YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 89:20-37

ဆာလံကျမ်း 89:20-37 MSBU

ငါ​၏​အစေအပါး​ဒါဝိဒ်​ကို ငါ​ရှာတွေ့​၍ ငါ​၏​သန့်ရှင်း​သော​ဆီ​ဖြင့် သူ့​ကို​ဘိသိက်ပေး​ပြီ​။ ငါ့​လက်​သည် သူ့​ကို​မြဲမြံ​စေ​မည်​။ ငါ့​လက်ရုံး​သည်​လည်း သူ့​ကို အင်အားကြီးမား​စေ​မည်​။ ရန်သူ​သည် သူ့​အပေါ် နိုင်ထက်စီးနင်း​ပြု​နိုင်​မည်​မ​ဟုတ်​။ မတရား​သော​သူ​သည်​လည်း သူ့​ကို နှိပ်စက်​နိုင်​မည်​မ​ဟုတ်​။ ငါ​သည် သူ​၏​ရန်သူ​များ​ကို သူ့​ရှေ့​တွင် ချေမှုန်းတိုက်ဖျက်​၍ သူ့​ကို​မုန်း​သော​သူ​တို့​ကို ရှုံးနိမ့်​စေ​မည်​။ ငါ​၏​သစ္စာ​နှင့် ငါ​၏​မေတ္တာကရုဏာ​သည် သူ​နှင့်အတူ​ရှိ​လိမ့်မည်​။ သူ​၏​ဦးချို​သည်​လည်း ငါ​၏​နာမ​အားဖြင့် ချီးမြှောက်​ခြင်း​ခံရ​လိမ့်မည်​။ ငါ​သည် သူ​၏​လက်​ကို ပင်လယ်​ပေါ်တွင်​လည်းကောင်း​၊ သူ​၏​လက်ယာ​လက်​ကို မြစ်​တို့​အပေါ်​တွင်​လည်းကောင်း တည်​စေ​မည်​။ သူ​က​လည်း ‘​ကိုယ်တော်​သည် အကျွန်ုပ်​၏​အဖ​၊ အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​၏​ကယ်တင်​ခြင်း​ကျောက်ဆောင် ဖြစ်​တော်မူ​၏​’​ဟု ငါ့​ထံသို့ ဟစ်ခေါ်​လိမ့်မည်​။ ငါ​သည်​လည်း သူ့​ကို သားဦး​အဖြစ်​ခန့်ထား​၍ ကမ္ဘာမြေကြီး​ပေါ်​ရှိ ရှင်ဘုရင်​တို့​တွင် အမြင့်ဆုံး​သော​အရှင်​ဖြစ်​စေ​မည်​။ သူ့​အပေါ်​ထားရှိ​သည့် ငါ​၏​မေတ္တာကရုဏာ​ကို ငါ​အစဉ်အမြဲ​စောင့်ထိန်း​မည်​။ သူ​နှင့်​ပြု​ထား​သော​ငါ​၏​ပဋိညာဉ်​သည်​လည်း မြဲမြံ​လိမ့်မည်​။ ငါ​သည် သူ​၏​အမျိုးအနွယ်​ကို ထာဝစဉ်​တည်​စေ​မည်​။ သူ​၏​ရာဇပလ္လင်​ကို​လည်း ကောင်းကင်​နေ့ရက်​များ​ကဲ့သို့ တည်​စေ​မည်​။ သူ​၏​သားသမီး​တို့​သည် ငါ​၏​တရား​ကို​စွန့်ပယ်​၍ ငါ​၏​စီရင်ထုံးဖွဲ့ချက်​များ​အတိုင်း မ​လိုက်လျှောက်​ကြ​လျှင်​လည်းကောင်း​၊ ငါ​၏​ပြဋ္ဌာန်းချက်​တို့​ကို ရှုတ်ချ​၍ ငါ​၏​ပညတ်​တို့​ကို မ​စောင့်ထိန်း​ကြ​လျှင်​လည်းကောင်း ငါ​သည် သူ​တို့​ကျူးလွန်​သော​အပြစ်​အတွက် ကြိမ်လုံး​ဖြင့်​ဒဏ်ခတ်​၍ သူ​တို့​၏​ဒုစရိုက်​အတွက် ကျာပွတ်​ဖြင့်​ပြစ်ဒဏ်​ပေး​မည်​။ သို့သော် ငါ​၏​မေတ္တာကရုဏာ​ကို သူ့​ထံမှ​ဖယ်ရှား​မည်​မ​ဟုတ်​။ ငါ​၏​သစ္စာ​ကို​လည်း ဖောက်ဖျက်​မည်​မ​ဟုတ်​။ ငါ​၏​ပဋိညာဉ်​ကို​လည်း ရှုတ်ချ​မည်​မ​ဟုတ်​။ ငါ​၏​နှုတ်ထွက်​စကား​ကို​လည်း ပြောင်းလဲ​စေ​မည်​မ​ဟုတ်​။ ငါ​သည် ဒါဝိဒ်​ကို လိမ်လည်​မည်​မ​ဟုတ်​ဟု ငါ​၏​သန့်ရှင်း​ခြင်း​ကို​တိုင်တည်​၍ တစ်ကြိမ်​နှင့်​အပြီး​ကျိန်ဆို​ပြီ​။ သူ​၏​အမျိုးအနွယ်​သည် အစဉ်အမြဲ​တည်​လိမ့်မည်​။ သူ​၏​ပလ္လင်​သည်​လည်း ငါ့​ရှေ့​တွင် နေ​ကဲ့သို့​ဖြစ်​လိမ့်မည်​။ ၎င်း​သည် လ​ကဲ့သို့​လည်းကောင်း​၊ မိုးကောင်းကင်​ရှိ သစ္စာရှိ​သော​သက်သေ​ကဲ့သို့​လည်းကောင်း အစဉ်​တည်မြဲ​လိမ့်မည်​”​ဟူ၍​ဖြစ်​၏​။ (​စေလာ )