YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမဩဝါဒစာ 2:1-11

ရောမဩဝါဒစာ 2:1-11 MSBU

ထို့ကြောင့် သူတစ်ပါး​ကို​စီရင်​တတ်​သော​အချင်း​လူ၊ သင်​သည် ဆင်ခြေ​ပေး​၍​မ​ရ။ အဘယ်ကြောင့်​ဆိုသော် စီရင်​နေ​သော​သင်​သည်​လည်း တူညီ​သော​အမှု​များ​ကို​ပြုကျင့်​နေ​သည်​ဖြစ်၍ သူတစ်ပါး​ကို​စီရင်​ရာ​တွင် သင့်ကိုယ်သင်​ပြစ်ဒဏ်​စီရင်​ရာ​ရောက်​၏။ ထိုသို့​သော​အမှု​များ​ကို ပြုကျင့်​သော​သူ​တို့​အပေါ်၌ ဘုရားသခင်​၏​တရား​စီရင်​ခြင်း​သည် သမ္မာတရား​နှင့်အညီ​သက်ရောက်​သည်​ကို ငါ​တို့​သိ​ကြ​၏။ သို့ဖြစ်၍ ထိုသို့​သော​အမှု​များ​ကို​ပြုကျင့်​သော​သူ​တို့​အား စီရင်​လျက်​နှင့် ထို​အမှု​တို့​ကို ကိုယ်တိုင်​ပြု​သော​အချင်း​လူ၊ သင်​သည် ဘုရားသခင်​၏​ပြစ်ဒဏ်​စီရင်​ခြင်း​မှ​လွတ်​မည်​ဟု ထင်မှတ်​သလော။ သို့မဟုတ် ဘုရားသခင်​၏​ကျေးဇူးပြု​တော်မူ​ခြင်း​သည် သင့်​ကို နောင်တ​သို့​ပို့ဆောင်​သည်​ကို​မ​သိ​မ​မှတ်​ဘဲ ကိုယ်တော်​၏​ကြွယ်ဝ​သော​ကျေးဇူးပြု​တော်မူ​ခြင်း၊ သည်းခံ​တော်မူ​ခြင်း​နှင့် စိတ်ရှည်​တော်မူ​ခြင်း​တို့​ကို မထီမဲ့မြင်​ပြု​သလော။ သို့သော် သင်​၏​မာကျော​ခက်ထန်​မှု​နှင့်​နောင်တ​မ​ရ​သော​စိတ်နှလုံး​တို့​ကြောင့် သင်​သည် အမျက်​တော်​နေ့​တည်းဟူသော ဘုရားသခင်​၏​ဖြောင့်မတ်​သည့် တရား​စီရင်​ခြင်း​ထင်ရှား​ရာ​နေ့​အတွက် အမျက်​တော်​ကို မိမိ​အဖို့​သိုမှီး​လျက်​ရှိ​၏။ ဘုရားသခင်​သည် လူ​အသီးသီး​တို့​အား မိမိ​တို့​ပြု​သော​အမှု​နှင့်အညီ အကျိုး​အပြစ်​ကို​ပေး​တော်မူ​လိမ့်မည်။ ကောင်း​သော​အမှု​ကို ဇွဲ​လုံ့လ​ဖြင့်​ပြု​လျက် ဘုန်း​တော်၊ ဂုဏ်​တော်​နှင့် ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​တို့​ကို​ရှာဖွေ​သော​သူ​တို့​အား ထာဝရ​အသက်​ကို ပေး​တော်မူ​လိမ့်မည်။ တစ်ကိုယ်ကောင်းဆန်​၍ သမ္မာတရား​ကို​မ​နာခံ​ဘဲ မတရားမှု​နောက်​သို့​လိုက်​သော​သူ​တို့​အပေါ်၌​မူကား ပြင်းစွာ​သော​ဒေါသ​နှင့်​အမျက်​တော်​ကို သက်ရောက်​စေ​တော်မူ​လိမ့်မည်။ ဆင်းရဲ​ဒုက္ခ​နှင့်​နာကျင်​ခြင်း​ဝေဒနာ​တို့​သည် ဦးစွာ​ဂျူး​လူမျိုး ထို့နောက် ဂရိ​လူမျိုး​အပါအဝင် မကောင်း​သော​အမှု​ကို​ပြု​သည့် သက်ရှိ​လူသား​အပေါင်း​တို့​အပေါ်သို့ ကျရောက်​လိမ့်မည်။ ဘုန်း​တော်၊ ဂုဏ်​တော်​နှင့် ငြိမ်သက်​ခြင်း​တို့​မူကား ဦးစွာ​ဂျူး​လူမျိုး ထို့နောက် ဂရိ​လူမျိုး​အပါအဝင် ကောင်း​သော​အမှု​ကို​ပြု​သော​သူ​အပေါင်း​တို့​အပေါ်သို့ သက်ရောက်​လိမ့်မည်။ အကြောင်းမူကား ဘုရားသခင်​၌ မျက်နှာလိုက်​ခြင်း​မ​ရှိ။