YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမဩဝါဒစာ 16:17-27

ရောမဩဝါဒစာ 16:17-27 MSBU

ညီအစ်ကို​တို့၊ သင်​တို့​ခံယူ​ပြီး​သော​သွန်သင်​ချက်​ကို​ဆန့်ကျင်​၍ ကွဲပြား​ခြင်း​နှင့်​မှားယွင်း​ခြင်း​တို့​ကို ဖြစ်ပွား​စေ​သော​သူ​တို့​ကို​သတိပြု​လျက် ရှောင်ရှား​ကြ​ရန်​သင်​တို့​အား ငါ​တိုက်တွန်း​နှိုးဆော်​၏။ အကြောင်းမူကား ထိုသို့​သော​သူ​တို့​သည် ငါ​တို့​၏​သခင်​ခရစ်တော်​ကို အစေ​မ​ခံ​ဘဲ မိမိ​တို့​၏​ဝမ်းဗိုက်​ကို​သာ အစေခံ​၍ ချိုသာ​သော​စကား​နှင့် မြှောက်ပင့်​သော​စကား​တို့​ဖြင့် ရိုးစင်း​သော​သူ​တို့​၏​စိတ်နှလုံး​ကို လှည့်ဖြား​တတ်​ကြ​၏။ သင်​တို့​၏​နာခံ​မှု​သည် လူ​အပေါင်း​တို့​တွင် ကျော်စော​သည်​ဖြစ်၍ သင်​တို့​အတွက် ငါ​ဝမ်းမြောက်​၏။ သို့ရာတွင် သင်​တို့​သည် ကောင်း​သော​အမှု​၌ ပညာရှိ​ဖြစ်​ကြ​ပြီး မကောင်း​သော​အမှု​၌ အပြစ်​ကင်းစင်​သော​သူ​ဖြစ်​ကြ​ရန် ငါ​အလိုရှိ​၏။ ငြိမ်သက်​ခြင်း​၏​အရှင်​ဘုရားသခင်​သည် မကြာမီ​အတွင်း စာတန်​ကို သင်​တို့​၏​ခြေ​အောက်၌ ကြေမွ​စေ​တော်မူ​လိမ့်မည်။ ငါ​တို့​သခင်​ယေရှု​၏​ကျေးဇူး​တော်​သည် သင်​တို့​နှင့်အတူ​ရှိ​ပါစေသော။ ငါ​၏​လုပ်ဖော်ဆောင်ဖက်​တိမောသေ၊ ငါ့​အမျိုးသား​ချင်း လုကိ၊ ယာသုန်​နှင့် သောသိပါတရု​တို့​သည် သင်​တို့​ကို​နှုတ်ဆက်​ကြ​၏။ ဤ​စာ​ကို​ရေး​ပေး​သူ အကျွန်ုပ်​တေရတိ​သည် သခင်​ဘုရား​၌ သင်​တို့​ကို​နှုတ်ဆက်​ပါ​၏။ ငါ​မှစ၍ အသင်းတော်​တစ်ခုလုံး​ကို​လက်ခံ​သော​အိမ်ရှင်​ဂါယု​သည် သင်​တို့​ကို​နှုတ်ဆက်​၏။ မြို့​တော်​ဘဏ္ဍာထိန်း​ဧရတ္တု​နှင့် ငါ​တို့​၏​ညီအစ်ကို​ကွာတု​တို့​သည် သင်​တို့​ကို​နှုတ်ဆက်​ကြ​၏။ [ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ကျေးဇူး​တော်​သည် သင်​တို့​အားလုံး​နှင့်အတူ​ရှိ​ပါစေသော။ အာမင်။] ငါ​ဟောပြော​သည့်​ကောင်းမြတ်​သော​သတင်း​နှင့် ယေရှု​ခရစ်တော်​အကြောင်း​ကို​ဟောပြော​ခြင်း​အားဖြင့်​လည်းကောင်း၊ ရှေး​ကာလ​ပတ်လုံး ဝှက်​ထား​ခြင်း​ခံရ​သော်လည်း ယခု​အခါ ထာဝရ​ဘုရားသခင်​၏​အမိန့်​တော်​အတိုင်း ပရောဖက်​ကျမ်း​များ​၌​ထင်ရှား​ပြီး ယုံကြည်​ခြင်း​နှင့်ဆိုင်သော​နာခံ​မှု​ရှိ​စေရန် လူမျိုး​အပေါင်း​တို့​အား​သိ​စေ​သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ဖွင့်ပြ​ခြင်း​အားဖြင့်​လည်းကောင်း သင်​တို့​ကို ခိုင်ခံ့​မြဲမြံ​စေ​နိုင်​သော​အရှင်​၊ ပညာ​နှင့်​ပြည့်စုံ​တော်မူ​သည့် တစ်ဆူတည်း​သော​ဘုရားသခင်​၌ ယေရှု​ခရစ်တော်​အားဖြင့် ကာလ​အစဉ်အဆက် ဘုန်း​အသရေ​တော်​ရှိ​ပါစေသော။ အာမင်။