YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ်ကျမ်း 11:1-14

ဗျာဒိတ်ကျမ်း 11:1-14 MSBU

ထို့နောက် တောင်ဝှေး​နှင့်​တူ​သော တိုင်းတာ​စရာ​ကျူရိုး​တစ်​ချောင်း​ကို ငါ့​အား​ပေး​ပြီးလျှင် “ထ​၍ ဘုရားသခင်​၏​ဗိမာန်​တော်​နှင့် ယဇ်ပလ္လင်​တို့​ကို​တိုင်းတာ​ပြီး ထို​နေရာ​၌ ဝတ်ပြု​ကိုးကွယ်​နေ​သော​သူ​တို့​ကို ရေတွက်​လော့။ သို့သော် ဗိမာန်​တော်​၏​အပြင်​ဘက်​၌​ရှိ​သည့်​တံတိုင်း​သည် လူမျိုးခြား​တို့​အား​ပေး​ထား​သည်​ဖြစ်၍ ၎င်း​ကို​မ​တိုင်း​ဘဲ​ချန်ထား​လော့။ ထို​သူ​တို့​သည် သန့်ရှင်း​သော​မြို့​တော်​ကို လေးဆယ့်​နှစ်​လ​တိုင်တိုင် နင်းချေ​ကြ​လိမ့်မည်။ ထိုအခါ ငါ​သည် ငါ​၏​သက်သေ​နှစ်​ပါး​တို့​အား အခွင့်​ပေး​သဖြင့် သူ​တို့​သည် လျှော်တေ​အဝတ်​ကို​ဝတ်​လျက် ရက်​ပေါင်း​တစ်ထောင့်​နှစ်ရာ​ခြောက်ဆယ်​တိုင်တိုင် ပရောဖက်ပြု​ဟောပြော​ကြ​လိမ့်မည်”​ဟု ဆို​၏။ ဤ​သူ​တို့​သည် ကမ္ဘာ​မြေကြီး​၏​အရှင်​သခင်​ရှေ့​တော်​၌​ရှိ​သော သံလွင်​ပင်​နှစ်​ပင်​နှင့် ဆီမီးခုံ​နှစ်​ခု​ဖြစ်​ကြ​၏။ တစ်စုံတစ်ယောက်​သည် သူ​တို့​ကို​အန္တရာယ်​ပြု​လို​ပါက သူ​တို့​၏​ခံတွင်း​ထဲမှ မီး​ထွက်လာ​၍ သူ​တို့​၏​ရန်သူ​များ​ကို လောင်ကျွမ်း​စေ​မည်​ဖြစ်​၏။ တစ်စုံတစ်ယောက်​သည် သူ​တို့​ကို​အန္တရာယ်​ပြု​လို​ပါက ထို​သူ​သည် ထိုနည်းအတိုင်း​အသေ​သတ်​ခြင်း​ခံ​ရ​မည်​ဖြစ်​၏။ သူ​တို့​ပရောဖက်ပြု​ဟောပြော​သည့်​နေ့ရက်​များ​အတွင်း မိုး​မ​ရွာ​စေရန် ကောင်းကင်​ကို ပိတ်​ထား​နိုင်​သည့်​အခွင့်​ရှိ​ပြီး ရေ​ကို​သွေး​အဖြစ်​သို့ ပြောင်းလဲ​စေ​နိုင်​သော​အခွင့်​မှစ၍ သူ​တို့​အလိုရှိ​သည့်အခါ​တိုင်း ကမ္ဘာ​မြေကြီး​ကို ဘေးဒဏ်​အမျိုးမျိုး​ဖြင့် ဒဏ်ခတ်​နိုင်​သော​အခွင့်​များ​ရှိ​ကြ​၏။ သူ​တို့​သက်သေခံ​ပြီး​သောအခါ အတိုင်းမသိ​နက်ရှိုင်းရာ​အရပ်​ထဲမှ တက်​လာ​သော​သားရဲ​သည် သူ​တို့​နှင့်​စစ်တိုက်​၍ အောင်မြင်​ပြီး သူ​တို့​ကို​သတ်ဖြတ်​လိမ့်မည်။ သူ​တို့​၏​အလောင်း​များ​သည် ဝိညာဉ်​သဘော​အရ သောဒုံ​နှင့်​အီဂျစ်​ဟု​ခေါ်​သော မြို့​ကြီး​၏​လမ်းမ​ပေါ်တွင် ရှိ​ကြ​လိမ့်မည်။ သူ​တို့​၏​သခင်​သည်​လည်း ထို​မြို့​တွင် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံ​ခဲ့​ရ​၏။ ထိုအခါ လူမျိုး၊ မျိုးနွယ်စု၊ ဘာသာ​စကား​နှင့် တိုင်းနိုင်ငံ​အသီးသီး​တို့​မှ လူ​တို့​သည် သူ​တို့​၏​အလောင်း​များ​ကို သုံး​ရက်​ခွဲ​တိုင်တိုင်​ကြည့်ရှု​ကြ​ပြီး ထို​အလောင်း​များ​ကို သင်္ချိုင်း​ဂူ​၌ သင်္ဂြိုဟ်​ခွင့်​မ​ပေး​ဘဲ​နေ​ကြ​လိမ့်မည်။ ကမ္ဘာ​မြေကြီး​ပေါ်၌​နေထိုင်​သော​သူ​တို့​သည် ထို​သူ​တို့​၏​အဖြစ်​ကြောင့် ဝမ်းမြောက်​လျက်​ပျော်ရွှင်​ကြ​ကာ တစ်ဦး​ကို​တစ်ဦး လက်ဆောင်​များ​ပေးပို့​ကြ​လိမ့်မည်။ အကြောင်းမူကား ထို​ပရောဖက်​နှစ်​ဦး​တို့​သည် ကမ္ဘာ​မြေကြီး​ပေါ်၌​နေထိုင်​သော​သူ​တို့​ကို ညှဉ်းဆဲ​ခဲ့​ကြ​၏။ သို့သော် သုံး​ရက်​ခွဲ​လွန်​ပြီး​သောအခါ ဘုရားသခင်​ထံ​တော်​မှ​ဇီဝ​အသက်​သည် ထို​သူ​တို့​အထဲသို့​ဝင်​၍ သူ​တို့​သည် မိမိ​တို့​ခြေ​ဖြင့်​မတ်တပ်ရပ်​ကြ​၏။ ထို​သူ​တို့​ကို​မြင်​သော​သူ​တို့​သည် အလွန်​ကြောက်ရွံ့​ကြ​၏။ ထိုအခါ ကောင်းကင်​မှ​ကြီး​သော​အသံ​က “ဤ​အရပ်​သို့​တက်​လာ​ခဲ့​ကြ​လော့”​ဟု ထို​သူ​နှစ်ဦး​တို့​အား​ဆို​သည်​ကို ကြား​လျှင် သူ​တို့​သည် မိုးတိမ်​ဖြင့် ကောင်းကင်​သို့​တက်​သွား​ကြ​၏။ သူ​တို့​၏​ရန်သူ​များ​သည်​လည်း သူ​တို့​ကို​ကြည့်​နေ​ကြ​၏။ ထို​အချိန်​နာရီ​၌​ပင် ပြင်းထန်​သော​ငလျင်​လှုပ်​၍ မြို့​၏​ဆယ်ပုံတစ်ပုံ​သည် ပြိုလဲ​သွား​၏။ ထို​ငလျင်​ကြောင့် လူ​ပေါင်း​ခုနစ်​ထောင်​သေ​ကြ​၏။ ကြွင်းကျန်​သော​သူ​တို့​သည် ကြောက်လန့်​ကြ​လျက် ကောင်းကင်​ဘုံ​ရှင်​ဘုရားသခင်​၏​ဘုန်း​တော်​ကို ချီးမွမ်း​ကြ​၏။ ဒုတိယ​အမင်္ဂလာ​သည် လွန်​သွား​လေ​ပြီ။ တတိယ​အမင်္ဂလာ​သည် အလျင်အမြန်​ရောက်လာ​လိမ့်မည်။