ထိုသခင်ကား၊ ရေအားဖြင့်လည်းကောင်း၊ အသွေးအားဖြင့်လည်းကောင်း ကြွလာသောသူတည်းဟူသော ယေရှုခရစ်ပေတည်း။ ရေအားဖြင့်သာမဟုတ်၊ ရေအားဖြင့်လည်းကောင်း၊ အသွေးအားဖြင့်လည်းကောင်း ကြွလာတော်မူ၏။ သက်သေခံဟူမူကား၊ ဝိညာဉ်တော်သည် သမ္မာတရားဖြစ်၍ သက်သေခံတော်မူ၏။- သို့ဖြစ်လျှင်၊ ကောင်းကင်ဘုံ၌ ခမည်းတော်တစ်ပါး၊ နှုတ်ကပတ်တော်တစ်ပါး၊ သန့်ရှင်းသော ဝိညာဉ်တော်တစ်ပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူ၏။- မြေကြီးပေါ်၌လည်း ဝိညာဉ်တော်တစ်ပါး၊ ရေတစ်ပါး၊ အသွေးတစ်ပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တညီတညွတ်တည်း ဖြစ်၏။- လူ၏သက်သေကို ယုံရလျှင်၊ ဘုရားသခင်၏ သက်သေတော်ကို သာ၍ ယုံဖွယ်ရာအကြောင်းရှိ၏။ ယခုဆိုခဲ့ပြီးသော သက်သေကား၊ ဘုရားသခင်သည် မိမိသားတော်၏အကြောင်းကို သက်သေခံတော်မူချက် ဖြစ်သတည်း။- ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူသည်၊ မိမိအထဲ၌ ထိုသက်သေကိုရ၏။ ဘုရားသခင်ကို မယုံကြည်သောသူမူကား၊ ဘုရားသခင်ကို မုသားအပြစ်တင်၏။ အဘယ်သို့နည်း ဟူမူကား၊ ဘုရားသခင်သည် မိမိသားတော်၏အကြောင်းမှာ သက်သေခံတော်မူသောစကားတော်ကို ထိုသူသည် မယုံဘဲနေ၏။- သက်သေခံတော်မူချက် ဟူမူကား၊ ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကို ပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ပါ၏။- သားတော်ကိုရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သားတော်ကို မရသောသူမူကား အသက်ကိုမရ။ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသင်တို့သည် ထာဝရအသက်ကို ကိုယ်တိုင်ရသည်ဟု သိစေခြင်းငှာ၊ ဤအရာများကို သင်တို့အား ငါရေး၍ပေးလိုက်၏။- ငါတို့သည် ဘုရားသခင့်အထံတော်၌ ရဲရင့်ခြင်းအကြောင်းဟူမူကား၊ ငါတို့သည် အလိုတော်နှင့်အညီ တစ်စုံတစ်ခုသောဆုကို တောင်းလျှင်၊ ဘုရားသခင်သည် နားထောင်တော်မူ၏။- ဆုတောင်းသမျှသောစကားတို့ကို နားထောင်တော်မူသည်ကို ငါတို့သိလျှင်၊ အထံတော်၌ တောင်းသောဆုတို့ကို ရမည်ဟုသိရကြ၏။- ညီအစ်ကိုချင်းသည် သေပြစ်မသင့်သောဒုစရိုက်ကို ပြုမိသည်ကို တစ်စုံတစ်ယောက်သောသူသည် မြင်လျှင်၊ ထိုသူသည် ဆုတောင်းရမည်။ သေပြစ်ကို မပြုသောသူတို့အဖို့ အလိုငှာ၊ ဘုရားသခင်သည် ထိုသူအား အသက်ကိုပေးတော်မူမည်။ သေပြစ်သင့်သော ဒုစရိုက်ရှိ၏။ ထိုဒုစရိုက်အပြစ်ကို လွှတ်စေခြင်းငှာ ဆုတောင်းရမည်ဟု ငါမဆို။- မတရားသောအမှုမည်သည်ကား ဒုစရိုက်ဖြစ်၏။ သို့သော်လည်း သေပြစ်မသင့်သော ဒုစရိုက်ရှိ၏။- ဘုရားသခင်၏သားဖြစ်သမျှသော သူတို့သည် ဒုစရိုက်ကိုမပြုတတ်သည်ကို ငါတို့သိကြ၏။ ဘုရားသခင် ဖြစ်ဖွားစေတော်မူသောသူသည်၊ မိမိကိုမိမိ စောင့်ရှောက်သဖြင့်၊ မာရ်နတ်သည် ထိုသူကို မထိမခိုက်နိုင်ရာ။- ငါတို့သည် ဘုရားသခင်နှင့် စပ်ဆိုင်သည်ကိုလည်းကောင်း၊ လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကြသည်ကိုလည်းကောင်း ငါတို့သိကြ၏။- ဘုရားသခင်၏သားတော်သည် ကြွလာ၍၊ မှန်သောဘုရားသခင်ကို သိသောဉာဏ်ကို ငါတို့အား ပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ မှန်သောဘုရားသခင်၌လည်းကောင်း၊ သားတော်ယေရှုခရစ်၌လည်းကောင်း ငါတို့သည် တည်လျက်ရှိကြ၏။ ထိုသူသည်မှန်သော ဘုရားသခင် ဖြစ်တော်မူ၏။ ထာဝရအသက်လည်း ဖြစ်တော်မူ၏။ ချစ်သားတို့၊ ရုပ်တုဆင်းတုကို ကြဉ်ရှောင်ကြလော့။ ရှင်ယောဟန်ဩဝါဒစာပထမစောင်ပြီး၏။
၁ ရှင်ယောဟန် 5 ကိုဖတ်ပါ။
နားထောင်ပါ။ ၁ ရှင်ယောဟန် 5
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ ရှင်ယောဟန် 5:6-21
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ