YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ်ကျမ်း 14:1-7

ဗျာဒိတ်ကျမ်း 14:1-7 MSBU

ထို့နောက် ငါ​ကြည့်​လိုက်​ရာ သိုးသငယ်​တော်​သည် ဇိအုန်​တောင်​ပေါ်တွင်​ရပ်​နေ​၏။ သိုးသငယ်​တော်​၏​နာမ​နှင့် ခမည်းတော်​၏​နာမ​တို့​ကို မိမိ​တို့​နဖူး​၌​ရေး​ထား​သော​သူ တစ်သိန်း​လေးသောင်း​လေးထောင်​တို့​သည်​လည်း သူ​နှင့်အတူ​ရှိ​ကြ​၏။ ထို့နောက် များစွာ​သော​ရေ​ဟုန်​၏​အသံ​နှင့်​လည်းကောင်း၊ ကျယ်လောင်​သော​မိုးကြိုး​သံ​နှင့်​လည်းကောင်း တူ​သည့် ကောင်းကင်​မှ​အသံ​ကို ငါ​ကြား​ရ​၏။ ငါ​ကြား​ရ​သော​ထို​အသံ​သည် စောင်းသမား​များ မိမိ​တို့​စောင်း​များ​တီးခတ်​နေ​သည့်​အသံ​နှင့်​လည်း​တူ​၏။ သူ​တို့​သည် ပလ္လင်​တော်​ရှေ့​၌​လည်းကောင်း၊ သတ္တဝါ​လေး​ပါး​နှင့် သက်ကြီးဝါကြီး​တို့​၏​ရှေ့​၌​လည်းကောင်း သီချင်း​သစ်​ကို​သီဆို​ကြ​၏။ ကမ္ဘာ​မြေကြီး​ပေါ်မှ ရွေးနုတ်​ဝယ်ယူ​ခြင်း​ခံရ​သူ တစ်သိန်း​လေးသောင်း​လေးထောင်​တို့​မှတစ်ပါး မည်သူ​က​မျှ ထို​သီချင်း​ကို​မ​သင်ယူ​နိုင်​ပေ။ ထို​သူ​တို့​သည် မိန်းမ​များ​အားဖြင့် ညစ်ညူး​စေ​ခြင်း​မ​ခံ​ခဲ့​ရ​သော​သူ​များ​ဖြစ်​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် လူပျို​စစ်စစ်​ဖြစ်​ကြ​၏။ သူ​တို့​သည် သိုးသငယ်​တော်​သွား​လေ​ရာ​သို့​လိုက်​ပါ​သော​သူ​များ​ဖြစ်​ကြ​ပြီး ဘုရားသခင်​နှင့်​သိုးသငယ်​တော်​တို့​အတွက် အသီးဦး​အဖြစ် လူ​တို့​အထဲမှ ရွေးနုတ်​ဝယ်ယူ​ခြင်း​ခံရ​သော​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​၏​နှုတ်​၌ မုသား​မ​ရှိ။ သူ​တို့​သည် အပြစ်​အနာအဆာ​ကင်း​သော​သူ​များ​ဖြစ်​ကြ​၏။ ထို့နောက် အခြား​သော​ကောင်းကင်​တမန်​တစ်​ပါး​သည် ကောင်းကင်​အလယ်​၌​ပျံသန်း​နေ​သည်​ကို ငါ​မြင်​ရ​၏။ သူ​သည် ကမ္ဘာ​မြေကြီး​ပေါ်တွင်​နေထိုင်​ကြ​သူ​များ​တည်းဟူသော တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ ဘာသာ​စကား​အမျိုးမျိုး​ပြောဆို​သော လူမျိုး​အသီးသီး​တို့​အား ဟောပြော​ရန် ထာဝရ​တည်​သည့်​ကောင်းမြတ်​သော​သတင်း​ကို​ယူဆောင်​လာ​၏။ ထို​ကောင်းကင်တမန်​က “ဘုရားသခင်​တရား​စီရင်​တော်မူ​ရာ​အချိန် ကျရောက်​လာ​ပြီ​ဖြစ်၍ ကိုယ်တော်​ကို​ကြောက်ရွံ့​လျက် ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​လော့။ ကောင်းကင်၊ မြေကြီး၊ ပင်လယ်​နှင့်​စမ်းရေ​တို့​ကို ဖန်ဆင်း​တော်မူ​သော​အရှင်​ကို ကိုးကွယ်​ကြ​လော့”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် ကြွေးကြော်​လေ​၏။