YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 119:28-38

ဆာလံကျမ်း 119:28-38 MSBU

အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ပူဆွေးခြင်း​ကြောင့် ငိုယို​လျက်​ရှိ​ပါ​၏​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​နှင့်အညီ အကျွန်ုပ်​ကို အားဖြည့်​ပေး​တော်မူ​ပါ​။ မုသား​လမ်း​ကို အကျွန်ုပ်​ထံမှ ဖယ်ရှား​၍ ကိုယ်တော်​၏​တရားတော်​ကို အကျွန်ုပ်​အား​ပေးသနား​တော်မူ​ပါ​။ အကျွန်ုပ်​သည် သစ္စာတရား​လမ်း​ကို ရွေးချယ်​ပါ​ပြီ​။ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို မျက်မှောက်ပြု​ပါ​ပြီ​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို ဖက်တွယ်​ထား​ပါ​၏​။ အကျွန်ုပ်​ကို အရှက်ကွဲ​စေ​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်နှလုံး​ကို ကျယ်စွာ​ဖွင့်ပေး​တော်မူ​သည်​ဖြစ်၍ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​လမ်း​အတိုင်း ပြေး​ပါ​မည်​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​လမ်း​ကို အကျွန်ုပ်​အား သွန်သင်ပြသ​တော်မူ​ပါ​။ အကျွန်ုပ်​သည် ၎င်း​ကို အဆုံး​တိုင်အောင် လိုက်နာကျင့်သုံး​ပါ​မည်​။ အကျွန်ုပ်​အား အသိဉာဏ်​ပေး​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​တရားတော်​ကို လိုက်နာကျင့်သုံး​ပါ​မည်​။ ထို​အရာ​ကို စိတ်နှလုံး​အကြွင်းမဲ့ စောင့်ထိန်း​ပါ​မည်​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​လမ်း​ကို နှစ်သက်​သည်​ဖြစ်၍ ထို​လမ်း​၌ အကျွန်ုပ်​ကို ဦးဆောင်​လမ်းပြ​တော်မူ​ပါ​။ အကျွန်ုပ်​၏​စိတ်နှလုံး​ကို မတရား​သော​အကျိုး​စီးပွား​ဘက်​သို့​မ​ဟုတ်​ဘဲ ကိုယ်တော်​၏​သက်သေခံချက်​များ​ဘက်​သို့ တိမ်းညွတ်​စေ​တော်မူ​ပါ​။ အချည်းနှီး​သော​အရာ​ကို​မ​ကြည့်​မိ​စေရန် အကျွန်ုပ်​၏​မျက်စိ​ကို​လွှဲ​တော်မူ​ပါ​။ ကိုယ်တော်​၏​လမ်း​၌ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။ ကိုယ်တော်​ကို​ကြောက်ရွံ့​ခြင်း​ရှိ​စေရန် ကိုယ်တော်​၏​ကတိ​တော်​ကို ကိုယ်တော်​၏​အစေအပါး​၌ ပြည့်စုံ​စေ​တော်မူ​ပါ​။