YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 27

27
အကျွန်ုပ်၏မှီခိုရာ
ဒါဝိဒ်​၏​ဆာလံ
1ထာဝရဘုရား​သည် ငါ​၏​အလင်း​၊ ငါ့​ကို​ကယ်တင်​သော​အရှင်​ဖြစ်​တော်မူ​၏​။
ငါ​သည် မည်သူ့​ကို​ကြောက်​ရ​မည်နည်း​။
ထာဝရဘုရား​သည် ငါ့​အသက်​၏ မှီခို​ရာ​ဖြစ်​တော်မူ​၏​။
ငါ​သည် မည်သူ့​ကို​ကြောက်ရွံ့​ရ​မည်နည်း​။
2ငါ့​ကို​ရန်ဖက်ပြု​သော​သူ​များ​နှင့် ငါ​၏​ရန်သူ​များ​ဖြစ်​ကြ​သည့် ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​တို့​သည် ငါ့​အသား​ကို​ကိုက်စား​ရန်
ငါ့​ထံသို့​ချဉ်းကပ်​လာ​ကြ​သောအခါ ခလုတ်တိုက်​၍​လဲကျ​ကြ​လိမ့်မည်​။
3တပ်​တစ်​တပ်​သည် ငါ့​တစ်ဖက်​၌​စခန်းချ​ထား​လျှင်လည်း ငါ့​စိတ်နှလုံး​သည်​ကြောက်​လိမ့်မည်​မ​ဟုတ်​။
ငါ့​ကို​တိုက်ခိုက်​သည့်​စစ်ပွဲ​ဖြစ်ပွား​လျှင်လည်း ထို​စစ်ပွဲ​တွင် ငါ​ရဲရင့်တည်ကြည်​လိမ့်မည်​။
4ထာဝရဘုရား​၏​ခန့်ညား​တင့်တယ်​ခြင်း​ကို ဖူးမြော်​ရန်​နှင့် ကိုယ်တော်​၏​ဗိမာန်တော်​၌ စူးစမ်းဆင်ခြင်​လျက်​နေ​ရန်
ငါ​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ထာဝရဘုရား​၏​အိမ်​တော်​၌​နေ​ရ​မည့်​အကြောင်း တစ်ခုတည်း​ကို
ထာဝရဘုရား​ထံ​၌ ငါ​တောင်းလျှောက်​ပြီ​။ ထို​အခွင့်​ကို ငါ​ရှာ​မည်​။
5အကြောင်းမူကား ဒုက္ခ​ရောက်​သော​နေ့​၌ ကိုယ်တော်​သည် မိမိ​၏​ကိန်းအောင်း​ရာ​အရပ်​၌ ငါ့​ကို​ဝှက်​ထား​တော်မူ​လိမ့်မည်​။
ကိုယ်တော်​၏​တဲ​တော်​၌​ရှိ​သည့် ကွယ်ကာ​ရာ​အရပ်​၌ ငါ့​ကို​ဖုံးကွယ်​ထား​၍ ကျောက်ဆောင်​ပေါ်၌
ငါ့​ကို​ဆွဲတင်​တော်မူ​လိမ့်မည်​။
6ယခုအခါ ငါ​၏​ဦးခေါင်း​သည် ငါ့​ပတ်လည်​ရှိ ငါ့​ရန်သူ​တို့​အထက်၌ ချီးမြှောက်​ခြင်း​ခံရ​လိမ့်မည်​။
ထို့ကြောင့် ငါ​သည် ကိုယ်တော်​၏​တဲ​တော်​၌ ဝမ်းမြောက်​စွာ​ကြွေးကြော်​သော​အသံ​တည်းဟူသော ယဇ်​များ​ကို​ပူဇော်​ပါ​မည်​။
ငါ​သည် သီချင်းဆို​လျက် ထာဝရဘုရား​ကို သီဆိုချီးမွမ်း​ပါ​မည်​။
7အို ထာဝရဘုရား​၊ အကျွန်ုပ်​ခေါ်​သော​အသံ​ကို နားညောင်း​တော်မူ​ပါ​။
အကျွန်ုပ်​ကို သနား​၍​ထူး​တော်မူ​ပါ​။
8အကျွန်ုပ်​စိတ်နှလုံး​က “​ငါ​၏​မျက်နှာ​ကို​ရှာ​ကြ​လော့​”​ဟု ကိုယ်တော်​ကိုယ်စား​ဆို​သောအခါ
အို ထာဝရဘုရား​၊ ကိုယ်တော်​၏​မျက်နှာ​တော်​ကို အကျွန်ုပ်​ရှာ​ပါ​မည်​။
9အကျွန်ုပ်​ထံမှ မျက်နှာ​လွှဲ​တော်​မ​မူ​ပါ​နှင့်​။ အမျက်​တော်​ထွက်​၍ ကိုယ်တော်​၏​အစေအပါး​ကို ငြင်းပယ်​တော်​မ​မူ​ပါ​နှင့်​။
ကိုယ်တော်​သည် အကျွန်ုပ်​ကို​ကူညီမစ​သော​အရှင် ဖြစ်​ပါ​၏​။
အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​၊ အကျွန်ုပ်​ကို​ပစ်ပယ်​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​ကို​စွန့်ပစ်​တော်​မ​မူ​ပါ​နှင့်​။
10ငါ​၏​မိဘ​တို့​သည် ငါ့​ကို​စွန့်ပစ်​ကြ​လျှင်​လည်း
ထာဝရဘုရား​သည် ငါ့​ကို​ခေါ်ထား​တော်မူ​လိမ့်မည်​။
11အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လမ်း​ကို အကျွန်ုပ်​အား​သွန်သင်ပြသ​တော်မူ​ပါ​။
အကျွန်ုပ်​၏​ရန်သူ​တို့​ကြောင့် အကျွန်ုပ်​ကို​ညီညာ​သော​လမ်း​၌​ပို့ဆောင်​တော်မူ​ပါ​။
12အကျွန်ုပ်​၏​ရန်သူ​တို့​အလို​အတိုင်း​ပြု​ကြ​စေရန် အကျွန်ုပ်​ကို​အပ်​တော်​မ​မူ​ပါ​နှင့်​။
အကြောင်းမူကား မုသား​သက်သေ​တို့​သည် အကျွန်ုပ်​တစ်ဖက်​၌​ထ​ကြ​လျက်
ရက်စက်ကြမ်းကြုတ်​သော​စကား​ကို တရစပ်​ပြောဆို​ကြ​ပါ​၏​။
13အကယ်စင်စစ် အသက်ရှင်​သော​သူ​တို့​၏​ပြည်​၌ ထာဝရဘုရား​၏​ကောင်းမြတ်​ခြင်း​ကို တွေ့မြင်​ရ​မည်​ဟု
ငါ​ယုံကြည်​စိတ်ချ​၏​။
14ထာဝရဘုရား​ကို စောင့်မျှော်​လော့​။ အားယူ​၍ သင်​၏​စိတ်နှလုံး​ကို​ရဲရင့်​စေ​လော့​။
ထာဝရဘုရား​ကို စောင့်မျှော်​လော့​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 27: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ