YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမဩဝါဒစာ 14:1-12

ရောမဩဝါဒစာ 14:1-12 MSBU

ယုံကြည်​ခြင်း​အားနည်း​သော​သူ​ကို လက်ခံ​ကြ​လော့။ သူ​၏​တွေးတော​ကြံစည်​မှု​များ​ကို မ​ဝေဖန်​ကြ​နှင့်။ အချို့​သော​သူ​သည် အစားအစာ​အားလုံး​ကို​စား​၍​ရ​သည်​ဟု ယုံကြည်​၏။ အားနည်း​သော​သူ​မူကား ဟင်းသီးဟင်းရွက်​ကို​သာ​စား​၏။ စား​သော​သူ​သည် မ​စား​သော​သူ​ကို​မထီမဲ့မြင်​မ​ပြု​နှင့်။ မ​စား​သော​သူ​သည်​လည်း စား​သော​သူ​ကို မ​စီရင်​နှင့်။ အကြောင်းမူကား ဘုရားသခင်​သည် သူ့​ကို​လက်ခံ​တော်မူ​ပြီ။ သင်​သည် မည်သူ​ဖြစ်​၍ သူတစ်ပါး​၏​အစေခံ​ကို စီရင်​သနည်း။ ထို​သူ​ရပ်​သည်​ဖြစ်စေ၊ လဲ​သည်​ဖြစ်စေ သူ့​သခင်​နှင့်ဆိုင်​၏။ သို့ရာတွင် သူ​သည်​ရပ်​လိမ့်မည်။ အကြောင်းမူကား သခင်​ဘုရား​သည် သူ့​ကို​ရပ်​စေ​နိုင်​တော်မူ​၏။ အချို့​သော​သူ​သည် နေ့ရက်​တစ်​ရက်​ကို အခြား​နေ့ရက်​ထက် ပို၍​မြတ်​သည်​ဟု​ယူဆ​၏။ အချို့​မူကား နေ့ရက်​အားလုံး​အတူတူ​ဖြစ်​သည်​ဟု​ယူဆ​၏။ လူ​တိုင်း မိမိ​တို့​ယူဆ​ထား​သော​အရာ​အပေါ် စိတ်နှလုံး​ထဲ၌ အပြည့်အဝ​ယုံကြည်​ပါစေ။ နေ့ရက်​ကို​စောင့်ထိန်း​သော​သူ​သည် သခင်​ဘုရား​အတွက်​စောင့်ထိန်း​၏။ စား​သော​သူ​သည်​လည်း သခင်​ဘုရား​အတွက်​စား​၏။ အကြောင်းမူကား သူ​သည် ဘုရားသခင်​ကို​ကျေးဇူးတင်​၏။ မ​စား​သော​သူ​သည်​လည်း သခင်​ဘုရား​အတွက်​မ​စား​ဘဲ​နေ​၍ ဘုရားသခင်​ကို​ကျေးဇူးတင်​၏။ ငါ​တို့​တွင် ကိုယ့်​အတွက်​အသက်ရှင်​သော​သူ တစ်ယောက်မျှ​မ​ရှိ။ ကိုယ့်​အတွက်​သေ​သော​သူ​လည်း တစ်ယောက်မျှ​မ​ရှိ။ အကြောင်းမူကား ငါ​တို့​သည် အသက်ရှင်​လျှင် သခင်​ဘုရား​အတွက်​အသက်ရှင်​၍ သေ​လျှင် သခင်​ဘုရား​အတွက်​သေ​၏။ ထို့ကြောင့် ငါ​တို့​သည် အသက်ရှင်​သည်​ဖြစ်စေ၊ သေ​သည်​ဖြစ်စေ သခင်​ဘုရား​ပိုင်ဆိုင်​တော်မူ​ရာ​ဖြစ်​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် ခရစ်တော်​သည် သေလွန်​သော​သူ​တို့​နှင့်​အသက်ရှင်​သော​သူ​တို့​၏​အရှင်​သခင်​ဖြစ်​ရန်​အတွက် အသေခံ​တော်မူ​ပြီးနောက် အသက်​ပြန်​ရှင်​တော်မူ​၏။ သို့ဖြစ်လျှင် သင်​သည် အဘယ်ကြောင့် သင့်​ညီအစ်ကို​ကို စီရင်​သနည်း။ အဘယ်ကြောင့် သင့်​ညီအစ်ကို​ကို မထီမဲ့မြင်​ပြု​သနည်း။ ငါ​တို့​အားလုံး​သည် ဘုရားသခင်​၏​တရားပလ္လင်​တော်​ရှေ့၌ ရပ်​ကြ​ရ​လိမ့်မည်။ အကြောင်းမူကား “ထာဝရ​ဘုရား​မိန့်​တော်မူ​သည်​မှာ ငါ​သည် အသက်ရှင်​သည်​ဖြစ်၍ လူ​တိုင်း ငါ့​ရှေ့၌ ဒူး​ထောက်​လိမ့်မည်။ လူ​တိုင်း​၏​နှုတ်​သည်​လည်း ဘုရားသခင်​ကို​ချီးမွမ်း​လိမ့်မည်”​ဟု ကျမ်းစာ​၌​ရေး​ထား​၏။ သို့ဖြစ်၍ ငါ​တို့​တစ်ဦးစီ​သည် ဘုရားသခင်​ရှေ့​တော်​၌ မိမိ​အကြောင်း​ကို မိမိ​ဖြေရှင်း​ရ​လိမ့်မည်။