ဆာလံကျမ်း 25
25
ထာဝရဘုရားကို မှီခိုအားထားခြင်း
ဒါဝိဒ်၏ဆာလံ
1အို ထာဝရဘုရား၊ အကျွန်ုပ်၏စိတ်ဝိညာဉ်သည်
ကိုယ်တော်ကို မှီဝဲဆည်းကပ်ပါ၏။
2အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်ကို အကျွန်ုပ်ယုံကြည်ကိုးစားပါ၏။ အကျွန်ုပ်သည် အရှက်မကွဲရပါစေနှင့်။
အကျွန်ုပ်၏ရန်သူတို့သည် အကျွန်ုပ်အပေါ် အောင်ပွဲမခံကြရပါစေနှင့်။
3အကယ်စင်စစ် ကိုယ်တော်ကိုစောင့်မျှော်သောသူရှိသမျှတို့သည် အရှက်ကွဲကြရလိမ့်မည်မဟုတ်။
အကြောင်းမဲ့ သစ္စာဖောက်သောသူတို့သည် အရှက်ကွဲကြရလိမ့်မည်။
4အို ထာဝရဘုရား၊ ကိုယ်တော်၏လမ်းတို့ကို အကျွန်ုပ်အားသိစေတော်မူပါ။
ကိုယ်တော်၏လမ်းစဉ်တို့ကို အကျွန်ုပ်အားသင်ကြားပေးတော်မူပါ။
5ကိုယ်တော်၏သမ္မာတရားထဲ၌ အကျွန်ုပ်ကို ဦးဆောင်လမ်းပြ၍ အကျွန်ုပ်ကို သင်ကြားပေးတော်မူပါ။
အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရားသခင်ဖြစ်ပါ၏။
အကျွန်ုပ်သည် ကိုယ်တော်ကို တစ်နေ့လုံးစောင့်မျှော်ပါ၏။
6အို ထာဝရဘုရား၊ ကိုယ်တော်၏သနားစုံမက်ခြင်းများနှင့် ကိုယ်တော်၏မေတ္တာကရုဏာများကို အောက်မေ့တော်မူပါ။
အကြောင်းမူကား ၎င်းတို့သည် ရှေးကာလမှစ၍ တည်ခဲ့ကြပါ၏။
7အကျွန်ုပ်၏ပျိုရွယ်စဉ်ကအပြစ်များနှင့် အကျွန်ုပ်ကျူးလွန်သောအပြစ်များကို အောက်မေ့တော်မမူပါနှင့်။
အို ထာဝရဘုရား၊ ကိုယ်တော်၏ကောင်းမြတ်တော်မူခြင်းကိုထောက်၍
ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့်အညီ အကျွန်ုပ်ကိုအောက်မေ့တော်မူပါ။
8ထာဝရဘုရားသည် ကောင်းမြတ်၍ ဖြောင့်မှန်တော်မူ၏။
ထို့ကြောင့် ကိုယ်တော်သည် အပြစ်သားတို့အား လမ်းတော်ကို သွန်သင်ပြသတော်မူ၏။
9စိတ်နှိမ့်ချသောသူတို့ကို တရားမျှတခြင်းထဲ၌ ဦးဆောင်လမ်းပြတော်မူ၏။
မိမိ၏လမ်းတော်ကိုလည်း စိတ်နှိမ့်ချသောသူတို့အား သင်ကြားပေးတော်မူ၏။
10ထာဝရဘုရား၏လမ်းစဉ်ရှိသမျှတို့သည် ကိုယ်တော်၏ပဋိညာဉ်တော်နှင့်သက်သေခံချက်တို့ကို
လိုက်နာကျင့်သုံးသောသူတို့အတွက် မေတ္တာကရုဏာနှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။
11အို ထာဝရဘုရား၊ အကျွန်ုပ်၏ဒုစရိုက်သည်ကြီးမားလှသောကြောင့်
ကိုယ်တော်၏နာမတော်ကိုထောက်၍ ခွင့်လွှတ်တော်မူပါ။
12ထာဝရဘုရားကိုကြောက်ရွံ့သောသူသည် မည်သူနည်း။
ကိုယ်တော်သည် ထိုသူရွေးချယ်ရမည့်လမ်းကို သူ့အားသွန်သင်ပြသတော်မူလိမ့်မည်။
13သူ၏စိတ်ဝိညာဉ်သည် ကောင်းမွန်စွာနေထိုင်ရ၍ သူ၏သားစဉ်မြေးဆက်တို့သည် ပြည်တော်ကိုအမွေဆက်ခံရကြလိမ့်မည်။
14ထာဝရဘုရားသည် မိမိကိုကြောက်ရွံ့သောသူတို့နှင့်ရင်းနှီးကျွမ်းဝင်တော်မူ၏။
မိမိ၏ပဋိညာဉ်တော်ကိုလည်း သူတို့အား သိစေတော်မူ၏။
15ထာဝရဘုရားသည် အကျွန်ုပ်၏ခြေကို ပိုက်ကွန်ထဲမှ ထုတ်ပေးတော်မူမည်ဖြစ်၍
အကျွန်ုပ်သည် ကိုယ်တော်ကိုအစဉ်မျှော်ကြည့်ပါ၏။
16အကျွန်ုပ်သည် တစ်ကိုယ်တည်းဖြစ်လျက် အဖိနှိပ်ခံရသောကြောင့်
အကျွန်ုပ်ဘက်သို့လှည့်၍ အကျွန်ုပ်ကိုသနားတော်မူပါ။
17အကျွန်ုပ်၏စိတ်ဒုက္ခများသည် များပြားလာသဖြင့်
အကျွန်ုပ်၏ပူပင်သောကထဲမှ အကျွန်ုပ်ကိုထုတ်ဆောင်တော်မူပါ။
18အကျွန်ုပ်ခံရသောဖိစီးနှိပ်စက်မှုနှင့် အကျွန်ုပ်၏အခက်အခဲပြဿနာကို ကြည့်ရှု၍
အကျွန်ုပ်၏အပြစ်ရှိသမျှတို့ကို ခွင့်လွှတ်တော်မူပါ။
19အကျွန်ုပ်၏ရန်သူတို့သည် မည်မျှများပြားကြသည်ကိုလည်းကောင်း၊
အကျွန်ုပ်ကို မည်မျှရက်စက်ကြမ်းကြုတ်သော မုန်းတီးမှုဖြင့် မုန်းတီးကြသည်ကိုလည်းကောင်း ကြည့်ရှုတော်မူပါ။
20အကျွန်ုပ်၏အသက်ကိုစောင့်ရှောက်၍ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။
အကျွန်ုပ်သည် ကိုယ်တော်ကိုခိုလှုံသည်ဖြစ်၍ အရှက်မကွဲရပါစေနှင့်။
21အကျွန်ုပ်သည် ကိုယ်တော်ကို စောင့်မျှော်နေသည်ဖြစ်၍ တည်ကြည်ခြင်းနှင့်ဖြောင့်မှန်ခြင်းသည်
အကျွန်ုပ်ကိုကာကွယ်စောင့်ရှောက်ပါစေသော။
22အို ဘုရားသခင်၊ အစ္စရေးလူမျိုးကို ခပ်သိမ်းသောဆင်းရဲဒုက္ခထဲမှ ရွေးနုတ်ကယ်တင်တော်မူပါ။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 25: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative