YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 21

21
1ထိုနောက်ယေရှုသည် တိဗေရိအိုင်နားတွင် တပည့်တော်တို့အားတစ်ဖန်ထင်ရှားတော်မူသည့်နည်းဟူမူကား၊ 2ရှိမုန်ပေတရု၊ ဒိဒုမုခေါ်သောမ၊ ဂါလိလဲနယ် ကာနမြို့သားနာသနေလ၊ ဇေဗေဒဲသားတို့နှင့် အခြားတပည့်တော်နှစ်ပါးတို့သည်အတူရှိနေကြခိုက်၊ 3ရှိမုန်ပေတရုက ငါးဖမ်းသွားမည်ဟုဆိုရာ ငါတို့လည်းလိုက်မည်ဟုဆိုကြသဖြင့် ထွက်သွား၍လှေပေါ်သို့တက်ကြသည့်နောက်၊ 4ထိုညဉ့်တွင် တစ်ကောင်မျှမရကြ။ နံနက်အချိန်ရောက်သော် ယေရှုသည် ကမ်းပေါ်မှာရပ်နေတော်မူသော်လည်း ယေရှုဖြစ်ကြောင်းတပည့်တော်တို့မသိကြ။ 5ထိုအခါယေရှုက အမောင်တို့၊ ငါးမရလောဟုမေးတော်မူလျှင် မရဟုပြန်ဆိုကြသော်၊ 6ကိုယ်တော်က လှေ့ယာဘက်တွင်ပိုက်ချလော့။ ရကြလိမ့်မည်ဟုမိန့်တော်မူသည့်အတိုင်းချကြရာ ငါးများစွာမိသဖြင့် မဆွဲမတင်နိုင်ကြ။ 7သို့ဖြစ်၍ ယေရှုချစ်တော်မူသောတပည့်တော်က အရှင်ဘုရားဖြစ်သည်ဟု ပေတရုအားဆိုသည့်အတိုင်း အရှင်ဘုရားဖြစ်ကြောင်းကြားသော် နံငယ်ဆည်းနေသောရှိမုန်ပေတရုသည် အင်္ကျီပတ်လျက် အိုင်ထဲသို့ခုန်ဆင်းလေ၏။ 8အခြားတပည့်တော်တို့မူကား ကမ်းနှင့်တောင်ရေနှစ်ရာခန့်သာကွာသောကြောင့် လှေငယ်ပေါ်ကနေ၍ ငါးနှင့်အပြည့်ရှိသောပိုက်ကိုဆွဲလျက်၊ 9ကမ်းသို့ဆိုက်ရောက်ကြသော် မုန့်နှင့်တကွမီးသွေးမီးဖိုတွင် ငါးကင်ကိုတွေ့မြင်ကြ၏။ 10ယေရှုကလည်း ယခုဖမ်းရသောငါးအချို့ကိုယူခဲ့ကြလော့ဟု မိန့်တော်မူရာ၊ 11ရှိမုန်ပေတရုသည် လှေသို့တက်၍ ငါးကြီးတစ်ရာ့ငါးဆယ့်သုံးကောင်နှင့်ပြည့်သောပိုက်ကို ကုန်းရောက်ဆွဲတင်၏။ ထိုမျှလောက်ငါးများသော်လည်း ပိုက်မစုတ်မပြတ်ချေ။ 12ထိုအခါယေရှုက လာ၍နံနက်စာစားကြလော့ဟု မိန့်တော်မူရာ၊ အရှင်ဘုရားဖြစ်ကြောင်းထင်မှတ်ကြသဖြင့် သင်မည်သူနည်းဟု တပည့်တော်တစ်ပါးမျှ မမေးဝံ့။ 13ယေရှုသည်မုန့်ကိုသွားယူ၍ တပည့်တော်တို့အားပေးကမ်းပြီးလျှင် ငါးကိုလည်းပေးကမ်းတော်မူ၏။ 14သူသေတို့အထဲမှ ရှင်ပြန်ထမြောက်တော်မူပြီးနောက် တပည့်တော်တို့အား ထိုသို့ထင်ရှားတော်မူသည်မှာ တတိယအကြိမ်တည်း။
15တပည့်တော်တို့စားကြပြီးနောက် ရှိမုန်ပေတရုအားယေရှုက ယောဟန်၏သားရှိမုန်၊ ဤသူတို့ထက် သင်သည်ငါ့ကိုမြတ်နိုးသလောဟုမေးတော်မူသော် ပေတရုက မှန်ပါသည်အရှင်ဘုရား၊ ကိုယ်တော်ကိုချစ်ခင်ကြောင်း ကိုယ်တော်သိတော်မူပါသည်ဟုလျှောက်ရာ၊ ငါ့သိုးသားငယ်တို့ကိုကျွေးမွေးလော့ဟု မိန့်တော်မူ၏။ 16ထိုနောက်ဒုတိယအကြိမ် ယောဟန်၏သားရှိမုန်၊ ငါ့ကိုမြတ်နိုးသလောဟုမေးတော်မူသော် ပေတရုက မှန်ပါသည်အရှင်ဘုရား၊ ကိုယ်တော်ကိုချစ်ခင်ကြောင်း ကိုယ်တော်သိတော်မူပါသည်ဟုလျှောက်ရာ ငါ့သိုးတို့ကိုထိန်းကျောင်းလော့ဟုမိန့်တော်မူ၏။ 17တစ်ဖန်တတိယအကြိမ် ယောဟန်၏သားရှိမုန်၊ ငါ့ကိုချစ်ခင်သလောဟုမေးတော်မူသော် တတိယအကြိမ်၌ ငါ့ကိုချစ်ခင်သလောဟုမေးတော်မူသောကြောင့် ပေတရုသည်ဝမ်းနည်းလျက် အရှင်ဘုရား၊ ကိုယ်တော်သည် အရာခပ်သိမ်းကိုသိတော်မူသည်နှင့်အညီ ကိုယ်တော်ကိုတပည့်တော်ချစ်ခင်ကြောင်း သိမြင်တော်မူပါသည် ဟုလျှောက်ရာ ယေရှုက ငါ့သိုးတို့ကိုကျွေးမွေးလော့။ 18ငါဧကန်အမှန်ဆိုသည်ကား၊ သင်သည်ငယ်ရွယ်စဉ် ခါးစည်း၍အလိုရှိရာသွားလာတတ်၏။ အိုသည့်ကာလမူကား လက်ဆန့်ရသောသင့်ကို သူတစ်ထူးခါးကြိုးတပ်၍ သင်အလိုမရှိရာသို့ ထုတ်သွားလိမ့်မည်ဟု မိန့်တော်မူ၏။ 19မည်သို့သောသေခြင်းဖြင့် ဘုရားသခင့်ဘုန်းတော်ကိုပေတရုထင်ရှားစေမည့်အကြောင်းဖော်ပြ၍ ထိုသို့မိန့်တော်မူပြီးမှပေတရုအား ငါ့နောက်လိုက်လော့ဟု မိန့်တော်မူပြန်၏။ 20ပေတရုသည်လှည့်ကြည့်သော် ပွဲတော်တွင်ရင်တော်ကိုမော့ကပ်ပြီးလျှင် အရှင်ဘုရား၊ ကိုယ်တော်ကိုမည်သူပို့အပ်မည်နည်းဟု မေးလျှောက်ခဲ့သူ၊ ယေရှုချစ်တော်မူသောတပည့်တော် လိုက်လာသည်ကိုမြင်လျှင်၊ 21ယေရှုအား အရှင်ဘုရား၊ ဤသူကားမည်သို့နည်းဟုလျှောက်ရာ၊ 22ယေရှုက ငါပြန်လာသည့်တိုင်အောင် သူ့ကိုနေစေရန်ငါအလိုရှိလျှင် သင်နှင့်အသို့ဆိုင်သနည်း။ သင်မှာမူ ငါ့နောက်လိုက်လော့ဟု ပြန်၍မိန့်တော်မူ၏။ 23ထိုကြောင့် ထိုတပည့်တော်သည်သေရမည်မဟုတ်ဟု ညီအစ်ကိုတို့တွင်အနှံ့အပြားပြောဆိုကြ၏။ သို့ရာတွင်မသေရဟု ယေရှုမိန့်တော်မူသည်မဟုတ်။ ငါပြန်လာသည့်တိုင်အောင်သူ့ကိုနေစေရန် ငါအလိုရှိလျှင် သင်နှင့်အသို့ဆိုင်သနည်းဟူ၍ မိန့်တော်မူ၏။
24ထိုတပည့်တော်မှာ ဤအကြောင်းအရာများကိုသက်သေခံလျက် ရေးသားသူဖြစ်သည့်အလျောက် သူ့သက်သေမှန်ကန်ကြောင်း ငါတို့သိကြ၏။
25ယေရှုပြုတော်မူသော အခြားအမှုအရာအများရှိသေး၏။ ထိုအမှုအရာရှိသမျှကို ရေးတင်ခဲ့လျှင် ဤလောကပင်မဆံ့နိုင်အောင် ကျန်းဂန်များလိမ့်မည်ငါထင်မှတ်သတည်း။

လက်ရှိရွေးချယ်ထားမှု

ရှင်ယောဟန် 21: GHB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

ရှင်ယောဟန် 21 အကြောင်း ဗီဒီယိုများ