YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 18:1-24

ဆာလံကျမ်း 18:1-24 MSBU

အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​စွမ်းပကား​ဖြစ်​တော်မူ​သော​ကိုယ်တော်​ကို အကျွန်ုပ်​မြတ်နိုး​ပါ​၏​။ ထာဝရဘုရား​သည် ငါ​၏​ကျောက်​၊ ငါ​၏​ရဲတိုက်​၊ ငါ့​ကို​ကယ်တင်​တော်မူ​သော​အရှင်​၊ ငါ​၏​ဘုရား​၊ ငါ​ခိုလှုံ​ရာ​ကျောက်ဆောင်​၊ ငါ​၏​ဒိုင်းလွှား​၊ ငါ​၏​ကယ်တင်​ခြင်း​ဦးချို​နှင့် ငါ​ခိုကိုး​ရာ​ဖြစ်​တော်မူ​၏​။ ချီးမွမ်းထိုက်​သော​ထာဝရဘုရား​ကို ငါ​ခေါ်​သောအခါ ငါ့​ရန်သူ​တို့​၏​လက်​မှ ငါ့​ကို​ကယ်တင်​တော်မူ​၏​။ သေ​ခြင်း​၏​ကြိုး​တို့​သည် ငါ့​ကို​ရစ်ပတ်​ထား​ပြီး ဖျက်ဆီး​ခြင်း​ရေအဟုန်​တို့​သည် ငါ့​ကို​ခြောက်လှန့်​နေ​ပါ​၏​။ မရဏာ​ကြိုး​တို့​သည် ငါ့​ကို ပတ်စည်း​ထား​ပြီး သေမင်း​ထောင်ချောက်​များ​လည်း ငါ့​ကို ဆီးကြို​နေ​ပါ​၏​။ ဆင်းရဲဒုက္ခ​ရောက်​စဉ် ငါ​သည် ထာဝရဘုရား​ကို ခေါ်​ပါ​၏​။ ငါ​၏​ဘုရားသခင်​ကို အကူအညီ​အော်ဟစ်​တောင်းခံ​ပါ​၏​။ ကိုယ်တော်​သည် ငါ​၏​အသံ​ကို ဗိမာန်တော်​ထဲမှ ကြား​တော်မူ​ပါ​၏​။ ငါ​၏​အော်ဟစ်သံ​သည်​လည်း ကိုယ်တော်​၏​ရှေ့​တော်​၊ ကိုယ်တော်​၏​နား​တော်​သို့​ရောက်​ပါ​၏​။ ထိုအခါ ကိုယ်တော်​သည် အမျက်ထွက်​တော်မူ​သောကြောင့် မြေကြီး​သည် ယိမ်းထိုး​လှုပ်ခါ​၏​။ တောင်​များ​၏​အခြေအမြစ်​တို့​သည်​လည်း ယိမ်းထိုး​ခါယမ်း​ကြ​၏​။ ကိုယ်တော်​၏​နှာခေါင်း​တော်​ထဲမှ မီးခိုး​ထွက်​၍ ခံတွင်း​တော်​ထဲမှ မီးတောက်​ထွက်လာ​၏​။ ထို​မီးတောက်​ကြောင့် မီးခဲ​တို့​သည် တောက်လောင်​ကြ​၏​။ ကိုယ်တော်​သည် မိုးကောင်းကင်​ကို ညွတ်​စေ​၍ ကြွဆင်း​တော်မူ​၏​။ အမှောင်ထု​သည် ခြေ​တော်​အောက်​၌​ရှိ​၏​။ ကိုယ်တော်​သည် ခေရုဗိမ်​ကို​စီး​၍ ပျံသန်း​တော်မူ​၏​။ လေ​အတောင်ပံ​များ​အားဖြင့် ထိုးဆင်း​တော်မူ​၏​။ ကိုယ်တော်​သည် အမှောင်​ကို မိမိ​၏​လျှို့ဝှက်​သော​နေရာ​ဖြစ်​စေ​တော်မူ​၏​။ မိုး​ရေ​ဖွဲ့​ထား​သော​တိမ်တိုက်ထု​ကြီး​၏​အမှောင်ထု​သည် ကိုယ်တော်​၏​ပတ်လည်​၌​ရှိ​သော အခြံအရံ​ဖြစ်​၏​။ ရှေ့​တော်​ရှိ​ရောင်ခြည်​တော်​ကြောင့် မိုးသီး​နှင့်​တောက်လောင်​သော​မီးခဲ​များ​သည် ကိုယ်တော်​၏​တိမ်တိုက်​များ​ကို ဖြတ်ကျော်​၍​ထွက်လာ​ကြ​၏​။ ထာဝရဘုရား​သည် ကောင်းကင်​၌ ခြိမ်းသံ​ကို​ပေး​တော်မူ​၏​။ အမြင့်ဆုံး​သော​အရှင်​သည် မိမိ​အသံ​ကို မိုးသီး​နှင့်​တောက်လောင်​သော​မီးခဲ​များ​နှင့်တကွ လွှင့်​တော်မူ​၏​။ မြား​တို့​ကို ပစ်လွှတ်​၍ ရန်သူ​တို့​ကို ကွဲလွင့်​စေ​တော်မူ​၏​။ လျှပ်စီးလက်​စေ​၍ သူ​တို့​ကို ကစဥ့်ကလျား​ဖြစ်စေ​တော်မူ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​ဆုံးမ​ခြင်း​နှင့် နှာခေါင်း​တော်​ထဲမှ ရှူထုတ်​သော​လေ​ကြောင့် ပင်လယ်​ကြမ်းပြင်​များ ပေါ်လာ​၍ ကမ္ဘာကြီး​၏​အောက်ခြေ​တို့​သည် ဟင်းလင်းပြင်​ဖြစ်​လေ​၏​။ ကိုယ်တော်​သည် အထက်အရပ်​မှ​လှမ်း​၍ ငါ့​ကို​ဆွဲကိုင်​တော်မူ​၏​။ ရေထု​ထဲမှ ငါ့​ကို​ဆယ်ယူ​တော်မူ​၏​။ ငါ​မ​ပြိုင်​နိုင်​လောက်အောင် ခွန်အား​ကြီးမား​သော ငါ့​ရန်သူ​၏​လက်​မှ​လည်းကောင်း​၊ ငါ့​ကို​မုန်း​သော​သူ​တို့​၏​လက်​မှ​လည်းကောင်း ငါ့​ကို​ကယ်နုတ်​တော်မူ​၏​။ ငါ​ဘေးဒုက္ခ​ရောက်​ချိန်​တွင် သူ​တို့​သည် ငါ့​ကို တိုက်ခိုက်​ကြ​သော်လည်း ထာဝရဘုရား​သည် ငါ့​ကို ထောက်မ​တော်မူ​၏​။ ကိုယ်တော်​သည် ငါ့​ကို ကျယ်ဝန်း​သော​အရပ်​သို့ ပို့ဆောင်​တော်မူ​၏​။ ငါ့​ကို​နှစ်သက်​တော်မူ​သောကြောင့် ငါ့​ကို​ကယ်မ​တော်မူ​၏​။ ထာဝရဘုရား​သည် ငါ​ဖြောင့်မတ်​သည်​နှင့်အညီ ငါ့​ကို ကျေးဇူးပြု​တော်မူ​၏​။ ငါ့​လက်​သန့်ရှင်း​သည်​နှင့်အညီ ငါ့​ကို ချီးမြှောက်​တော်မူ​၏​။ အကြောင်းမူကား ငါ​သည် ထာဝရဘုရား​၏​လမ်း​တို့​ကို စောင့်ထိန်း​၏​။ ဆိုးယုတ်​သော​အမှု​ကို မ​ပြု​ပါ​။ ငါ​၏​ဘုရားသခင်​ထံမှ ကျောခိုင်း​မ​သွား​ပါ​။ အကယ်စင်စစ် ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​ရှိသမျှ​တို့​ကို ငါ​မျက်မှောက်​ပြု​ပါ​၏​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​မှ ငါ​လွှဲရှောင်​မ​သွား​ပါ​။ ငါ​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ အပြစ်တင်စရာမရှိ​အောင်​နေ​၍ ဒုစရိုက်​မ​ပြု​မိ​အောင် ကိုယ့်ကိုယ်ကို စောင့်ထိန်း​ပါ​၏​။ ထို့ကြောင့် ထာဝရဘုရား​သည် ငါ​ဖြောင့်မတ်​သည်​နှင့်အညီ​၊ ကိုယ်တော်​၏​မျက်မှောက်​တော်​၌ ငါ့​လက်​သန့်ရှင်း​သည်​နှင့်အညီ ငါ့​ကို​ချီးမြှောက်​တော်မူ​၏​။