တုရုမင်းကြီးဟိရံသည် ဒါဝိဒ်အဖို့ နန်းတော်ကိုတည်ဆောက်ခြင်းငှာ၊ သံတမန်နှင့်တကွ အာရဇ်သစ်သား၊ လက်သမား၊ ပန်းရန်သမားတို့ကို စေလွှတ်လေ၏။ ထာဝရဘုရားသည် ဒါဝိဒ်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားတော်မူကြောင်းနှင့် မိမိလူဣသရေလအမျိုးအဖို့ အလိုငှာ၊ နိုင်ငံကို ချီးမြှောက်တော်မူကြောင်းကို ဒါဝိဒ်သိမြင်လေ၏။ ဒါဝိဒ်သည် ယေရုရှလင်မြို့၌ ထပ်၍ မယားတို့ကို သိမ်းယူသဖြင့် သားသမီးများတို့ကို မြင်လေ၏။ ယေရုရှလင်မြို့၌ ဒါဝိဒ်မြင်သောသားတို့ အမည်ကား၊ ရှမွာ၊ ရှောဗပ်၊ နာသန်၊ ရှောလမုန်၊ ဣဗဟာ၊ ဧလိရွှ၊ ဧလိပလက်၊ နောဂ၊ နေဖက်၊ ယာဖျာ၊ ဧလိရှမာ၊ ဧလျာဒ၊ ဧလိဖလက်တည်း။ ဒါဝိဒ်ကို ဘိသိက်ပေး၍ ဣသရေလ ရှင်ဘုရင်အရာ၌ ခန့်ထားကြောင်းကို ဖိလိတ္တိလူတို့သည်ကြားလျှင်၊ ထိုသူအပေါင်းတို့သည် ဒါဝိဒ်ကိုရှာ၍ လာကြ၏။ ထိုသတင်းကို ဒါဝိဒ်သည် ကြားသောအခါ ချီသွား၏။ ဖိလိတ္တိလူတို့သည် လာ၍ ရေဖိမ်ချိုင့်၌ အနှံ့အပြားနေကြ၏။ ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ဖိလိတ္တိလူတို့ရှိရာသို့ သွားရပါမည်လော။ အကျွန်ုပ်လက်၌ အပ်တော်မူမည်လောဟု ဘုရားသခင်ကို မေးလျှောက်လျှင်၊ ထာဝရဘုရားက သွားလော့။ သင့်လက်၌ ငါအပ်မည်ဟု မိန့်တော်မူသည်အတိုင်း၊ ဒါဝိဒ်သည် ဗာလပေရဇိမ်မြို့သို့ သွား၍ သူတို့ကို လုပ်ကြံပြီးမှ၊ ဘုရားသခင်သည် ရေထ၍ဖြိုဖျက်သကဲ့သို့ ငါ့ရန်သူတို့ကို ငါ့အားဖြင့် ဖြိုဖျက်တော်မူပြီဟုဆိုလျက်၊ ထိုအရပ်ကို ဗာလပေရဇိမ်အမည်ဖြင့် တွင်စေသတည်း။ ထိုအရပ်၌ ဖိလိတ္တိလူများ ပစ်ထားသောရုပ်တုများကို ဒါဝိဒ်၏အမိန့်တော်နှင့် မီးရှို့ကြ၏။ တစ်ဖန် ဖိလိတ္တိလူတို့သည် ထိုချိုင့်၌ အနှံ့အပြားလာ၍နေကြ၏။ ဒါဝိဒ်သည်လည်း ဘုရားသခင်ကို တစ်ဖန်မေးလျှောက်သော်၊ သူတို့ရှိရာသို့ တည့်တည့်မတက်ရ။ သူတို့မှလွှဲ၍ ပိုးစာတောတစ်ဖက်တစ်ချက်၌ ချီရမည်။ ပိုးစာပင်ဖျား၌ စစ်ချီသံကိုကြားသောအခါ၊ တိုက်အံ့သောငှာ ချီလော့။ ထိုအခါ ဘုရားသခင်သည် ဖိလိတ္တိတပ်ကို လုပ်ကြံခြင်းငှာ သင့်ရှေ့မှာ ကြွသွားမည်ဟု ဘုရားသခင် မိန့်တော်မူသည်အတိုင်း၊ ဒါဝိဒ်သည်ပြု၍ ဖိလိတ္တိလူတို့ကို ဂိဗောင်မြို့မှသည် ဂါဇေရမြို့တိုင်အောင် လုပ်ကြံလေ၏။ ဒါဝိဒ်သတင်းသည် အတိုင်းတိုင်း အပြည်ပြည်တို့၌ နှံ့ပြား၍၊ ခပ်သိမ်းသော လူမျိုးတို့သည် သူ့ကိုကြောက်ရွံ့စေခြင်းငှာ ထာဝရဘုရား စီရင်တော်မူ၏။
၁ ရာဇဝင်ချုပ် 14 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ ရာဇဝင်ချုပ် 14:1-17
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ