေ​တော်​မူ၏။ 45ရှော​လ​မုန်​မင်း​ကြီး​သည် မင်္ဂ​လာ​ရှိ၍ ဒါ​ဝိဒ်၏​ရာ​ဇ​ပ​လ္လင်​တော်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​စဉ်​အ​မြဲ တည်​ပါ​စေ​သ​တည်း​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊ 46ယော​ယ​ဒ​သား​ဗေ​နာ​ယ​သည် အ​မိန့်​တော်​ကို​ခံ၍ ပြင်​သို့​ထွက်​ပြီး​လျှင် ရှိ​မိ​ကို​သေ​အောင်​လုပ်​ကြံ​လေ၏။ ထို​သို့ နိုင်​ငံ​တော်​သည် ရှော​လ​မုန်​လက်၌ တည်၏။

လက်ရှိရွေးချယ်ထားမှု

၃ ဓမ္မရာဇဝင် 2: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ