YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 50:11-23

ဆာလံကျမ်း 50:11-23 MSBU

တောင်​များ​ပေါ်ရှိ​ကျေးငှက်​အားလုံး​ကို​ငါ​သိ​၏​။ တော​သတ္တဝါ​များ​ကို​လည်း​ငါ​ပိုင်​၏​။ ငါ​ဆာလောင်မွတ်သိပ်​ခဲ့​လျှင်ပင် သင့်​ကို ငါ​ပြော​မည်​မ​ဟုတ်​။ အကြောင်းမူကား ကမ္ဘာလောက​မှစ၍ ၎င်း​တွင်​ရှိသမျှ​သော​အရာ​တို့​ကို ငါ​ပိုင်​၏​။ နွားလား​တို့​၏​အသား​ကို ငါ​စား​မည်လော​။ ဆိတ်ထီး​တို့​၏​သွေး​ကို ငါ​သောက်​မည်လော​။ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​ကို ဘုရားသခင်​အား​ပူဇော်​လော့​။ အမြင့်ဆုံး​သော​အရှင်​ထံ သင်​ပြု​ထား​သော​ကတိသစ္စာ​များ​ကို ပြည့်စုံ​စေ​လော့​။ ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ ငါ့​ကို​ခေါ်​လော့​။ ငါ​သည် သင့်​ကို​ကယ်မ​မည်​။ သင်​သည်​လည်း ငါ့​ကို​ဂုဏ်ပြုချီးမွမ်း​လိမ့်မည်​။​” သို့သော် ဘုရားသခင်​သည် ဆိုးယုတ်​သော​သူ​အား “​ငါ​၏​ပြဋ္ဌာန်းချက်​များ​ကို​ပြောကြား​၍ ငါ​၏​ပဋိညာဉ်​ကို​နှုတ်​၌​ဆောင်​ထား​ခြင်း​သည် သင်​နှင့်​မည်သို့​ဆိုင်​သနည်း​။ အကြောင်းမူကား သင်​သည် ဆုံးမပဲ့ပြင်​ခြင်း​ကို​မုန်း​၏​။ ငါ​၏​စကား​တို့​ကို သင့်​နောက်၌​သာ ပစ်ထား​၏​။ သင်​သည် သူခိုး​နှင့်​တွေ့​သောအခါ သူ့​ကို​လက်ခံ​၏​။ အိမ်ထောင်ရေးဖောက်ပြန်​သော​သူ​တို့​နှင့်​လည်း ပေါင်းသင်း​ဆက်ဆံ​၏​။ သင်​၏​နှုတ်​ကို မကောင်းမှု​အတွက်​အသုံးပြု​ပြီး သင်​၏​လျှာ​ကို လိမ်လည်လှည့်ဖြားမှု​၌ မှီဝဲဆည်းကပ်​စေ​၏​။ သင်​သည်​ထိုင်​၍ သင့်​ညီအစ်ကို​ကို​ဆန့်ကျင်​ပြောဆို​လျက် သင့်​မိခင်​၏​သား​ကို​ဆဲဆို​တတ်​၏​။ ဤ​အမှု​တို့​ကို​သင်​ပြု​၍ ငါ​သည် တိတ်ဆိတ်​စွာ​နေ​သဖြင့် ငါ​သည် သင်​နှင့်​တူ​သည်​ဟု သင်​ထင်မှတ်​၏​။ ငါ​သည် သင့်​ကို​ဆုံးမ​၍ သင်​၏​အပြစ်​ကို သင့်​ရှေ့မှောက်​၌​ခင်းပြ​မည်​။ ဘုရားသခင်​ကို​မေ့လျော့​တတ်​သော​သူ​တို့​၊ ဤ​အချက်​ကို သတိ​နှင့်​ဆင်ခြင်​ကြ​လော့​။ သို့မဟုတ်​ပါက ငါ​သည် သင်​တို့​ကို အပိုင်းပိုင်း​ဆုတ်ဖြဲ​သဖြင့် ကယ်နုတ်​သူ​မ​ရှိ​ဖြစ်​လိမ့်မည်​။ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​ကို​ပူဇော်​သော​သူ​သည် ငါ့​ကို​ဂုဏ်ပြုချီးမွမ်း​သော​သူ​ဖြစ်​၏​။ မိမိ​လမ်းခရီး​ကို​ပြင်ဆင်​သော​သူ​အား​လည်း ဘုရားသခင်​၏​ကယ်တင်​ခြင်း​ကို ငါ​ပြသ​မည်​”​ဟု မိန့်​တော်မူ​၏​။