ထာဝရဘုရားသည် အကျွန်ုပ်၏ဝေစုဖြစ်တော်မူ၏။ ကိုယ်တော်၏နှုတ်ကပတ်တော်တို့ကို စောင့်ထိန်းပါမည်ဟု အကျွန်ုပ်ကတိပြုပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏မျက်နှာတော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာပါ၏။ ကိုယ်တော်၏ကတိတော်အတိုင်း အကျွန်ုပ်ကိုသနားတော်မူပါ။ အကျွန်ုပ်သည် မိမိ၏ဘဝလမ်းကို ဆင်ခြင်၍ အကျွန်ုပ်၏ခြေလှမ်းကို ကိုယ်တော်၏သက်သေခံချက်များထံသို့ ပြန်လှည့်စေပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်တို့ကို စောင့်ထိန်းရန် တုံ့ဆိုင်းမနေဘဲ အလျင်အမြန်လုပ်ဆောင်ပါ၏။ ဆိုးယုတ်သောသူတို့၏ကြိုးများသည် အကျွန်ုပ်ကိုပတ်ရစ်ထားသော်လည်း အကျွန်ုပ်သည် ကိုယ်တော်၏တရားတော်တို့ကို မမေ့လျော့ပါ။ ကိုယ်တော်၏ဖြောင့်မတ်သော စီရင်ထုံးဖွဲ့ချက်တို့အတွက် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းရန် ညသန်းခေါင်အချိန်တွင် အကျွန်ုပ်ထပါ၏။ အကျွန်ုပ်သည် ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့နှင့် ကိုယ်တော်၏ဥပဒေသတို့ကို စောင့်ထိန်းသောသူရှိသမျှတို့၏ အပေါင်းအဖော်ဖြစ်ပါ၏။ အို ထာဝရဘုရား၊ ကမ္ဘာမြေကြီးသည် ကိုယ်တော်၏မေတ္တာကရုဏာနှင့်ပြည့်ဝလျက်ရှိပါ၏။ ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို အကျွန်ုပ်အား သင်ကြားပေးတော်မူပါ။ အို ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော်၏နှုတ်ကပတ်တော်အတိုင်း ကိုယ်တော်၏အစေအပါးအပေါ် ကောင်းမြတ်တော်မူပြီ။ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်တို့ကို ယုံကြည်စိတ်ချသည်ဖြစ်၍ ကောင်းမြတ်သောဆင်ခြင်တုံတရားနှင့် အသိပညာကို အကျွန်ုပ်အား သင်ကြားပေးတော်မူပါ။ အကျွန်ုပ်သည် ဒုက္ခဝေဒနာမခံစားရမီ လမ်းလွဲခဲ့ပါ၏။ ယခုမူကား ကိုယ်တော်၏မိန့်တော်မူချက်ကို စောင့်ထိန်းပါ၏။ ကိုယ်တော်သည် ကောင်းမြတ်တော်မူ၏။ ကောင်းသောအမှုကိုလည်းပြုတော်မူ၏။ ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို အကျွန်ုပ်အား သင်ကြားပေးတော်မူပါ။ မာနထောင်လွှားသောသူတို့သည် အကျွန်ုပ်ကိုမုသားဖြင့် ညစ်ပေစေကြသော်လည်း အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသတို့ကို စိတ်နှလုံးအကြွင်းမဲ့လိုက်နာကျင့်သုံးပါ၏။ သူတို့၏စိတ်နှလုံးသည် အဆီကဲ့သို့ ထူပိန်းထိုင်းမှိုင်းပါ၏။ အကျွန်ုပ်မူကား ကိုယ်တော်၏တရားတော်၌ မွေ့လျော်ပါ၏။ ဒုက္ခဝေဒနာခံစားရခြင်းသည် အကျွန်ုပ်အတွက် ကောင်းပါ၏။ သို့မှ ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို အကျွန်ုပ်သင်ယူနိုင်မည်။ ကိုယ်တော်၏နှုတ်တော်ထွက်တရားသည် အကျွန်ုပ်အတွက် ထောင်ပေါင်းများစွာသောရွှေငွေတို့ထက် ပို၍ကောင်းပါ၏။
ဆာလံကျမ်း 119 ကိုဖတ်ပါ။
နားထောင်ပါ။ ဆာလံကျမ်း 119
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံကျမ်း 119:57-72
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ