ဆာလံကျမ်း 89
89
ဘုရားသခင်၏ကတိတော်အပေါ် သံသယဖြစ်မိခြင်း
ဧဇရဟိတ်အမျိုး၊ ဧသန်၏အလိမ္မာသီချင်း
1အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏မေတ္တာကရုဏာတော်အကြောင်းကို
အစဉ်အမြဲသီကျူးပါမည်။ အကျွန်ုပ်၏နှုတ်ဖြင့် ကိုယ်တော်၏သစ္စာတော်ကို
မျိုးဆက်အစဉ်အဆက်အား သိစေပါမည်။
2အကြောင်းမူကား “မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်ပါ၏။
ကိုယ်တော်သည် မိမိသစ္စာတော်ကို ကောင်းကင်၌ တည်မြဲစေတော်မူလိမ့်မည်”ဟု
အကျွန်ုပ်ဆိုပါ၏။
3“ငါရွေးချယ်သောသူနှင့် ငါပဋိညာဉ်ဖွဲ့ပြီ။
ငါ၏အစေအပါးဒါဝိဒ်အား ငါကျိန်ဆိုထားပြီ။
4ငါသည် သင်၏အမျိုးအနွယ်ကို ထာဝရမြဲမြံစေမည်။
သင်၏ပလ္လင်ကိုလည်း မျိုးဆက်အစဉ်အဆက် တည်စေမည်”ဟု မိန့်တော်မူ၏။(စေလာ#89:4 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
5အို ထာဝရဘုရား၊ ကောင်းကင်သည်
ကိုယ်တော်ပြုတော်မူသောအံ့ဖွယ်သောအမှုတို့ကို ချီးမွမ်းပါ၏။
ကိုယ်တော်၏သစ္စာတော်ကိုလည်း သန့်ရှင်းသောသူတို့၏အစုအဝေးထဲတွင် ချီးမွမ်းပါ၏။
6အကြောင်းမူကား မိုးကောင်းကင်တွင် မည်သူ့ကို ထာဝရဘုရားနှင့်နှိုင်းယှဉ်နိုင်ပါသနည်း။
ကောင်းကင်သားတို့တွင် မည်သူသည် ထာဝရဘုရားနှင့်တူပါသနည်း။
7ဘုရားသခင်သည် သန့်ရှင်းသောသူတို့၏ အစည်းအဝေးတွင်
အလွန်ကြောက်ရွံ့ရိုသေခြင်းကို ခံရသောအရှင်ဖြစ်တော်မူ၏။
ကိုယ်တော်၏ပတ်လည်၌ရှိသောသူအပေါင်းတို့ထက် အံ့ဩဖွယ်ဖြစ်တော်မူ၏။
8ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရား၊
မည်သူသည် ကိုယ်တော်ကဲ့သို့ ခွန်အားကြီးပါသနည်း။
အို ထာဝရဘုရား၊ ကိုယ်တော်၏သစ္စာတော်သည် ကိုယ်တော်ကိုဝန်းရံလျက်ရှိပါ၏။
9ကိုယ်တော်သည် လှိုင်းထန်သောပင်လယ်ကို အုပ်စိုးတော်မူ၏။
ထိုပင်လယ်၏လှိုင်းတံပိုးများထလာသောအခါ ၎င်းတို့ကို ငြိမ်စေတော်မူ၏။
10ကိုယ်တော်သည် ရာဟပ်ကို အသေကောင်ကဲ့သို့ ချေမှုန်းတော်မူ၏။
ကိုယ်တော်၏တန်ခိုးကြီးသောလက်ရုံးတော်ဖြင့် ကိုယ်တော်၏ရန်သူတို့ကို
ဖရိုဖရဲဖြစ်စေတော်မူ၏။
11ကောင်းကင်ကို ကိုယ်တော်ပိုင်တော်မူ၏။ မြေကြီးကိုလည်း ကိုယ်တော်ပိုင်တော်မူ၏။
ကမ္ဘာလောကနှင့် ၎င်း၌ရှိသမျှသောအရာတို့ကို ကိုယ်တော်တည်တော်မူ၏။
12မြောက်အရပ်နှင့်တောင်အရပ်ကို ကိုယ်တော်ဖန်ဆင်းတော်မူ၏။
တာဗော်တောင်နှင့် ဟေရမုန်တောင်တို့သည်လည်း ကိုယ်တော်၏နာမတော်ကို
ရွှင်လန်းစွာ ကြွေးကြော်ကြပါ၏။
13ကိုယ်တော်၌ အစွမ်းတန်ခိုးနှင့်ပြည့်စုံသောလက်ရုံးတော်ရှိပါ၏။
ကိုယ်တော်၏လက်တော်သည် တန်ခိုးကြီး၍ ကိုယ်တော်၏လက်ယာလက်တော်သည်
ချီးမြှောက်ခြင်းရှိပါ၏။
14ဖြောင့်မတ်ခြင်းနှင့်တရားမျှတခြင်းသည် ပလ္လင်တော်၏အခြေတည်ရာဖြစ်ပါ၏။
မေတ္တာကရုဏာနှင့်သမ္မာတရားသည် ကိုယ်တော်၏ရှေ့တော်မှသွားကြပါ၏။
15အို ထာဝရဘုရား၊ ဝမ်းမြောက်စွာကြွေးကြော်သောအသံကို သိကျွမ်းသောလူမျိုးသည် မင်္ဂလာရှိပါ၏။
သူတို့သည် ကိုယ်တော်၏မျက်နှာတော်အလင်းထဲ၌ သွားလာကြပါ၏။
16သူတို့သည် ကိုယ်တော်၏နာမတော်၌ တစ်နေ့လုံးရွှင်လန်း၍
ကိုယ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့် ချီးမြှောက်ခြင်းခံရကြပါ၏။
17အကြောင်းမူကား ကိုယ်တော်သည် သူတို့အစွမ်းသတ္တိ၏ဂုဏ်ကျက်သရေဖြစ်တော်မူ၏။
အကျွန်ုပ်တို့၏ဦးချိုသည် ကိုယ်တော်၏ကျေးဇူးတော်အားဖြင့် ချီးမြှောက်ခြင်းခံရပါ၏။
18အကြောင်းမူကား အကျွန်ုပ်တို့၏ဒိုင်းလွှားသည် ထာဝရဘုရား၏ပိုင်ဆိုင်တော်မူရာဖြစ်၏။
အကျွန်ုပ်တို့၏ရှင်ဘုရင်သည်လည်း အစ္စရေး၏သန့်ရှင်းသောအရှင်၏ ပိုင်ဆိုင်တော်မူရာဖြစ်၏။
19တစ်ခါက ကိုယ်တော်သည် ကိုယ်တော်၏သန့်ရှင်းသူတို့အား ဗျာဒိတ်နိမိတ်အားဖြင့်
မြွက်ဆိုတော်မူသည်မှာ “ငါသည် ခွန်အားကြီးသောသူတစ်ဦးကို ကူညီမစပြီ။
လူတို့ထဲမှ ရွေးချယ်ထားသောသူတစ်ဦးကို ချီးမြှောက်ပြီ။
20ငါ၏အစေအပါးဒါဝိဒ်ကို ငါရှာတွေ့၍
ငါ၏သန့်ရှင်းသောဆီဖြင့် သူ့ကိုဘိသိက်ပေးပြီ။#တ 13:22။
21ငါ့လက်သည် သူ့ကိုမြဲမြံစေမည်။
ငါ့လက်ရုံးသည်လည်း သူ့ကို အင်အားကြီးမားစေမည်။
22ရန်သူသည် သူ့အပေါ် နိုင်ထက်စီးနင်းပြုနိုင်မည်မဟုတ်။
မတရားသောသူသည်လည်း သူ့ကို နှိပ်စက်နိုင်မည်မဟုတ်။
23ငါသည် သူ၏ရန်သူများကို သူ့ရှေ့တွင် ချေမှုန်းတိုက်ဖျက်၍
သူ့ကိုမုန်းသောသူတို့ကို ရှုံးနိမ့်စေမည်။
24ငါ၏သစ္စာနှင့် ငါ၏မေတ္တာကရုဏာသည် သူနှင့်အတူရှိလိမ့်မည်။
သူ၏ဦးချိုသည်လည်း ငါ၏နာမအားဖြင့် ချီးမြှောက်ခြင်းခံရလိမ့်မည်။
25ငါသည် သူ၏လက်ကို ပင်လယ်ပေါ်တွင်လည်းကောင်း၊
သူ၏လက်ယာလက်ကို မြစ်တို့အပေါ်တွင်လည်းကောင်း တည်စေမည်။
26သူကလည်း ‘ကိုယ်တော်သည် အကျွန်ုပ်၏အဖ၊ အကျွန်ုပ်၏ဘုရားသခင်၊
အကျွန်ုပ်၏ကယ်တင်ခြင်းကျောက်ဆောင် ဖြစ်တော်မူ၏’ဟု ငါ့ထံသို့ ဟစ်ခေါ်လိမ့်မည်။
27ငါသည်လည်း သူ့ကို သားဦးအဖြစ်ခန့်ထား၍
ကမ္ဘာမြေကြီးပေါ်ရှိ ရှင်ဘုရင်တို့တွင် အမြင့်ဆုံးသောအရှင်ဖြစ်စေမည်။
28သူ့အပေါ်ထားရှိသည့် ငါ၏မေတ္တာကရုဏာကို ငါအစဉ်အမြဲစောင့်ထိန်းမည်။
သူနှင့်ပြုထားသောငါ၏ပဋိညာဉ်သည်လည်း မြဲမြံလိမ့်မည်။
29ငါသည် သူ၏အမျိုးအနွယ်ကို ထာဝစဉ်တည်စေမည်။
သူ၏ရာဇပလ္လင်ကိုလည်း ကောင်းကင်နေ့ရက်များကဲ့သို့ တည်စေမည်။
30သူ၏သားသမီးတို့သည် ငါ၏တရားကိုစွန့်ပယ်၍
ငါ၏စီရင်ထုံးဖွဲ့ချက်များအတိုင်း မလိုက်လျှောက်ကြလျှင်လည်းကောင်း၊
31ငါ၏ပြဋ္ဌာန်းချက်တို့ကို ရှုတ်ချ၍ ငါ၏ပညတ်တို့ကို မစောင့်ထိန်းကြလျှင်လည်းကောင်း
32ငါသည် သူတို့ကျူးလွန်သောအပြစ်အတွက် ကြိမ်လုံးဖြင့်ဒဏ်ခတ်၍
သူတို့၏ဒုစရိုက်အတွက် ကျာပွတ်ဖြင့်ပြစ်ဒဏ်ပေးမည်။
33သို့သော် ငါ၏မေတ္တာကရုဏာကို သူ့ထံမှဖယ်ရှားမည်မဟုတ်။
ငါ၏သစ္စာကိုလည်း ဖောက်ဖျက်မည်မဟုတ်။
34ငါ၏ပဋိညာဉ်ကိုလည်း ရှုတ်ချမည်မဟုတ်။
ငါ၏နှုတ်ထွက်စကားကိုလည်း ပြောင်းလဲစေမည်မဟုတ်။
35ငါသည် ဒါဝိဒ်ကို လိမ်လည်မည်မဟုတ်ဟု ငါ၏သန့်ရှင်းခြင်းကိုတိုင်တည်၍
တစ်ကြိမ်နှင့်အပြီးကျိန်ဆိုပြီ။
36သူ၏အမျိုးအနွယ်သည် အစဉ်အမြဲတည်လိမ့်မည်။
သူ၏ပလ္လင်သည်လည်း ငါ့ရှေ့တွင် နေကဲ့သို့ဖြစ်လိမ့်မည်။
37၎င်းသည် လကဲ့သို့လည်းကောင်း၊ မိုးကောင်းကင်ရှိ
သစ္စာရှိသောသက်သေကဲ့သို့လည်းကောင်း အစဉ်တည်မြဲလိမ့်မည်”ဟူ၍ဖြစ်၏။(စေလာ#89:37 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
38သို့ရာတွင် ကိုယ်တော်သည် သူ့ကို ငြင်းပယ်၍စွန့်ပစ်တော်မူပြီ။
ကိုယ်တော်ဘိသိက်ပေးထားသောသူကို အမျက်ထွက်တော်မူပြီ။
39ကိုယ်တော်၏အစေအပါးနှင့်ဖွဲ့တော်မူသော ပဋိညာဉ်ကိုပယ်ဖျက်၍
သူ၏ဘုန်းသရဖူကို မြေတိုင်အောင်ရှုတ်ချတော်မူပြီ။
40ကိုယ်တော်သည် သူ၏တံတိုင်းရှိသမျှတို့ကိုဖြိုဖျက်၍
သူ၏ခံတပ်များကို ဖျက်ဆီးတော်မူပြီ။
41လမ်း၌ဖြတ်သွားသောသူအပေါင်းတို့သည် သူ့ကိုတိုက်ခိုက်လုယက်ကြပါပြီ။
သူသည် မိမိအိမ်နီးချင်းတို့အတွက် ကဲ့ရဲ့ပြစ်တင်စရာဖြစ်ရပါပြီ။
42ကိုယ်တော်သည် သူ့အားရန်ဖက်ပြုသောသူတို့၏ လက်ယာလက်ကို ချီးမြှောက်၍
သူ၏ရန်သူအပေါင်းတို့ကို ဝမ်းမြောက်စေတော်မူပြီ။
43သူ၏ဓားသွားကိုလည်း လိပ်စေ၍
စစ်ပွဲတွင်လည်း သူ့ကိုထောက်မတော်မမူပါ။
44ကိုယ်တော်သည် သူ၏ဘုန်းရောင်ကိုကွယ်ပျောက်စေ၍
သူ၏ပလ္လင်ကို မြေသို့ချပစ်တော်မူပြီ။
45သူ၏ပျိုရွယ်သောနေ့ရက်တို့ကိုလည်း တိုတောင်းစေ၍
သူ့ကိုအရှက်ဖြင့် ဖုံးလွှမ်းတော်မူပြီ။(စေလာ#89:45 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
46အို ထာဝရဘုရား၊ မည်သည့်အချိန်အထိနည်း။
ကိုယ်တော်သည် အစဉ်ပုန်းရှောင်လျက် နေတော်မူမည်လော။
ကိုယ်တော်၏အမျက်ဒေါသသည် မီးကဲ့သို့ တောက်လောင်လျက်နေတော်မူမည်လော။
47အကျွန်ုပ်၏အသက်တာသည် မည်မျှတိုတောင်းသည်ကိုလည်းကောင်း၊
လူသားအပေါင်းတို့ကို အချည်းနှီးသောအရာအဖြစ် ဖန်ဆင်းတော်မူခဲ့သည်ကိုလည်းကောင်း
သတိရတော်မူပါ။
48မည်သူသည် သေခြင်းကိုမမြင်ရဘဲ အသက်ရှင်နိုင်သနည်း။
မည်သူသည် မိမိ၏စိတ်ဝိညာဉ်ကို မရဏာနိုင်ငံ၏တန်ခိုးမှ လွတ်မြောက်စေနိုင်သနည်း။(စေလာ#89:48 အဓိပ္ပာယ်မသေချာသောဟေဗြဲစကားလုံး။ ဖြစ်နိုင်သောအဓိပ္ပာယ်များမှာ 1)တေးကဗျာတို့ကိုရွတ်ဖတ်သီဆိုရာ၌ သုံးသောသင်္ကေတ။ 2)အသံတိတ်ရပ်နားစေရန်သင်္ကေတ။ 3)ဝတ်ပြုကိုးကွယ်သူတို့အား ပျပ်ဝပ်ရှိခိုးကြစေရန် သင်္ကေတ။ 4)ဝတ်ပြုကိုးကွယ်သူတို့အား အတူတကွရွတ်ဆိုစေရန်သင်္ကေတ။ 5)ထာဝရ ဟုအဓိပ္ပာယ်ရသောစကားလုံး။)
49အို ဘုရားရှင်၊ ဒါဝိဒ်အား ကိုယ်တော်၏သစ္စာတော်ဖြင့်
ကျိန်ဆိုထားတော်မူသော ကိုယ်တော်၏ရှေးဦးမေတ္တာကရုဏာတော်သည်
အဘယ်မှာရှိပါသနည်း။
50အို ဘုရားရှင်၊ ကိုယ်တော်၏အစေအပါးတို့ခံရသော ကဲ့ရဲ့ပြစ်တင်ခြင်းကိုလည်းကောင်း၊
အကျွန်ုပ်သည် လူအပေါင်းတို့၏ထိပါးစော်ကားခြင်းကို
အကျွန်ုပ်၏ရင်ခွင်ထဲ၌ ဆောင်ထားရသည်ကိုလည်းကောင်း အောက်မေ့တော်မူပါ။
51အို ထာဝရဘုရား၊ ကိုယ်တော်၏ရန်သူတို့သည်
ထိုကဲ့သို့ထိပါးစော်ကားခြင်းအားဖြင့် ကဲ့ရဲ့ပြစ်တင်ကြပါ၏။
ကိုယ်တော်ဘိသိက်ပေးထားသောသူ၏ခြေရာတို့ကို ထိုကဲ့သို့ကဲ့ရဲ့ပြစ်တင်ကြပါ၏။
52ထာဝရဘုရားသည် ထာဝရမင်္ဂလာရှိပါစေသော။ အာမင်နှင့် အာမင်။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 89: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative