YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ်ကျမ်း 12:4-12

ဗျာဒိတ်ကျမ်း 12:4-12 MSBU

သူ​၏​အမြီး​သည် ကောင်းကင်​ကြယ်​သုံးပုံတစ်ပုံ​ကို​ဆွဲ​၍ မြေကြီး​ပေါ်သို့​ပစ်ချ​လိုက်​၏။ ထို​နဂါး​သည် သားဖွား​တော့မည့်​အမျိုးသမီး​ရှေ့​၌​ရပ်​လျက် သားဖွား​သောအခါ သူ​၏​သား​ကို​ဝါးမျို​ရန်​စောင့်​နေ​၏။ ထို​အမျိုးသမီး​သည် လူမျိုး​အပေါင်း​တို့​ကို သံ​လှံတံ​ဖြင့်​အုပ်ထိန်း​ရ​မည့် သား​ယောက်ျား​ကို​ဖွားမြင်​၏။ ထို​သား​သည် ဘုရားသခင်​အထံ​တော်​သို့​လည်းကောင်း၊ ပလ္လင်​တော်​သို့​လည်းကောင်း ချီဆောင်​ခြင်း​ကို​ခံရ​၏။ ထို​အမျိုးသမီး​သည်​လည်း တော​ကန္တာရ​ထဲသို့ ထွက်ပြေး​လေ​၏။ ထို​အရပ်​၌ ရက်​ပေါင်း​တစ်ထောင့်​နှစ်ရာ​ခြောက်ဆယ်​တိုင်တိုင် သူ့​ကို​ကြည့်ရှု​စောင့်ရှောက်​ရန် ဘုရားသခင်​ပြင်ဆင်​ထား​တော်မူ​သော နေရာ​တစ်​နေရာ​ရှိ​၏။ ထို့နောက် ကောင်းကင်​၌ စစ်​ဖြစ်​လေ​၏။ မိက္ခေလ​နှင့်​သူ​၏​ကောင်းကင်​တမန်​တို့​သည် နဂါး​နှင့်​တိုက်ခိုက်​ကြ​၏။ နဂါး​နှင့်​သူ​၏​စေတမန်​တို့​သည် ပြန်လည်​တိုက်ခိုက်​ကြ​သော်လည်း အနိုင်​မ​ရ​ကြ။ ကောင်းကင်​၌​လည်း သူ​တို့​အတွက်​နေရာ​မ​ရှိ​တော့​ပေ။ ထိုအခါ တစ်ကမ္ဘာလုံး​ကို​လှည့်ဖြား​၍ မာရ်နတ်​ဟူ၍​လည်းကောင်း၊ စာတန်​ဟူ၍​လည်းကောင်း အခေါ်​ခံရ​သည့် ရှေး​မြွေ​ဟောင်း​တည်းဟူသော​နဂါး​ကြီး​သည် မြေကြီး​ပေါ်သို့​ပစ်ချ​ခြင်း​ခံရ​လေ​၏။ သူ​နှင့်အတူ သူ​၏​စေတမန်​တို့​သည်​လည်း ပစ်ချ​ခြင်း​ခံရ​ကြ​၏။ ထို့နောက် ကောင်းကင်​မှ​ကျယ်လောင်​သော​အသံ​က “ငါ​တို့​ဘုရားသခင်​၏​ကယ်တင်​ခြင်း၊ တန်ခိုး​တော်၊ နိုင်ငံ​တော်​နှင့် ကိုယ်တော်​၏​ခရစ်တော်​၌​ရှိ​သော​အာဏာစက်​တို့​သည် ယခု​ပေါ်ထွန်း​လေ​ပြီ။ အကြောင်းမူကား ငါ​တို့​၏​ညီအစ်ကို​များ​ကို​စွပ်စွဲ​သော​သူ​တည်းဟူသော ငါ​တို့​ဘုရားသခင်​၏​ရှေ့​တော်​၌ နေ့​ရော​ည​ပါ သူ​တို့​ကို​စွပ်စွဲ​သော​သူ​သည် ပစ်ချ​ခြင်း​ခံရ​လေ​ပြီ။ ညီအစ်ကို​များ​သည် သိုးသငယ်​တော်​၏​သွေး​တော်​အားဖြင့်​လည်းကောင်း၊ မိမိ​တို့​သက်သေခံ​သော​နှုတ်ကပတ်တော်​အားဖြင့်​လည်းကောင်း၊ သူ့​ကို​အောင်နိုင်​ခဲ့​ကြ​၏။ သူ​တို့​သည် အသေခံ​ရ​သည့်​တိုင်အောင် မိမိ​တို့​အသက်​ကို​နှမြော​ခြင်း​မ​ရှိ​ကြ။ သို့ဖြစ်၍ ကောင်းကင်​နှင့် ကောင်းကင်​၌​စံမြန်း​သော​သူ​တို့၊ ပျော်ရွှင်​ကြ​လော့။ မြေကြီး​နှင့်​ပင်လယ်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် မာရ်နတ်​သည် သူ​၏​အချိန်​အနည်းငယ်​သာ​ရှိ​ကြောင်း​ကို​သိ​လျက် ပြင်းစွာ​သော​ဒေါသ​ဖြင့် သင်​တို့​ထံသို့​ဆင်းလာ​ပြီ”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။