YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 4:1-8

ဆာလံကျမ်း 4:1-8 MSBU

အကျွန်ုပ်​ကို​ဖြောင့်မတ်​စေ​တော်မူ​သော ဘုရားသခင်​၊ အကျွန်ုပ်​ခေါ်​သောအခါ အကျွန်ုပ်​ကို​ထူး​တော်မူ​ပါ​။ အကျွန်ုပ်​ဆင်းရဲဒုက္ခ​ထဲ​ရောက်​သောအခါ ကိုယ်တော်​သည် အကျွန်ုပ်​ကို ချမ်းသာ​ပေး​တော်မူ​ပါ​ပြီ​။ အကျွန်ုပ်​ကို​သနား​၍ အကျွန်ုပ်​၏​ဆုတောင်းချက်​ကို နားညောင်း​တော်မူ​ပါ​။ အချင်း​လူသား​တို့​၊ ငါ​၏​ဘုန်းအသရေ​ကို​မည်မျှ​ကြာ​အောင် ရှုတ်ချ​ကြ​မည်နည်း​။ မည်သည့်​အချိန်​အထိ အချည်းနှီး​သော​အရာ​ကို​နှစ်သက်​၍ လိမ်လည်​ခြင်း​ကို​လိုက်ရှာ​ကြ​မည်နည်း​။ (​စေလာ ) ထာဝရဘုရား​သည် သန့်ရှင်း​သူ​ကို မိမိ​အတွက် သီးသန့်ခွဲ​ထား​တော်မူ​ကြောင်း သိမှတ်​ကြ​လော့​။ ထာဝရဘုရား​ကို ငါ​ခေါ်​သောအခါ ကိုယ်တော်​သည် နားညောင်း​တော်မူ​၏​။ အမျက်ထွက်​သော်လည်း အပြစ်​မ​ပြု​ကြ​နှင့်​။ သင်​တို့​အိပ်ရာ​ပေါ်တွင် သင်​တို့​စိတ်နှလုံး​၌​စဉ်းစားဆင်ခြင်​လျက် တိတ်ဆိတ်​စွာ​နေ​ကြ​လော့​။ (​စေလာ ) ဖြောင့်မတ်​ခြင်း​ယဇ်​များ​ကို​ပူဇော်​၍ ထာဝရဘုရား​ကို​ယုံကြည်ကိုးစား​ကြ​လော့​။ များစွာ​သော​သူ​တို့​က “​ကောင်းမြတ်​သော​အရာ​ကို ငါ​တို့​အား​မည်သူ​ပြ​နိုင်​မည်နည်း​”​ဟု ပြောဆို​ကြ​ပါ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​မျက်နှာ​တော်​အလင်း​ကို အကျွန်ုပ်​တို့​အပေါ် ထွန်းလင်း​စေ​တော်မူ​ပါ​။ အကျွန်ုပ်​၏​စိတ်နှလုံး​ထဲ၌ ကိုယ်တော်​ပေး​တော်မူ​သော​ဝမ်းမြောက်​ခြင်း​သည် သူ​တို့​၏​ကောက်ပဲသီးနှံ​နှင့် စပျစ်ဝိုင်​အသစ်​ပေါများ​သော​အချိန်​တွင် သူ​တို့​၌​ရှိ​သော​ဝမ်းမြောက်​ခြင်း​ထက် သာလွန်​ပါ​၏​။ အကျွန်ုပ်​သည် ငြိမ်းချမ်း​စွာ​လဲလျောင်း​၍ အိပ်ပျော်​ပါ​မည်​။ အကြောင်းမူကား အို ထာဝရဘုရား​၊ ကိုယ်တော်​တစ်ပါးတည်း​သာလျှင် အကျွန်ုပ်​အား ဘေးကင်းလုံခြုံ​စွာ​နေထိုင်​ရ​သော​အခွင့်​ကို ပေး​တော်မူ​ပါ​၏​။