ထိုသို့ ဘုရားသခင်၏သေတ္တာတော်ကိုဆောင်ခဲ့၍ ဒါဝိဒ်ဆောက်နှင့်သော တဲအလယ်၌ထားပြီးမှ၊ မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်တို့ကို ဘုရားသခင့်ရှေ့တော်၌ ပူဇော်ကြ၏။ မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်ပူဇော်ခြင်းအမှုကို ဒါဝိဒ်မင်းသည် ပြီးစီးစေသောအခါ၊ ထာဝရဘုရား၏ နာမတော်ကိုမြွက်၍ ပရိသတ်တို့ကို ကောင်းချီးပေးလေ၏။ ဣသရေလ လူယောက်ျားမိန်းမအပေါင်းတို့အား မုန့်တစ်ပြား၊ အမဲသားတစ်တစ်၊ စပျစ်သီးပျဉ်တစ်ပြားစီ ဝေငှတော်မူ၏။ တစ်ဖန် ထာဝရဘုရား၏သေတ္တာတော်ရှေ့မှာ အမှုတော်ကိုဆောင်ရွက်၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို အလှည့်အတိုင်း ချီးမွမ်းစေခြင်းငှာ ခန့်ထားတော်မူသော လေဝိသားများဟူမူကား၊ ခွက်ကွင်းတီးသော အကြီးအကဲ အာသပ်၊ သူ့နောက် စောင်းတယောတီးသော ဇာခရိ၊ ယေလ၊ ရှေမိ၊ ရာမုတ်၊ ယေဟေလ၊ မတ္တိသိ၊ ဧလျာဘ၊ ဗေနာယ၊ ဩဗဒေဒုံ၊ ယေလ တစ်စုနှင့်၊ ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်ရှေ့မှာ အစဉ်တံပိုးမှုတ်သော ယဇ်ပုရောဟိတ် ဗေနာယနှင့် ယဟာဇေလတည်း။ ထိုနေ့၌ ဒါဝိဒ်သည် အာသပ်နှင့် သူ့ညီတို့အားအပ်သော ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းရာ ဆာလံသီချင်းသစ်ဟူမူကား၊ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ နာမတော်ကို ပတ္ထနာပြုကြလော့။ အမှုတော်တို့ကို လူများတို့အား ပြသကြလော့။ ထာဝရဘုရားကို သီချင်းဆိုကြလော့။ ဆာလံသီချင်းကို ဆိုကြလော့။ အံ့ဖွယ်သော အမှုတော်အပေါင်းတို့ကို ဟောပြောကြလော့။ သန့်ရှင်းသော နာမတော်၌ ဝါကြွားဝမ်းမြောက်ကြလော့။ ထာဝရဘုရားကို ရှာသောသူတို့သည် စိတ်နှလုံး ရွှင်လန်းကြစေ။ ထာဝရဘုရားနှင့် တန်ခိုးတော်ကိုရှာကြလော့။ မျက်နှာတော်ကို အစဉ်မပြတ်ရှာကြလော့။ စီရင်တော်မူသော အံ့ဩဖွယ်တို့ကိုလည်းကောင်း၊ ထူးဆန်းသောအမှုတော်တို့နှင့် နှုတ်တော်ထွက် ပညတ်တို့ကိုလည်းကောင်း အောက်မေ့ကြလော့။ ထာဝရဘုရား၏ကျွန် ဣသရေလအမျိုး၊ ရွေးကောက်တော်မူသော ယာကုပ်အနွယ်တို့၊ ကိုယ်တော်မြတ် ထာဝရဘုရားသည် ငါတို့ ဘုရားသခင်ဖြစ်တော်မူ၏။ မြေကြီးတစ်ပြင်လုံး၌ စီရင်ပိုင်တော်မူ၏။ ငါသည် သင်တို့အမွေခံရာဖို့၊ ခါနာန်ပြည်ကို သင်၌ပေးမည်ဟု ငါတို့အမျိုးသည် အရေအတွက်အားဖြင့်မများ၊ အလွန်နည်း၍၊ ထိုပြည်၌ ဧည့်သည်ဖြစ်လျက်နေသောအခါ၊ အာဗြဟံ၌ကတိထား၍ ဣဇာက်၌ကျိန်ဆိုတော်မူလျက်၊ ယာကုပ်၌ မြဲမြံသောတရား၊ ဣသရေလ၌ နိစ္စထာဝရပဋိညာဉ်ဖြစ်စေခြင်းငှာ၊ လူမျိုးအဆက်တစ်ထောင်တိုင်အောင် မိန့်မြွက်တော်မူသော နှုတ်ကပတ်တည်းဟူသော ဝန်ခံခြင်းတရားတော်ကို အစဉ်အမြဲ အောက်မေ့တော်မူ၏။ သူတို့သည် တစ်မြို့မှတစ်မြို့သို့လည်းကောင်း၊ တစ်နိုင်ငံမှ တစ်နိုင်ငံသို့လည်းကောင်း၊ လှည့်လည်၍သွားကြသောအခါ၊ သူတို့ကိုညှဉ်းဆဲစေခြင်းငှာ အဘယ်သူအားမျှ အခွင့်ပေးတော်မမူ။ သူတို့အတွက်လည်း ရှင်ဘုရင်တို့ကိုဆုံးမလျက်၊ ငါ့ထံ၌ ဘိသိက်ခံသောသူတို့ကို မထိမခိုက်နှင့်။ ငါ့ပရောဖက်တို့ကို အပြစ်မပြုနှင့်ဟု မိန့်တော်မူ၏။ မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားအား သီချင်းဆိုကြလော့။ ကယ်တင်တော်မူခြင်းတရားကို တစ်နေ့ထက်တစ်နေ့ ညွှန်ကြားကြလော့။ ဘုန်းတော်ကို တစ်ပါးအမျိုးသားတို့၌လည်းကောင်း၊ အံ့ဖွယ်သောအမှုတော်တို့ကို ခပ်သိမ်းသော လူမျိုးတို့၌လည်းကောင်း ဖော်ပြကြလော့။ ထာဝရဘုရားသည် ကြီးမြတ်၍၊ အလွန်ချီးမွမ်းဖွယ်ဖြစ်တော်မူ၏။ ဘုရားတကာတို့ထက် ကြောက်ရွံ့ဖွယ်ဖြစ်တော်မူ၏။ တစ်ပါးအမျိုးသားတို့၏ ဘုရားရှိသမျှတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ ထာဝရဘုရားမူကား၊ မိုးကောင်းကင်ကို ဖန်ဆင်းတော်မူ၏။ ဘုန်းတန်ခိုးအာနုဘော်သည် ရှေ့တော်၌ရှိ၏။ အစွမ်းသတ္တိနှင့် ဝမ်းမြောက်ခြင်းအကြောင်းလည်း နေတော်မူရာ၌ ရှိ၏။ လူအမျိုးမျိုးတို့၊ ထာဝရဘုရားသည် ဘုန်းတန်ခိုး အစွမ်းသတ္တိရှိတော်မူသည်ဟု ဝန်ခံကြလော့။ ရှိတော်မူသည်ဟု ဝန်ခံကြလော့။ ထာဝရဘုရား၏နာမတော်သည် ဘုန်းကြီးတော်မူသည်ဟု ဝန်ခံကြလော့။ ပူဇော်သကာကို ဆောင်ခဲ့လျက် ရှေ့တော်သို့ ချဉ်းကပ်ကြလော့။ သန့်ရှင်းသောတန်ဆာကိုဆင်၍ ထာဝရဘုရားကို ကိုးကွယ်ကြလော့။ မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ ကြောက်ရွံ့ခြင်းရှိကြလော့။ လောကဓာတ်သည် မလှုပ်မရှားနိုင်အောင် မြဲမြံစွာတည်လိမ့်မည်။ ကောင်းကင်သည် ဝမ်းမြောက်ခြင်းရှိစေ။ မြေကြီးသည်လည်း ရွှင်လန်းခြင်းရှိစေ။ ထာဝရဘုရား စိုးစံတော်မူသည်ဟု တစ်ပါးအမျိုးသားတို့တွင် ဟောပြောကြစေ။ ပင်လယ်နှင့် ပင်လယ်တန်ဆာသည် အသံဗလံပြုစေ။ လယ်ပြင်နှင့် လယ်ပြင်၌ ရှိသမျှသည်လည်း ဝမ်းမြောက်စေ။ ထိုအခါ တော၌ ရှိသမျှသော အပင်တို့သည် ထာဝရဘုရားရှေ့တော်၌ ရွှင်လန်းစွာ သီချင်းဆိုကြလိမ့်မည်။ အကြောင်းမူကား၊ ကိုယ်တော်သည် မြေကြီးသားတို့ကို တရားစီရင်ခြင်းငှာ ကြွလာတော်မူ၏။ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော်အစဉ်အမြဲ တည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကျွန်ုပ်တို့ကို ကယ်တင်တော်မူသောဘုရား၊ အကျွန်ုပ်တို့သည် သန့်ရှင်းသောနာမတော် ဂုဏ်ကျေးဇူးကိုဝန်ခံ၍ ကျေးဇူးတော်ကို ချီးမွမ်းခြင်း၌ ဝါကြွားဝမ်းမြောက်မည်အကြောင်း အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ တစ်ပါးအမျိုးသားထဲကနုတ်၍ စုဝေးစေတော်မူပါဟု မြွက်ဆိုကြလော့။ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားသည် ကမ္ဘာအဆက်ဆက် မင်္ဂလာရှိတော်မူစေသတည်းဟု သီချင်းဆိုကြသောအခါ၊ လူများအပေါင်းတို့သည် အာမင်ဟုဝန်ခံလျက် ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။
၁ ရာဇဝင်ချုပ် 16 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ ရာဇဝင်ချုပ် 16:1-36
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ