ကိုယ်တော်၏နှုတ်ကပတ်တော်သည် အကျွန်ုပ်၏ခြေအတွက် မီးခွက်ဖြစ်ပြီး အကျွန်ုပ်၏လမ်းခရီးအတွက် အလင်းဖြစ်ပါ၏။ ကိုယ်တော်၏ဖြောင့်မတ်သောစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ထိန်းပါမည်ဟု အကျွန်ုပ်ကျိန်ဆို၍ အတည်ပြုပါ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်သည် ဒုက္ခဝေဒနာများစွာခံစားရပါ၏။ ကိုယ်တော်၏နှုတ်ကပတ်တော်နှင့်အညီ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ အို ထာဝရဘုရား၊ နှလုံးသားပါလျက်အကျွန်ုပ်နှုတ်၏ချီးမွမ်းခြင်းယဇ်ကို လက်ခံတော်မူပါ။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကိုလည်း အကျွန်ုပ်အား သင်ကြားပေးတော်မူပါ။ အကျွန်ုပ်သည် အသက်အန္တရာယ်နှင့် အစဉ်ကြုံတွေ့နေရသော်လည်း ကိုယ်တော်၏တရားတော်ကို မမေ့လျော့ပါ။ ဆိုးယုတ်သောသူတို့သည် အကျွန်ုပ်အတွက် ကျော့ကွင်းထောင်ထားကြပါ၏။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသများမှ လမ်းလွဲမသွားပါ။ အကျွန်ုပ်သည် ကိုယ်တော်၏သက်သေခံချက်တို့ကို အမွေအဖြစ် ထာဝရဆက်ခံရရှိပါ၏။ အကြောင်းမူကား ထိုအရာတို့သည် အကျွန်ုပ်၏စိတ်နှလုံးရွှင်မြူးရာဖြစ်ကြပါ၏။ ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို အဆုံးတိုင်အောင် အစဉ်အမြဲလိုက်နာရန် အကျွန်ုပ်၏စိတ်နှလုံးကိုပြင်ဆင်ထားပါ၏။ အကျွန်ုပ်သည် စိတ်နှစ်ခွရှိသောသူတို့ကို မုန်းပါ၏။ သို့သော် ကိုယ်တော်၏တရားတော်ကို မြတ်နိုးပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏ကွယ်ကာရာ၊ အကျွန်ုပ်၏ဒိုင်းလွှား ဖြစ်တော်မူ၏။ အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို မျှော်လင့်ကိုးစားပါ၏။ ဆိုးညစ်သောအမှုကိုပြုသောသူတို့၊ ငါ့ထံမှဖယ်ခွာကြလော့။ ငါသည် ငါ့ဘုရားသခင်၏ပညတ်တော်တို့ကို လိုက်နာကျင့်သုံးမည်။ အကျွန်ုပ်အသက်ရှင်နိုင်ရန် ကိုယ်တော်၏ကတိတော်အတိုင်း အကျွန်ုပ်ကိုထောက်မတော်မူပါ။ အကျွန်ုပ်၏မျှော်လင့်ချက်အတွက် အရှက်မကွဲရပါစေနှင့်။ အကျွန်ုပ်ကယ်တင်ခြင်းခံရရန် အကျွန်ုပ်ကိုဖေးမတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို အစဉ်မပြတ် အရေးတယူပြုပါမည်။ ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့မှ လမ်းလွဲသောသူအပေါင်းတို့ကို ကိုယ်တော်ပယ်တော်မူ၏။ အကြောင်းမူကား သူတို့၏လှည့်စားမှုသည် အချည်းနှီးဖြစ်ပါ၏။ ကိုယ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဆိုးယုတ်သောသူရှိသမျှတို့ကို ချော်ကဲ့သို့ ဖယ်ရှားတော်မူ၏။ ထို့ကြောင့် ကိုယ်တော်၏သက်သေခံချက်တို့ကို အကျွန်ုပ်မြတ်နိုးပါ၏။ ကိုယ်တော်ကိုကြောက်ရွံ့၍ အကျွန်ုပ်အသားသည် တဆတ်ဆတ်တုန်နေပါ၏။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကိုလည်း အကျွန်ုပ်ကြောက်ရွံ့ပါ၏။
ဆာလံကျမ်း 119 ကိုဖတ်ပါ။
နားထောင်ပါ။ ဆာလံကျမ်း 119
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံကျမ်း 119:105-120
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ