YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 72:1-19

ဆာလံကျမ်း 72:1-19 MSBU

အို ဘုရားသခင်​၊ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို ရှင်ဘုရင်​အား​လည်းကောင်း​၊ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို ရှင်ဘုရင်​၏​သား​တော်​အား​လည်းကောင်း ပေး​တော်မူ​ပါ​။ ထို​မင်း​သည် ကိုယ်တော်​၏​လူမျိုး​တော်​ကို ဖြောင့်မတ်​ခြင်း​ဖြင့်​လည်းကောင်း​၊ အဖိနှိပ်​ခံရ​သော ကိုယ်တော်​၏​လူ​တို့​ကို တရားမျှတ​ခြင်း​ဖြင့်​လည်းကောင်း စစ်ကြောစီရင်​ပါစေသော​။ တောင်​များ​သည်​ငြိမ်းချမ်း​ခြင်း​ကို​လည်းကောင်း​၊ တောင်ကုန်း​များ​သည် ဖြောင့်မတ်​ခြင်း​ကို​လည်းကောင်း လူမျိုး​တော်​ထံသို့ ယူဆောင်​လာ​ကြ​ပါစေသော​။ သူ​သည် လူမျိုး​တော်​ထဲမှ အဖိနှိပ်​ခံရ​သော​သူ​တို့​အတွက် တရားစီရင်​ပေး​၍ နွမ်းပါး​သော​သူ​၏​သားသမီး​များ​ကို ကယ်တင်​လျက် နှိပ်စက်​သော​သူ​တို့​ကို နှိမ်နင်း​ပါစေသော​။ နေ​နှင့်​လ​တည်နေသရွေ့ လူ​တို့​သည် ကိုယ်တော်​ကို မျိုးဆက်​အစဉ်အဆက်​ကြောက်ရွံ့​ကြ​ပါစေသော​။ ထို​မင်း​သည် ရိတ်​ထား​သော​မြက်ခင်း​ပေါ်တွင် ရွာသွန်း​သည့် မိုး​ကဲ့သို့​လည်းကောင်း​၊ မြေကြီး​ကို​စိုစွတ်​စေ​သည့် မိုးစက်​မိုးပေါက်​ကဲ့သို့​လည်းကောင်း ဖြစ်​ပါစေသော​။ သူ​၏​လက်ထက်​၌ ဖြောင့်မတ်​သော​သူ​သည် ကြီးပွား​၍ လ​ကွယ်ပျောက်​သွား​သည်​အထိ ငြိမ်းချမ်းမှု​အပြည့်​ရှိ​ပါစေသော​။ သူ​သည် ပင်လယ်​တစ်​ခု​မှ အခြား​ပင်လယ်​တစ်​ခု​တိုင်အောင်​လည်းကောင်း​၊ မြစ်​တစ်​စင်း​မှ ကမ္ဘာမြေ​အစွန်း​တိုင်အောင်​လည်းကောင်း အုပ်စိုး​ပါစေသော​။ ကန္တာရ​၌​နေထိုင်​သော​လူမျိုး​တို့​သည် သူ့​ရှေ့​၌​ညွတ်တွား​၍ သူ​၏​ရန်သူ​တို့​သည် မြေမှုန့်​ကို​လျက်​ကြ​ရ​ပါစေသော​။ တာရှု​ဘုရင်​နှင့်​ကမ်းရိုးတန်း​နိုင်ငံ​များ​မှ ရှင်ဘုရင်​တို့​သည် လက်ဆောင်ပဏ္ဏာ​ကို ယူဆောင်​လာ​ကြ​ပါစေသော​။ ရှေဘ​ဘုရင်​နှင့်​သေဘ​ဘုရင်​တို့​သည်​လည်း အခွန်​ကို ဆက်သ​ကြ​ပါစေသော​။ ထိုမျှမက ဘုရင်​အပေါင်း​တို့​သည် သူ​၏​ရှေ့​၌​ပျပ်ဝပ်​ကြ​ပါစေသော​။ လူမျိုး​အပေါင်း​တို့​သည်​လည်း သူ့​ကို​အစေခံ​ကြ​ပါစေသော​။ အကြောင်းမူကား သူ​သည် အကူအညီ​အော်ဟစ်​တောင်းခံ​သည့် နွမ်းပါး​သော​သူ​ကို​လည်းကောင်း​၊ ကူညီမစ​မည့်​သူ​မ​ရှိ​သည့် အဖိနှိပ်​ခံရ​သော​သူ​ကို​လည်းကောင်း ကယ်နုတ်​တော်မူ​လိမ့်မည်​။ သူ​သည် ဆင်းရဲ​သော​သူ​နှင့် နွမ်းပါး​သော​သူ​ကို သနား​၍ နွမ်းပါး​သော​သူ​တို့​၏​အသက်​ကို ကယ်တင်​တော်မူ​လိမ့်မည်​။ သူ​သည် သူ​တို့​၏​အသက်​ကို ဖိနှိပ်​ခြယ်လှယ်​ခြင်း​နှင့် ရက်စက်ကြမ်းကြုတ်​ခြင်း​တို့​ထဲမှ ရွေးနုတ်​တော်မူ​လိမ့်မည်​။ အကြောင်းမူကား သူ့​အဖို့ သူ​တို့​၏​သွေး​သည် တန်ဖိုးကြီး​လှ​၏​။ သူ​သည် သက်တော်ရှည်​ပါစေသော​။ လူ​တို့​သည် ရှေဘ​ရွှေ​ကို သူ့​အား​ဆက်သ​၍ သူ့​အတွက် အစဉ်မပြတ်​ဆုတောင်း​ပေး​ကာ သူ့​ကို​တစ်နေ့လုံး​ကောင်းချီးပေး​ကြ​ပါစေသော​။ ပြည်​တော်​၌ များစွာ​သော​ဂျုံစပါး​ရှိ​၍ တောင်​များ​ပေါ်​၌​ယိမ်းနွဲ့​လျက်​ရှိ​ကြ​ပါစေသော​။ ၎င်း​၏​အသီးအနှံ​တို့​သည် လက်ဘနွန်​ကဲ့သို့ ဖြစ်​ကြ​ပါစေသော​။ လူ​တို့​သည် တော​၌​ရှိ​သော​မြက်ပင်​များ​ကဲ့သို့ မြို့ရွာ​တွင် ရှင်သန်​ကြ​ပါစေသော​။ သူ​၏​နာမ​သည် အစဉ်အမြဲ​တည်​ပါစေသော​။ နေ​သည်​တည်​နေ​သရွေ့ သူ​၏​နာမ​သည် ဆက်၍​တည်​ပါစေသော​။ လူ​တို့​သည် သူ့​အားဖြင့် ကောင်းချီးမင်္ဂလာ​ခံစား​ရ​၍ လူမျိုး​အပေါင်း​တို့​သည် သူ့​ကို​မင်္ဂလာ​ရှိ​သူ​ဟု ခေါ်​ကြ​ပါစေသော​။ အံ့ဖွယ်​သော​အမှု​တို့​ကို တစ်ပါးတည်း​သာ​ပြု​တော်မူ​သော အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​တည်းဟူသော ဘုရားသခင် ထာဝရဘုရား​သည် မင်္ဂလာရှိ​ပါစေသော​။ ကိုယ်တော်​၏​ဘုန်းကြီး​သော​နာမ​တော်​သည် အစဉ်အမြဲ​မင်္ဂလာရှိ​တော်မူ​ပါစေသော​။ ကမ္ဘာမြေ​တစ်ခွင်လုံး​သည် ကိုယ်တော်​၏​ဘုန်းအသရေ​တော်​နှင့်​ပြည့်​ပါစေသော​။ အာမင်​နှင့်​အာမင်​။