YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ်ကျမ်း 1:9-19

ဗျာဒိတ်ကျမ်း 1:9-19 MSBU

ယေရှု​၌​ဆင်းရဲ​ဒုက္ခ​ကို​လည်းကောင်း၊ နိုင်ငံ​တော်​ကို​လည်းကောင်း၊ သည်းခံ​ခြင်း​ကို​လည်းကောင်း သင်​တို့​နှင့်အတူ မျှဝေ​ခံစား​သူ​ဖြစ်​သော သင်​တို့​၏​ညီအစ်ကို ငါ​ယောဟန်​သည် ဘုရားသခင်​၏​နှုတ်ကပတ်တော်​နှင့် ယေရှု​နှင့်ဆိုင်သော​သက်သေခံ​ချက်​တို့​ကြောင့် ပတ်မု​ဟု​ခေါ်​သော​ကျွန်း​တွင်​ရောက်​နေ​၏။ သခင်​ဘုရား​၏​နေ့​တွင် ငါ​သည် ဝိညာဉ်​တော်​၌​ရှိ​စဉ် တံပိုးခရာသံ​ကဲ့သို့ ကျယ်လောင်​သော​အသံ​ကို ငါ့​နောက်၌​ကြား​ရ​၏။ ထို​အသံ​က“သင်​မြင်​ရ​သော​အရာ​ကို စာစောင်​တွင်​ရေးသား​၍ ဧဖက်​မြို့၊ စမုရန​မြို့၊ ပေရဂံ​မြို့၊ သွာတိရ​မြို့၊ သာဒိ​မြို့၊ ဖိလဒေလဖိ​မြို့​နှင့် လောဒိကိ​မြို့​တို့​၌​ရှိ​သော အသင်းတော်​ခုနစ်​ပါး​ထံသို့ ပေးပို့​လော့”​ဟု ဆို​၏။ ထိုအခါ ငါ​သည် ငါ့​အား​မြွက်ဆို​သော​အသံ​ပိုင်ရှင်​ကို​တွေ့မြင်​ရန် လှည့်ကြည့်​လိုက်​၏။ ထိုသို့​လှည့်ကြည့်​လိုက်​ရာ ရွှေ​ဆီမီးခုံ​ခုနစ်​ခု​နှင့် ထို​ဆီမီးခုံ​များ​အလယ်​၌ ခြေဖျား​တိုင်အောင်​ရောက်​သော​ဝတ်ရုံ​ကို​ဝတ်ဆင်​လျက် ရင်ဘတ်​၌ ရွှေ​ရင်စည်း​ကို​စည်း​ထား​သည့် လူ့သား​နှင့်​တူ​သော​သူ​တစ်​ဦး​ကို ငါ​မြင်​ရ​၏။ ထို​သူ​၏​ဦးခေါင်း​နှင့်​ဆံပင်​တို့​သည် ဖြူ​သော​သိုးမွေး​ကဲ့သို့​လည်းကောင်း၊ နှင်းပွင့်​ကဲ့သို့​လည်းကောင်း ဖြူ​၍ သူ​၏​မျက်စိ​တို့​သည် မီးလျှံ​ကဲ့သို့​ဖြစ်​ကြ​၏။ သူ​၏​ခြေ​တို့​သည် မီးပြင်းဖို​တွင်​ချွတ်​၍​သန့်စင်​ထား​သည့် တောက်ပ​သော​ကြေးဝါ​နှင့်​တူ​၍ သူ​၏​အသံ​သည် များစွာ​သော​ရေ​ဟုန်​၏​အသံ​ကဲ့သို့​ဖြစ်​၏။ သူ​၏​လက်ယာ​လက်​တွင် ကြယ်​ခုနစ်​လုံး​ရှိ​၍ အသွား​နှစ်ဖက်​ပါ​သည့် ထက်​သော​သန်လျက်​သည် သူ​၏​ခံတွင်း​ထဲမှ ထွက်​နေ​၏။ သူ​၏​မျက်နှာ​သည် မိမိ​အရှိန်အဝါ​ဖြင့် ထွန်းလင်း​နေ​သော​နေ​ကဲ့သို့​ဖြစ်​၏။ ငါ​သည် ထို​သူ​ကို​မြင်​ရ​သောအခါ သူ​၏​ခြေရင်း​၌​လဲကျ​၍ လူသေ​ကဲ့သို့​ဖြစ်​၏။ ထိုအခါ သူ​သည် ငါ့​အပေါ်၌ သူ​၏​လက်ယာ​လက်​ကို​တင်​လျက်“မ​ကြောက်​နှင့်။ ငါ​သည် အဦးဆုံး​နှင့်​နောက်ဆုံး​ဖြစ်​၏။ အသက်ရှင်​သော​သူ​လည်း​ဖြစ်​၏။ ငါ​သည် သေ​ခဲ့​၏။ သို့သော် ကြည့်ရှု​လော့။ ငါ​သည် ကမ္ဘာ​အဆက်ဆက်​အသက်ရှင်​လျက်​ရှိ​၏။ သေ​ခြင်း​နှင့်​မရဏာ​နိုင်ငံ​တို့​၏​သော့​များ​ကို​လည်း ငါ​ကိုင်​ထား​၏။ ထို့ကြောင့် သင်​မြင်​ခဲ့​ရ​သော​အရာ​များ၊ ယခု​ဖြစ်​နေ​သော​အရာ​များ​နှင့် နောင်တွင်​ဖြစ်ပျက်​တော့​မည့်​အရာ​များ​ကို ရေး​ထား​လော့။