YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 92

92
ဘုရားသခင်၏မေတ္တာတော်နှင့်သစ္စာတော်
ဥပုသ်နေ့​အတွက် ဆာလံ​သီချင်း
1အို အမြင့်ဆုံး​သော​အရှင်​၊ ထာဝရဘုရား​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ခြင်း​သည်​လည်းကောင်း​၊
ကိုယ်တော်​၏​နာမ​တော်​ကို သီဆိုချီးမွမ်း​ခြင်း​သည်​လည်းကောင်း​၊
2နံနက်အချိန်​၌ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​၊
ညအချိန်​၌ ကိုယ်တော်​၏​သစ္စာ​တော်​ကို
3စောင်းကောက်​သံစဉ်​နှင့်အတူ စောင်းပြား​နှင့် ကြိုး​ဆယ်​ချောင်း​တပ်​တူရိယာ​ဖြင့်
ထုတ်ဖော်​ပြောဆို​ခြင်း​သည်​လည်းကောင်း ကောင်းမြတ်​ပေ​၏​။
4အကြောင်းမူကား အို ထာဝရဘုရား​၊
ကိုယ်တော်​သည် ကိုယ်တော်​၏​လုပ်ဆောင်​တော်မူ​ချက်​အားဖြင့် အကျွန်ုပ်​ကို ဝမ်းမြောက်​စေ​ပါ​၏​။
ကိုယ်တော်​၏​လက်​တော်​ဖြင့်​ပြုလုပ်​သော အရာ​များ​အတွက် အကျွန်ုပ်​သည် ရွှင်လန်း​စွာ​သီချင်းဆို​ပါ​မည်​။
5အို ထာဝရဘုရား​၊ ကိုယ်တော်​ပြု​တော်မူ​သော အမှု​တို့​သည် ကြီးမြတ်​လှ​ပါ​၏​။
ကိုယ်တော်​၏​အကြံအစည်​တို့​သည် အလွန်​နက်နဲ​ပါ​၏​။
6ဤ​အရာ​သည် အသိတရားမဲ့​သော​သူ​မ​သိ​နိုင်​သကဲ့သို့
မိုက်မဲ​သော​သူ​နား​မ​လည်​နိုင်​သည့်​အရာ​ဖြစ်​၏​။
7ဆိုးယုတ်​သော​သူ​တို့​သည် မြက်ပင်​ကဲ့သို့ ပွင့်လန်းဝေဆာ​၍
အပြစ်ဒုစရိုက်​ပြု​သော​သူ အပေါင်း​တို့​သည် ရှင်သန်​ကြ​ခြင်း​မှာ
ထာဝရ​ဖျက်ဆီး​ခြင်း​ခံရ​ရန်​အတွက်​ဖြစ်​၏​။
8အို ထာဝရဘုရား​၊ ကိုယ်တော်​မူကား
မြင့်သောအရပ်​၌ အစဉ်အမြဲ​ရှိ​တော်မူ​၏​။
9အို ထာဝရဘုရား​၊ အကယ်စင်စစ် ကိုယ်တော်​၏​ရန်သူ​တို့​သည်​၊
အကယ်စင်စစ် ကိုယ်တော်​၏​ရန်သူ​တို့​သည် ပျက်စီး​ကြ​ရ​လိမ့်မည်​။
အပြစ်ဒုစရိုက်​ပြု​သော​သူ​အပေါင်း​တို့​သည်​လည်း ကွဲလွင့်​ကြ​ရ​လိမ့်မည်​။
10ကိုယ်တော်​သည် အကျွန်ုပ်​၏​ဦးချို​ကို နွားရိုင်း​ဦးချို​ကဲ့သို့​ချီးမြှောက်​၍
သန့်စင်​ကောင်းမွန်​သော​ဆီ​ဖြင့် အကျွန်ုပ်​ကို ဘိသိက်ပေး​တော်မူ​၏​။
11အကျွန်ုပ်​၏​မျက်စိ​သည် အကျွန်ုပ်​ရန်သူ​တို့​၏​အဖြစ်​ကို​မြင်​ရ​ပါ​၏​။
အကျွန်ုပ်​၏​နား​သည်​လည်း အကျွန်ုပ်​ကို​ဆန့်ကျင်​လျက်​ထကြွ​သည့်
ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​တို့​၏​အဖြစ်​ကို ကြား​ရ​ပါ​၏​။
12ဖြောင့်မတ်​သော​သူ​သည် စွန်ပလွံပင်​ကဲ့သို့ ပွင့်လန်းဝေဆာ​၍
လက်ဘနွန်​တောင်​မှ သစ်ကတိုးပင်​ကဲ့သို့​ကြီးထွား​လိမ့်မည်​။
13ထာဝရဘုရား​၏​အိမ်​တော်​၌ စိုက်ပျိုး​ခြင်း​ခံရ​သော​သူ​တို့​သည်
ငါ​တို့​ဘုရားသခင်​၏​တံတိုင်း​တော်​များ​အတွင်း​၌ ကြီးပွား​ကြ​လိမ့်မည်​။
14အိုမင်း​သော​အရွယ်​၌​ပင် ဆက်၍​အသီးသီး​လျက်​၊
စိမ်းလန်း​စိုပြည်​လျက်​ရှိ​ခြင်း​အားဖြင့်
15ထာဝရဘုရား ဖြောင့်မှန်​တော်မူ​ကြောင်း ပြောကြား​ကြ​လိမ့်မည်​။
ကိုယ်တော်​သည် ငါ​၏​ကျောက်ဆောင်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၌​မတရားမှု​မ​ရှိ​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 92: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ