YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမဩဝါဒစာ 5:15-21

ရောမဩဝါဒစာ 5:15-21 MSBU

သို့ရာတွင် ဆု​ကျေးဇူး​သည် ကျူးလွန်​သော​အပြစ်​ကဲ့သို့​မ​ဟုတ်​ပေ။ အကြောင်းမူကား တစ်​ယောက်​သော​သူ​ကျူးလွန်​သည့်​အပြစ်​ကြောင့် များစွာ​သော​သူ​တို့​သည် သေ​ခဲ့​လျှင် ဘုရားသခင်​၏​ကျေးဇူး​တော်​နှင့် ယေရှု​ခရစ်တော်​တည်းဟူသော တစ်​ယောက်​သော​သူ​၏​ကျေးဇူး​တော်​အားဖြင့် သက်ရောက်​သော​ကောင်းချီး​လက်ဆောင်​သည် များစွာ​သော​လူ​တို့​၌ ပို၍​ပင် ကြွယ်ဝ​ပြည့်စုံ​မည်​ဖြစ်​၏။ ထို့ပြင် ဆု​ကျေးဇူး​သည် တစ်​ယောက်​သော​သူ​က အပြစ်​ပြု​သောကြောင့် ဖြစ်​လာ​သည့်​အရာ​ကဲ့သို့​မ​ဟုတ်​ပေ။ အကြောင်းမူကား ကျူးလွန်​သော​အပြစ်​တစ်​ခု​ကြောင့်​ဖြစ်လာ​သည့် တရား​စီရင်​ခြင်း​သည် ပြစ်ဒဏ်​စီရင်​ခြင်း​သို့​ရောက်​စေ​၏။ သို့သော် ကျူးလွန်​သော​အပြစ်​များစွာ​ကြောင့်​ဖြစ်လာ​သည့် ဆု​ကျေးဇူး​မူကား ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​သို့​ရောက်​စေ​၏။ အကြောင်းမူကား တစ်​ယောက်​သော​သူ​ကျူးလွန်​သည့်​အပြစ်​ကြောင့် သေ​ခြင်း​သည် ထို​သူ​တစ်​ယောက်​အားဖြင့် စိုးမိုး​ခဲ့​လျှင် ကျေးဇူး​တော်​နှင့်​ဖြောင့်မတ်​ခြင်း​၏​ကောင်းချီး​လက်ဆောင်​ကို ကြွယ်ဝ​စွာ​ခံစားရ​သော​သူ​တို့​သည် တစ်​ယောက်​သော​သူ​တည်းဟူသော ယေရှု​ခရစ်တော်​အားဖြင့် အသက်ရှင်​ခြင်း​၌ ပို၍​ပင် စိုးမိုး​ရ​ကြ​လိမ့်မည်။ သို့ဖြစ်၍ ကျူးလွန်​သော​အပြစ်​တစ်​ခု​ကြောင့် ပြစ်ဒဏ်​စီရင်​ခြင်း​သည် လူ​အပေါင်း​တို့​ထံသို့ ရောက်လာ​သကဲ့သို့ ဖြောင့်မတ်​သော​အကျင့်​တစ်​ခု​ကြောင့် အသက်​နှင့်ဆိုင်သော​ဖြောင့်မတ်​ခြင်း​သည် လူ​အပေါင်း​တို့​ထံသို့ ရောက်လာ​၏။ တစ်နည်းဆိုသော် လူ​တစ်​ယောက်​၏​မ​နာခံ​မှု​ကြောင့် များစွာ​သော​လူ​တို့​သည် အပြစ်သား​အဖြစ် သတ်မှတ်​ခြင်း​ခံရ​ကြ​သည့်​နည်းတူ တစ်​ယောက်​သော​သူ​၏​နာခံ​မှု​ကြောင့် များစွာ​သော​လူ​တို့​သည် ဖြောင့်မတ်​သော​သူ​အဖြစ် သတ်မှတ်​ခြင်း​ခံရ​ကြ​လိမ့်မည်။ ပညတ်​တရား​မူကား ကျူးလွန်​သော​အပြစ်​ကို များပြား​စေရန်​ဝင်ရောက်​ခဲ့​၏။ သို့သော် အပြစ်​များပြား​လာ​သည့်​နေရာ​၌ ကျေးဇူး​တော်​သည် ပို၍​ပြည့်စုံ​ကြွယ်ဝ​လေ​၏။ ဤသည်ကား အပြစ်​သည် သေ​ခြင်း​အားဖြင့် စိုးမိုး​ခဲ့​သည့်​နည်းတူ ကျေးဇူး​တော်​သည်​လည်း ဖြောင့်မတ်​ခြင်း​အားဖြင့် စိုးမိုး​လျက် ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​အားဖြင့် ထာဝရ​အသက်​ကို​ရရှိ​စေရန်​ဖြစ်​၏။