YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဇာခရိအနာဂတ္တိကျမ်း 2

2
တတိယစိတ်အာရုံ-မြေတိုင်းတာသူ
1ထို့နောက် ငါ​မျှော်ကြည့်​လျှင် တိုင်းစရာ​ကြိုး​ကို ကိုင်​ထား​သော​လုလင်​တစ်​ဦး​ကို တွေ့​ရ​၏​။ 2ထိုအခါ ငါ​က “​အဘယ်​အရပ်​သို့ သွား​မည်နည်း​”​ဟု မေး​လျှင် သူ​က “​ဂျေရုဆလင်​မြို့​၏​အလျား​အနံ​မည်မျှ​ရှိ​သည်​ကို သိ​နိုင်​ရန် သွား​၍​တိုင်း​မည်​”​ဟု ငါ့​အား ဖြေ​၏​။
3ထို့နောက် ငါ​နှင့်​စကားပြော​နေ​သော​ကောင်းကင်တမန် ထွက်သွား​သောအခါ အခြား​ကောင်းကင်တမန်​တစ်​ပါး​က သူ့​အား လာ​၍​ဆီးကြို​ပြီး 4“​ထို​လုလင်​နောက်သို့ ပြေးသွား​၍ ‘​ဂျေရုဆလင်​မြို့​တွင် နေထိုင်​သော​လူ​နှင့် တိရစ္ဆာန်​တို့​သည် အလွန်​များပြား​လွန်း​သဖြင့် ထို​မြို့​သည် မြို့ရိုး​မ​ရှိ​သော​မြို့​ကဲ့သို့ ဖြစ်​လိမ့်မည်​။ 5ငါ​သည် ထို​မြို့​ကို​ဝန်းရံ​သော​မီး​မြို့ရိုး​ဖြစ်​မည်​။ ငါ​သည် ထို​မြို့​၏​ဘုန်းအသရေ​ဖြစ်​လိမ့်မည်​’​ဟူ၍ ထာဝရဘုရား မိန့်​တော်မူ​သည်​”​ဟု ပြောကြား​လော့​။
6ထာဝရဘုရား​က “​ထွက်ပြေး​ကြ​၊ ထွက်ပြေး​ကြ​၊ မြောက်​အရပ်​မှ ထွက်ပြေး​ကြ​။ မိုးကောင်းကင် လေး​မျက်နှာ​သို့ သင်​တို့​ကို ငါ​ကွဲလွင့်​စေ​ပြီ”​ဟု မိန့်​တော်မူ​၏​။ 7ထာဝရဘုရား​က “ထွက်ပြေး​ကြ​၊ ဘေဘီလုံ​သမီး​ထံ၌​နေ​သော အို ဇိအုန်​မြို့သား​တို့​၊ ထွက်ပြေး​ကြ​”​ဟု မိန့်​တော်မူ​၏​။ 8ဘုန်းအသရေ​ထင်ရှား​တော်မူ​ပြီး​နောက်တွင် သင်​တို့​အား​လုယူဖျက်ဆီး​သော​တစ်ပါးအမျိုးသား​တို့​ထံသို့ ငါ့​ကို​စေလွှတ်​တော်မူ​၏​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “သင်​တို့​အား​ထိပါး​သော​သူ​သည် မျက်ရှု​တော်​ကို​ထိပါး​သော​သူ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏​။ 9စင်စစ် သူ​တို့​အပေါ်​၌ ငါ့​လက်​ကို​ဝှေ့ယမ်း​မည်​။ သူ​တို့​သည် သူ​တို့​အစေအပါး​၏​လက်​၌ လုယက်ပစ္စည်း ဖြစ်​လိမ့်မည်​။ သို့မှ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ငါ့​ကို​စေလွှတ်​တော်မူ​ကြောင်း​ကို သင်​တို့​သိ​ရ​လိမ့်မည်​။
10“​အို ဇိအုန်​သမီးပျို​၊ ဝမ်းမြောက်​ရွှင်လန်း​စွာ​သီချင်းဆို​လော့​။ အကြောင်းမှာ ငါ​ကြွလာ​၍ သင်​နှင့်အတူ နေ​မည်​”​ဟု ထာဝရဘုရား မိန့်​တော်မူ​၏​။ 11ထို​နေ့ရက်​တွင် လူမျိုး​များစွာ​တို့​သည် ထာဝရဘုရား​ထံ​လာရောက်​ပူးပေါင်း​၍ ငါ​၏​လူမျိုး​တော် ဖြစ်လာ​လိမ့်မည်​။ ငါ​သည် သင့်​အလယ်​၌ ကိန်းဝပ်​မည်​။ သို့မှ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် သင့်​ထံသို့ ငါ့​ကို​စေလွှတ်​တော်မူ​ကြောင်း​ကို သင်​သိ​ရ​လိမ့်မည်​။ 12ထာဝရဘုရား​သည် သန့်ရှင်း​ရာ​ပြည်​၌ မိမိ​၏​ဝေစု​အဖြစ် ယုဒ​ပြည်​ကို သိမ်းယူ​လိမ့်မည်​။ ဂျေရုဆလင်​မြို့​ကို​လည်း ပြန်လည်​ရွေးချယ်​တော်မူ​လိမ့်မည်​။ 13အို လူသား​အပေါင်း​တို့​၊ ထာဝရဘုရား​ရှေ့​တော်​၌ ငြိမ်ဝပ်​စွာ​နေ​ကြ​လော့​။ ထာဝရဘုရား​သည် သန့်ရှင်း​သော​ကိန်းဝပ်​တော်မူ​ရာ​အရပ်​မှ ကြွလာ​တော်မူ​ပြီ​။

လက်ရှိရွေးချယ်ထားမှု

ဇာခရိအနာဂတ္တိကျမ်း 2: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ