YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမဩဝါဒစာ 1:1-13

ရောမဩဝါဒစာ 1:1-13 MSBU

ဘုရားသခင်​၏​ကောင်းမြတ်​သော​သတင်း​အတွက် သီးသန့်​ရွေးချယ်​ထား​ခြင်း​ခံရ​၍ တမန်တော်​အဖြစ်​ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော ခရစ်တော်​ယေရှု​၏​အစေအပါး​ငါ​ပေါလု​သည် စာ​ရေး​လိုက်​ပါ​၏။ ဤ​ကောင်းမြတ်​သော​သတင်း​သည် မိမိ​၏​ပရောဖက်​များ​အားဖြင့် သန့်ရှင်း​သော​ကျမ်းစာ​၌ ရှေးမဆွ​က​ပင် ဘုရားသခင်​ကတိ​ပေး​ထား​တော်မူ​သော​အရာ​ဖြစ်​ပြီး ဘုရားသခင်​၏​သား​တော်​အကြောင်း​ဖြစ်​၏။ သား​တော်​သည် လူသား​အနေဖြင့် ဒါဝိဒ်​၏​အမျိုးအနွယ်​မှ ပေါ်ထွန်း​တော်မူ​၍ မြင့်မြတ်​သန့်ရှင်း​ခြင်း​၏​ဝိညာဉ်​တော်​အနေဖြင့်​ဆို​လျှင် သေ​သော​သူ​တို့​ထဲမှ ရှင်ပြန်​ထမြောက်​ခြင်း​ဖြင့် တန်ခိုး​နှင့်တကွ ဘုရားသခင်​၏​သား​တော်​အရာ​၌ ခန့်အပ်​ထား​ခြင်း​ခံရ​သော ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ဖြစ်​၏။ ထို​သခင်​၏​နာမ​တော်​အတွက် လူမျိုး​အပေါင်း​တို့​ထဲတွင် ယုံကြည်​ခြင်း​နှင့်ဆိုင်သော​နာခံ​မှု​ရှိ​စေရန် ကျေးဇူး​တော်​ကို​လည်းကောင်း၊ တမန်တော်​ဖြစ်​ခြင်း​အခွင့်​ကို​လည်းကောင်း ကိုယ်တော်​အားဖြင့် ငါ​တို့​ရရှိ​ကြ​၏။ သင်​တို့​သည်​လည်း ထို​လူမျိုး​တို့​ထဲတွင်​ပါဝင်​၍ ယေရှု​ခရစ်တော်​နှင့်​သက်ဆိုင်​မည့်​အကြောင်း ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သူ​များ​ဖြစ်​ကြ​၏။ ထိုသို့ ဘုရားသခင်​ချစ်​တော်မူ​၍ သန့်ရှင်း​သူ​များ​အဖြစ်​ခေါ်ယူ​တော်မူ​သော ရောမ​မြို့သူ​မြို့သား​အပေါင်း​တို့​ထံသို့ ဤ​စာ​ကို ငါ​ရေး​လိုက်​ပါ​၏။ ငါ​တို့​အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေသော။ သင်​တို့​၏​ယုံကြည်​ခြင်း​သည် ကမ္ဘာ​တစ်ဝန်းလုံး​တွင် ကျော်ကြား​လျက်​ရှိ​သည်​ဖြစ်၍ ငါ​သည် သင်​တို့​အားလုံး​အတွက် ငါ​၏​ဘုရားသခင်​ကို ယေရှု​ခရစ်တော်​အားဖြင့် ပထမ​ဦးစွာ​ကျေးဇူးတင်​၏။ ငါ​သည်​ဆုတောင်း​သောအခါ သင်​တို့​ကို​အမြဲမပြတ်​သတိရ​လျက် ဘုရားသခင်​၏​အလို​တော်​ရှိ​လျှင် တစ်ချိန်ချိန်​တွင် တစ်နည်းနည်း​ဖြင့် သင်​တို့​ထံသို့​လာ​ရ​သော​အခွင့်​ရှိ​ပါ​မည့်​အကြောင်း အစဉ်​တောင်းလျှောက်​နေ​၏။ ဤ​အကြောင်းအရာ​နှင့်​ပတ်သက်၍ ငါ့​အတွက်​သက်သေခံ​ပေး​သော​သူ​မှာ သား​တော်​၏​ကောင်းမြတ်​သော​သတင်း​ကို ငါ​ဟောပြော​လျက် ငါ​၏​ဝိညာဉ်​အားဖြင့် ဝတ်ပြု​သော​ဘုရားသခင်​ဖြစ်​တော်မူ​၏။ သင်​တို့​ကို ငါ​အလွန်​တွေ့မြင်​လို​သည်​မှာ သင်​တို့​အား ဝိညာဉ်​ဆု​ကျေးဇူး​အချို့​ကို​ဝေမျှ​ပေး​၍ သင်​တို့​ကို​ခိုင်ခံ့​မြဲမြံ​စေ​ရန်​ဖြစ်​၏။ ထိုသို့​ဆိုသော် သင်​တို့​နှင့်အတူ​ရှိ​စဉ် ငါ​နှင့်​သင်​တို့​နှစ်ဦးနှစ်ဖက်​၏​ယုံကြည်​ခြင်း​အားဖြင့် နှစ်သိမ့်​မှု​ကို အတူတကွ​ခံစား​နိုင်​ရန်​ဖြစ်​၏။ ညီအစ်ကို​တို့၊ ငါ​သည် အခြား​သော​လူမျိုးခြား​တို့​တွင် အသီးအပွင့်​ရရှိ​သကဲ့သို့ သင်​တို့​တွင်​လည်း အသီးအပွင့်​တစ်စုံတစ်ခု​ရရှိ​ရန် သင်​တို့​ထံသို့​လာ​မည်​ဟု အကြိမ်ကြိမ်​စီစဉ်​ခဲ့​သော်လည်း ယခု​တိုင်အောင် တားဆီး​ခြင်း​ခံရ​ကြောင်း​ကို သင်​တို့​မ​သိ​ဘဲ​မ​နေ​စေ​လို​ပါ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။