YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှောလမုန်သီချင်း 3

3
1ညအချိန်​များ​၌ အိပ်ရာ​ပေါ်တွင် အကျွန်ုပ်​ချစ်မြတ်နိုး​သော​အရှင်​ကို ရှာဖွေ​မိ​ပါ​၏​။ ရှာ​သော်လည်း မ​တွေ့​ပါ​။
2‘ငါ​ထ​ပြီး မြို့​ထဲ​သွား​မည်​။ လမ်း​တကာ​၊ လမ်းဆုံလမ်းခွ​တို့​တွင် ငါ​ချစ်မြတ်နိုး​သော​အရှင်​ကို ရှာ​ပါ​မည်’​ဟု ဆို​ပြီး ရှာ​သော်လည်း မ​တွေ့​ပါ​။
3မြို့​ထဲတွင် ကင်းလှည့်​နေ​သူ​တို့​သည် အကျွန်ုပ်​ကို​တွေ့​ကြ​၏​။ အကျွန်ုပ်​က ‘​အကျွန်ုပ်​ချစ်မြတ်နိုး​သော​အရှင်​ကို သင်​တို့​တွေ့​မိ​ပါ​သလား​’​ဟု မေး​ပါ​၏​။
4ကင်းစောင့်​တို့​ကို အနည်းငယ်​ကျော်လွန်​သွား​သောအခါ အကျွန်ုပ်​ချစ်မြတ်နိုး​သော​အရှင်​ကို တွေ့​ရ​ပါ​၏​။ အကျွန်ုပ်​ကို​မွေးဖွား​သော​အမေ့​အိမ်​အတွင်းခန်း​ထဲသို့ သူ့​ကို အကျွန်ုပ်​ခေါ်ဆောင်​လာ​ပါ​၏​။ မ​ရောက်​မ​ချင်း သူ့​ကို မ​လွတ်တမ်း​ဆုပ်ကိုင်​ထား​ပါ​၏​။
5အို ဂျေရုဆလင်​သမီးပျို​တို့​၊ တော​၌​ကျင်လည်​သော​ဒရယ်မလေး​များ​၊ သမင်မလေး​များ​ကို တိုင်တည်ကျိန်ဆို​ပါ​လော့​။ ငါ့​အချစ်​သည် သူ့​အလိုလို​မ​နိုးလာ​မီ​တိုင်အောင် သူ့​ကို မ​နှိုး​ပါ​နှင့်​။ မ​ထ​စေ​ပါ​နှင့်​။​”
အခြားသူ
6“​မုရန်​၊ လော်ဗန်​တို့​မှစ၍ ကုန်သည်​တို့​၏​နံ့သာမှုန့်​အမျိုးမျိုး​တို့​ရနံ့​နှင့် သင်းထုံ​နေ​သော​မီးခိုးလုံး​ကဲ့သို့ တောကန္တာရ​မှ​တက်လာ​သော​သူ​ကား မည်သူ​နည်း​။
7ကြည့်​ပါ​။ အစ္စရေး​စစ်သူရဲ​ခြောက်ဆယ်​တို့​နှင့် ခြံရံ​ထား​သော ရှောလမုန်​မင်းကြီး​၏​ဝေါယာဉ်​ပါ​တကား​။
8ထို​စစ်သူရဲ​အားလုံး​တို့​သည် ဓားကိုင်သူရဲ​များ​၊ စစ်မှုရေးရာ​ကျွမ်းကျင်​သော​သူရဲ​များ​ဖြစ်​ကြ​၏​။ ညအချိန်​များ​၌​ကျရောက်​မည့်​ဘေး​ကို​ကာကွယ်​ရန် ဓား​ကို နံဘေး​၌​ဆောင်​ထား​ကြ​၏​။
9ရှောလမုန်​မင်းကြီး​သည် ကိုယ့်​အဖို့ ထို​ဝေါယာဉ်​ကို လက်ဘနွန်​သစ်သား​များ​ဖြင့် ပြုလုပ်​ထား​၏​။
10ဝေါယာဉ်​တိုင်​တို့​ကို ငွေ​ဖြင့်​လည်းကောင်း​၊ အောက်ခြေ​ကို ရွှေ​ဖြင့်​လည်းကောင်း​၊ ထိုင်ခုံအခင်း​ကို ခရမ်းရောင်​အထည်​ဖြင့်​လည်းကောင်း ပြုလုပ်​ထား​၏​။ ဂျေရုဆလင်​သမီးပျို​တို့​သည် အတွင်းပိုင်း​ကို ချစ်စဖွယ်​ဖြစ်​အောင် ပြင်ဆင်​ပေး​ထား​၏​။
11အို ဇိအုန်​သမီးပျို​တို့​၊ ထိမ်းမြားပွဲ​နေ့​၊ စိတ်နှလုံး​ရွှင်လန်း​ရာ​နေ့​တွင် မယ်တော်​ကိုယ်တိုင်​ဆောင်း​ပေး​သော​သရဖူ​ကို ဆောင်း​ထား​သော ရှောလမုန်​မင်းကြီး​ကို ထွက်​ကြည့်​ကြ​ပါ​လော့​။​”

လက်ရှိရွေးချယ်ထားမှု

ရှောလမုန်သီချင်း 3: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။