YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမဩဝါဒစာ 6:12-23

ရောမဩဝါဒစာ 6:12-23 MSBU

ထို့ကြောင့် ကိုယ်ခန္ဓာ​၏​တပ်မက်​ခြင်း​အလို​သို့​လိုက်​ရန် သင်​တို့​၏​သေ​တတ်​သော​ကိုယ်ခန္ဓာ​ကို အပြစ်​အား မ​စိုးမိုး​စေ​ကြ​နှင့်။ သင်​တို့​၏​ကိုယ်အင်္ဂါ​များ​ကို​လည်း မတရားမှု​၏​လက်နက်​များ​အဖြစ် အပြစ်​အား မ​ဆက်သ​ကြ​နှင့်။ ထိုသို့​ပြု​မည့်​အစား သေ​သော​သူ​တို့​ထဲမှ အသက်ရှင်​လာ​သူ​ကဲ့သို့ မိမိကိုယ်ကို ဘုရားသခင်​အား ဆက်သ​၍ သင်​တို့​၏​ကိုယ်အင်္ဂါ​များ​ကို ဖြောင့်မတ်​ခြင်း​၏​လက်နက်​များ​အဖြစ် ဘုရားသခင်​အား ဆက်သ​ကြ​လော့။ အဘယ်ကြောင့်​ဆိုသော် သင်​တို့​သည် ပညတ်​တရား​လက်အောက်​၌​မ​ရှိ​ဘဲ ကျေးဇူး​တော်​လက်အောက်​၌​ရှိ​ကြ​သည်​ဖြစ်၍ အပြစ်​တရား​သည် သင်​တို့​ကို အစိုးတရ​ပြု​လိမ့်မည်​မ​ဟုတ်။ သို့ဖြစ်လျှင် မည်သို့​နည်း။ ငါ​တို့​သည် ပညတ်​တရား​လက်အောက်​၌​မ​ရှိ​ဘဲ ကျေးဇူး​တော်​လက်အောက်​၌​ရှိ​ကြ​သောကြောင့် အပြစ်​ပြု​ရ​မည်​လော။ လုံးဝ​မ​ပြု​ရ။ သင်​တို့​သည် တစ်စုံတစ်ဦး​အား မိမိကိုယ်ကို​ဆက်သ​၍ ကျွန်​အဖြစ်​နာခံ​လျှင် သင်​တို့​သည် သင်​တို့​နာခံ​သော​သူ​၏​ကျွန်​ဖြစ်​ကြ​ပြီး သေ​ခြင်း​သို့​ရောက်​စေ​သည့် အပြစ်​၏​ကျွန်​၊ သို့မဟုတ် ဖြောင့်မတ်​ခြင်း​သို့​ရောက်​စေ​သည့် နာခံ​မှု​၏​ကျွန်​ဖြစ်​တတ်​သည်​ကို သင်​တို့​မ​သိ​ကြ​သလော။ သင်​တို့​သည် အပြစ်​၏​ကျွန်​ဖြစ်​ခဲ့​ကြ​သော်လည်း သင်​တို့​ခံယူ​ရရှိ​သော သွန်သင်​ချက်​၏​နည်းဥပဒေသ​ကို စိတ်နှလုံး​နှင့်တကွ​နာခံ​ကြ​သဖြင့် အပြစ်​၏​လက်​မှ လွတ်မြောက်​ခွင့်​ရ​ပြီး ဖြောင့်မတ်​ခြင်း​၏​ကျွန်​ဖြစ်လာ​ကြ​သောကြောင့် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​၏။ သင်​တို့​၏​သွေးသား​ဇာတိ​အားနည်း​သောကြောင့် ငါ​သည် လောကီ​ဝေါဟာရ​အားဖြင့် ပြောဆို​၏။ ယခင်​က သင်​တို့​သည် မိမိ​တို့​၏​ကိုယ်အင်္ဂါ​များ​ကို ညစ်ညူး​ခြင်း​နှင့်​တရားမဲ့​ခြင်း​တို့​၏​ကျွန်​အဖြစ် ဆက်သ​၍ တရားမဲ့​ခြင်း​ထဲသို့ ရောက်​ခဲ့​ကြ​သည့်​နည်းတူ ယခု မိမိ​တို့​၏​ကိုယ်အင်္ဂါ​များ​ကို ဖြောင့်မတ်​ခြင်း​၏​ကျွန်​အဖြစ် ဆက်သ​၍ သန့်ရှင်း​ခြင်း​သို့​ရောက်​ကြ​လော့။ သင်​တို့​သည် အပြစ်​၏​ကျွန်​ဖြစ်​ခဲ့​စဉ်​က ဖြောင့်မတ်​ခြင်း​နှင့်​ကင်းဝေး​သော​သူ​များ​ဖြစ်​ခဲ့​ကြ​၏။ ထိုစဉ်က ယခု သင်​တို့​ရှက်ကြောက်​လျက်​ရှိ​သော​အရာ​တို့​မှ မည်သည့်​အကျိုးကျေးဇူး​ကို ရရှိ​ခဲ့​ကြ​သနည်း။ ထို​အရာ​တို့​၏​ရလဒ်​သည် သေ​ခြင်း​ဖြစ်​၏။ သို့သော် ယခု​အခါ သင်​တို့​သည် အပြစ်​၏​လက်​မှ​လွတ်မြောက်​ခွင့်​ရ​၍ ဘုရားသခင်​၏​ကျွန်​ဖြစ်လာ​ကြ​ပြီး သန့်ရှင်း​ခြင်း​သို့​ရောက်​စေ​သည့်​အကျိုးကျေးဇူး​ကို ခံစား​ရ​ကြ​၏။ ၎င်း​၏​ရလဒ်​မူကား ထာဝရ​အသက်​ဖြစ်​၏။ အကြောင်းမှာ အပြစ်​၏​အခ​သည် သေ​ခြင်း​ဖြစ်​၏။ ဘုရားသခင်​ပေး​တော်မူ​သော​ဆု​ကျေးဇူး​မူကား ငါ​တို့​၏​သခင်​ခရစ်တော်​ယေရှု​အားဖြင့် ထာဝရ​အသက်​ဖြစ်​၏။