ထိုစဉ် ဗောဇသည် ဗက်လင်မြို့မှ ရောက်လာ၍ ကောက်ရိတ်သမားတို့အား “ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိပါစေသော”ဟု နှုတ်ဆက်လျှင် သူတို့ကလည်း “ထာဝရဘုရားသည် သခင့်ကို ကောင်းချီးပေးတော်မူပါစေသော”ဟု ပြန်နှုတ်ဆက်ကြ၏။ ဗောဇကလည်း မိမိအစေအပါးဖြစ်သည့် အလုပ်သမားခေါင်းဆောင်အား “ထိုအမျိုးသမီးသည် အဘယ်ကနည်း”ဟု မေးလျှင် သူ၏အစေအပါး ကောက်ရိတ်သမားခေါင်းဆောင်က “သူသည် နောမိနှင့်အတူ မောဘပြည်မှလိုက်လာသော မောဘအမျိုးသမီး ဖြစ်ပါ၏။ သူက ‘အကျွန်ုပ် ကောက်သင်းကောက်ပါရစေ၊ ကောက်ရိတ်သမားတို့နောက်မှ ကျန်ခဲ့သောသီးနှံကို ကောက်သိမ်းပါရစေ’ဟု လာ၍ခွင့်တောင်းပြီး မနက်ကတည်းက ယခုချိန်ထိ ကောက်သင်းကောက်ပါ၏။ ယခုမှသာ တဲတွင် ခဏနားနေပါသည်”ဟု ပြန်ပြောပြ၏။ ထိုအခါ ဗောဇက ရုသအား “ငါ့သမီး၊ နားထောင်ပါ။ အခြားလယ်ကွက်သို့သွား၍ ကောက်သင်းမကောက်နှင့်။ ဤနေရာမှ ထွက်မသွားနှင့်။ ငါ့အစေအပါးမိန်းကလေးတို့အနားမှာသာ နေပါ။ လုလင်တို့ ကောက်ရိတ်သောလယ်ကွက်ကိုကြည့်မှတ်၍ သူတို့နောက်သို့လိုက်ပါ။ သူတို့သည် သင့်ကို မထိပါးစေရန် ငါမှာထားပြီ။ ရေဆာလျှင် လုလင်တို့ ခပ်ထားသောရေအိုးထဲမှရေကို သွား၍ခပ်သောက်ပါ”ဟု ဆို၏။ ရုသကလည်း မြေမှာပျပ်ဝပ်လျက် “တစ်ပါးအမျိုးသားဖြစ်သောအကျွန်ုပ်ကို သခင်က အဘယ်ကြောင့် အသိအမှတ်ပြုမျက်နှာသာပေးပါသနည်း”ဟု မေးရာ ဗောဇကလည်း “သင်သည် ခင်ပွန်းသည်သေဆုံးပြီးနောက် သင့်ယောက္ခမကို ပြုစုခဲ့ရကြောင်း၊ သင့်မိဘ၊ သင့်မွေးရပ်မြေကိုစွန့်ပြီး ယခင်က သင်မသိခဲ့ဖူးသောလူမျိုးတို့ထံ လာခဲ့ရကြောင်းကို ငါ အလုံးစုံကြားသိရပြီ။ သင်ပြုခဲ့သည့်အတိုင်း ထာဝရဘုရား သင့်အား ပြန်လည်ကျေးဇူးပြုပါစေသော။ သင်သည် အစ္စရေးလူမျိုးတို့၏ဘုရားသခင် ထာဝရဘုရား၏အတောင်တော်အရိပ်အောက်၌ လာရောက်ခိုလှုံသည်ဖြစ်၍ ထိုအရှင်ထံမှ အကျိုးကျေးဇူးကြွယ်ဝစွာ ခံစားရပါစေသော”ဟု ပြန်ပြော၏။ ရုသကလည်း “အကျွန်ုပ်၏သခင်၊ အကျွန်ုပ်သည် သခင့်ရှေ့တွင် မျက်နှာရပါစေ။ အကျွန်ုပ်သည် သခင်၏ကျွန်မတစ်ဦးမဟုတ်သော်လည်း သခင်သည် အကျွန်ုပ်အား ကြင်နာစွာစကားဆို၍နှစ်သိမ့်ပါပြီ”ဟု ပြန်ပြော၏။ စားသောက်ချိန်ရောက်သောအခါ ဗောဇက ရုသအား “မုန့် လာစားပါ။ မုန့်ကို ဝိုင်အချဉ်ရည်နှင့် တို့စားပါ”ဟု ဆိုသဖြင့် သူသည် ကောက်ရိတ်သမားတို့ထိုင်သောဘေးတွင် ဝင်ထိုင်၏။ ထိုအခါ ဗောဇက သူ့အား မုန့်ဆန်းကိုလှမ်းပေးသဖြင့် သူသည် ဝအောင်စားပြီး ကျန်သောမုန့်ကို သိမ်းထား၏။ ထို့နောက် သူသည် ကောက်သင်းကောက်ရန် ထသွားသောအခါ ဗောဇက ငယ်သားတို့အား “သူသည် ကောက်လှိုင်းများကြား၌ကောက်ယူလျှင်လည်း သူ့ကို အပြစ်မပြောကြနှင့်။ သင်တို့ရိတ်ထားသောကောက်ဆုပ်ထဲမှ ကောက်နှံအချို့ကို ချထားခဲ့ပါ။ သူကောက်ယူပါစေ။ သူ့ကို အပြစ်မပြောကြနှင့်”ဟု မှာထားလေ၏။ ရုသလည်း ညနေတိုင်အောင် လယ်ထဲ၌ကောက်သင်းကောက်ပြီး ကောက်ထားသောကောက်နှံကို ရိုက်ခြွေသောအခါ မုယောစပါးတစ်ဧဖာခန့် ရ၏။
ရုသဝတ္ထု 2 ကိုဖတ်ပါ။
နားထောင်ပါ။ ရုသဝတ္ထု 2
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရုသဝတ္ထု 2:4-17
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ