YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 37:1-22

ဆာလံကျမ်း 37:1-22 MSBU

ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​တို့​ကြောင့် စိတ်အနှောင့်အယှက်​မ​ဖြစ်​နှင့်​။ မတရားမှု​ပြု​သော​သူ​တို့​ကို​မ​ငြူစူ​နှင့်​။ အကြောင်းမူကား သူ​တို့​သည် မြက်ပင်​ကဲ့သို့ လျင်မြန်​စွာ​ညှိုးခြောက်​၍ စိမ်းလန်း​သော​မြက်နု​ကဲ့သို့ ညှိုးနွမ်း​ကြ​လိမ့်မည်​။ ထာဝရဘုရား​ကို​ယုံကြည်ကိုးစား​လျက် ကောင်း​သော​အမှု​ကို​ပြု​လော့​။ ပြည်​တော်​၌​နေထိုင်​၍ သစ္စာတရား​၌​ကျက်စား​လော့​။ ထာဝရဘုရား​၌ မွေ့လျော်​ခြင်း​ရှိ​လော့​။ သို့ပြုလျှင် သင်​၏​စိတ်နှလုံး​ဆန္ဒ​များ​ကို သင့်​အား​ဖြည့်ဆည်း​ပေး​တော်မူ​လိမ့်မည်​။ သင်​ပြုမူကျင့်ကြံ​သော​အမှုအရာ​ကို ထာဝရဘုရား​ထံ​အပ်နှံ​၍ ကိုယ်တော်​ကို ယုံကြည်ကိုးစား​လော့​။ သို့ပြုလျှင် ကိုယ်တော်​စီရင်​ဆောင်ရွက်​တော်မူ​လိမ့်မည်​။ ကိုယ်တော်​သည် သင်​၏​ဖြောင့်မတ်​ခြင်း​ကို အလင်း​ကဲ့သို့​လည်းကောင်း​၊ သင်​၏​တရားမျှတ​ခြင်း​ကို မွန်းတည့်​နေ​ကဲ့သို့​လည်းကောင်း ထွန်းလင်း​စေ​တော်မူ​လိမ့်မည်​။ ထာဝရဘုရား​ရှေ့​တော်​၌ တိတ်ဆိတ်​စွာ​နေ​၍ ကိုယ်တော်​ကို​ငံ့လင့်​လော့​။ မိမိ​ပြု​သော​အမှု​၌ အောင်မြင်​သော​သူ​ကြောင့်​လည်းကောင်း​၊ ကောက်ကျစ်​သော​အကြံအစည်​များ​ကို ကြံစည်​သော​သူ​ကြောင့်​လည်းကောင်း စိတ်အနှောင့်အယှက်​မ​ဖြစ်​နှင့်​။ အမျက်​ကို​ပြေ​စေ​လော့​။ အမျက်ဒေါသ​ကို​စွန့်ပယ်​လော့​။ စိတ်အနှောင့်အယှက်​မ​ဖြစ်​နှင့်​။ ၎င်း​သည် ဆိုးကျိုး​ကို​သာ​ဖြစ်စေ​တတ်​၏​။ အကြောင်းမူကား ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​တို့​သည် ဖယ်ရှား​ခြင်း​ခံ​ကြ​ရ​လိမ့်မည်​။ ထာဝရဘုရား​ကို​စောင့်မျှော်​သော​သူ​တို့​မူကား ပြည်​တော်​ကို​အမွေဆက်ခံ​ရ​ကြ​လိမ့်မည်​။ ခဏမျှကြာ​လျှင် ဆိုးယုတ်​သော​သူ​သည် ရှိ​တော့​မည်​မ​ဟုတ်​။ သင်​သည် သူ​၏​နေရာ​ကို​စေ့စေ့ရှာ​လျှင်လည်း သူ​သည်​ရှိ​တော့​မည်​မ​ဟုတ်​။ စိတ်နှိမ့်ချ​သော​သူ​တို့​မူကား ပြည်​တော်​ကို​အမွေဆက်ခံ​ရ​၍ ကြွယ်ဝ​သော​ငြိမ်းချမ်း​ခြင်း​၌ မွေ့လျော်​ရ​ကြ​လိမ့်မည်​။ ဆိုးယုတ်​သော​သူ​သည် ဖြောင့်မတ်​သော​သူ​အပေါ် မကောင်း​ကြံစည်​ကာ သူ့​ကို​ကြည့်​လျက် အံကြိတ်​တတ်​၏​။ သို့သော် သူ​၏​နေ့ရက်​ရောက်လာ​တော့​မည်​ကို ဘုရားရှင်​သည် သိမြင်​တော်မူ​၍ သူ့​ကို​ရယ်မော​တော်မူ​၏​။ ဆိုးယုတ်​သော​သူ​တို့​သည် အဖိနှိပ်​ခံရ​သော​သူ​နှင့် နွမ်းပါး​သော​သူ​ကို လဲကျ​စေရန်​လည်းကောင်း​၊ ဖြောင့်မှန်​စွာ​ပြုမူကျင့်ကြံ​သော​သူ​တို့​ကို သတ်ဖြတ်​ရန်​လည်းကောင်း ဓား​ကို​ထုတ်​၍ လေး​ကို​တင်​ကြ​၏​။ သူ​တို့​၏​ဓား​သည် သူ​တို့​၏​နှလုံး​ကို​ထိုးဖောက်​၍ သူ​တို့​၏​လေး​များ​သည် ချိုးဖဲ့​ခြင်း​ခံရ​လိမ့်မည်​။ ဖြောင့်မတ်​သော​သူ​၏​အနည်းငယ်​သော​ဥစ္စာ​သည် ဆိုးယုတ်​သော​သူ​တို့​၏​များစွာ​သော စည်းစိမ်ဘဏ္ဍာ​ထက် ပို၍​ကောင်း​၏​။ အကြောင်းမူကား ဆိုးယုတ်​သော​သူ​တို့​၏​လက်ရုံး​သည် ချိုးဖဲ့​ခြင်း​ခံရ​လိမ့်မည်​။ သို့သော် ထာဝရဘုရား​သည် ဖြောင့်မတ်​သော​သူ​တို့​ကို ထောက်မ​တော်မူ​၏​။ ထာဝရဘုရား​သည် အပြစ်တင်စရာမရှိ​သော​သူ​တို့​၏ နေ့ရက်​များ​ကို​သိ​တော်မူ​၏​။ သူ​တို့​၏​အမွေ​သည် အစဉ်အမြဲ​တည်​လိမ့်မည်​။ သူ​တို့​သည် ဆိုးရွား​သော​ကာလ​၌ အရှက်ကွဲ​ကြ​ရ​လိမ့်မည်​မ​ဟုတ်​။ အစာခေါင်းပါး​သော​နေ့​၌​လည်း ဝလင်​ရ​ကြ​လိမ့်မည်​။ ဆိုးယုတ်​သော​သူ​တို့​မူကား ပျက်စီး​ကြ​ရ​လိမ့်မည်​။ ထာဝရဘုရား​၏​ရန်သူ​တို့​သည် မြက်ခင်းပြင်​၏​အသရေ​ကဲ့သို့​ဖြစ်​ကြ​၏​။ သူ​တို့​သည် ပျောက်ပြယ်​သွား​ကြ​လိမ့်မည်​။ မီးခိုး​ကဲ့သို့ ပျောက်ပြယ်​သွား​ကြ​လိမ့်မည်​။ ဆိုးယုတ်​သော​သူ​တို့​သည် ချေးငှား​ပြီး ပြန်​မ​ဆပ်​တတ်​ကြ​ပေ​။ ဖြောင့်မတ်​သော​သူ​တို့​မူကား သနား​၍ ပေးကမ်း​တတ်​ကြ​၏​။ အကြောင်းမူကား ကိုယ်တော်​၏​ကောင်းချီးမင်္ဂလာ​ကို ခံစား​ရ​သော​သူ​တို့​သည် ပြည်​တော်​ကို​အမွေဆက်ခံ​ရ​ကြ​လိမ့်မည်​။ ကိုယ်တော်​၏​ကျိန်​ခြင်း​ကို​ခံရ​သော​သူ​တို့​မူကား ဖယ်ရှား​ခြင်း​ခံရ​ကြ​လိမ့်မည်​။