YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 119:1-176

ဆာလံကျမ်း 119:1-176 MSBU

ထာဝရဘုရား​၏​တရားတော်​အတိုင်း အသက်ရှင်​လျှောက်လှမ်း​၍ စုံလင်​သော​တရားလမ်း​ကို​လိုက်​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။ ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို လိုက်နာကျင့်သုံး​၍ ကိုယ်တော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ရှာ​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။ ထို​သူ​တို့​သည် မတရားမှု​ကို​မ​ပြု​၊ ကိုယ်တော်​၏​လမ်း​တော်​များ​အတိုင်း အသက်ရှင်​လျှောက်လှမ်း​ကြ​၏​။ ကိုယ်တော်​သည် တစ်သမတ်တည်း​စောင့်ထိန်း​ရ​မည့် မိမိ​၏​ဥပဒေသ​တို့​ကို ချမှတ်​ထား​တော်မူ​၏​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို စောင့်ထိန်း​နိုင်​ရန် အကျွန်ုပ်​၏​လမ်းခရီး​တို့​သည် တည်မြဲ​ခြင်း​ရှိ​ပါစေသော​။ ထိုအခါ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​အလုံးစုံ​တို့​ကို ကြည့်ရှုဆင်ခြင်​သဖြင့် အရှက်ကွဲ​ရ​လိမ့်မည်​မ​ဟုတ်​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ဖြောင့်မတ်​သော စီရင်ထုံးဖွဲ့ချက်​တို့​ကို သင်ယူ​ရ​သောအခါ ဖြောင့်မှန်​သော​စိတ်နှလုံး​ဖြင့် ကိုယ်တော်​ကို​ချီးမွမ်း​ပါ​မည်​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို စောင့်ထိန်း​ပါ​မည်​။ အကျွန်ုပ်​ကို အလျှင်း​စွန့်ပစ်​တော်​မ​မူ​ပါ​နှင့်​။ လူငယ်​သည် မိမိ​၏​ဘဝလမ်း​ကို မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်​စေ​နိုင်​ပါ​မည်နည်း​ဟူမူကား ကိုယ်တော်​၏​နှုတ်ကပတ်တော်​အတိုင်း စောင့်ထိန်း​ရ​မည်​ဖြစ်​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ရှာ​ပါ​၏​။ အကျွန်ုပ်​ကို ကိုယ်တော်​၏​ပညတ်တော်​တို့​မှ လမ်းလွဲ​စေ​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​ကို​မ​ပြစ်မှား​မိ​စေရန် ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​ကို အကျွန်ုပ်​၏​စိတ်နှလုံး​ထဲ၌ သိုမှီး​ထား​ပါ​ပြီ​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် မင်္ဂလာရှိ​တော်မူ​၏​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​ပါ​။ အကျွန်ုပ်​၏​နှုတ်​ဖြင့် ကိုယ်တော်​၏​နှုတ်​တော်​ထွက် စီရင်ထုံးဖွဲ့ချက်​ရှိသမျှ​တို့​ကို ပြောကြား​ပါ​၏​။ အကျွန်ုပ်​သည် စည်းစိမ်ဥစ္စာ​အလုံးစုံ​တို့​အပေါ်​၌ ရွှင်မြူး​ခြင်း​ရှိ​သကဲ့သို့ ကိုယ်တော်​၏​သက်သေခံချက်​လမ်း​၌ ရွှင်မြူး​ခြင်း​ရှိ​ပါ​၏​။ ကိုယ်တော်​၏​ဥပဒေသ​တို့​ကို ဆင်ခြင်အောက်မေ့​လျက် ကိုယ်တော်​၏​လမ်းစဉ်​တို့​ကို ကြည့်ရှုဆင်ခြင်​ပါ​မည်​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​၌ မွေ့လျော်​ပါ​မည်​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို​လည်း မ​မေ့လျော့​ပါ​။ ကိုယ်တော်​၏​အစေအပါး​သည် အသက်ရှင်​၍ ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို​စောင့်ထိန်း​နိုင်​ရန် ကျေးဇူးပြု​တော်မူ​ပါ​။ ကိုယ်တော်​၏​တရားတော်​ထဲမှ အံ့ဖွယ်​သော​အမှု​တို့​ကို​မြင်​နိုင်​ရန် အကျွန်ုပ်​၏​မျက်စိ​ကို ဖွင့်ပေး​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကမ္ဘာမြေကြီး​ပေါ်တွင် ဧည့်သည်​ဖြစ်​ပါ​၏​။ ကိုယ်တော်​၏​ပညတ်တော်​တို့​ကို ဝှက်ထား​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို အစဉ်အမြဲ စွဲလမ်း​တောင့်တ​သော​အားဖြင့် ကြေကွဲ​လျက်​ရှိ​ပါ​၏​။ ကိုယ်တော်​၏​ပညတ်တော်​တို့​မှ​လမ်းလွဲ​သွား​ကြ​၍ မာနထောင်လွှား​သော​သူ​တို့​နှင့် ကျိန်ဆဲ​ခြင်း​ခံရ​သော​သူ​တို့​ကို ကိုယ်တော်​ဆုံးမ​တော်မူ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို လိုက်နာကျင့်သုံး​သည်​ဖြစ်၍ ကဲ့ရဲ့ပြစ်တင်​ခြင်း​နှင့် မထီမဲ့မြင်ပြု​ခြင်း​ကို အကျွန်ုပ်​ထံမှ​ဖယ်ရှား​တော်မူ​ပါ​။ အကြီးအကဲ​တို့​သည် ထိုင်​၍ အကျွန်ုပ်​ကို​ဆန့်ကျင်​ပြောဆို​ကြ​သော်လည်း ကိုယ်တော်​၏​အစေအပါး​သည် ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို ဆင်ခြင်အောက်မေ့​လျက်​နေ​ပါ​မည်​။ ကိုယ်တော်​၏​သက်သေခံချက်​တို့​သည် အကျွန်ုပ်​မွေ့လျော်​ရာ​၊ အကျွန်ုပ်​တိုင်ပင်ဖက်​ဖြစ်​ကြ​ပါ​၏​။ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် မြေမှုန့်​၌​ကပ်​နေ​ပါ​၏​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​နှင့်အညီ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။ အကျွန်ုပ်​၏​ဘဝလမ်း​အကြောင်း​တို့​ကို အကျွန်ုပ်​ဖော်ပြ​သောအခါ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ထူး​တော်မူ​၏​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​ပါ​။ ကိုယ်တော်​၏​ဥပဒေသ​လမ်း​ကို အကျွန်ုပ်​အား နားလည်​စေ​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို ဆင်ခြင်အောက်မေ့​ပါ​မည်​။ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ပူဆွေးခြင်း​ကြောင့် ငိုယို​လျက်​ရှိ​ပါ​၏​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​နှင့်အညီ အကျွန်ုပ်​ကို အားဖြည့်​ပေး​တော်မူ​ပါ​။ မုသား​လမ်း​ကို အကျွန်ုပ်​ထံမှ ဖယ်ရှား​၍ ကိုယ်တော်​၏​တရားတော်​ကို အကျွန်ုပ်​အား​ပေးသနား​တော်မူ​ပါ​။ အကျွန်ုပ်​သည် သစ္စာတရား​လမ်း​ကို ရွေးချယ်​ပါ​ပြီ​။ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို မျက်မှောက်ပြု​ပါ​ပြီ​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို ဖက်တွယ်​ထား​ပါ​၏​။ အကျွန်ုပ်​ကို အရှက်ကွဲ​စေ​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်နှလုံး​ကို ကျယ်စွာ​ဖွင့်ပေး​တော်မူ​သည်​ဖြစ်၍ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​လမ်း​အတိုင်း ပြေး​ပါ​မည်​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​လမ်း​ကို အကျွန်ုပ်​အား သွန်သင်ပြသ​တော်မူ​ပါ​။ အကျွန်ုပ်​သည် ၎င်း​ကို အဆုံး​တိုင်အောင် လိုက်နာကျင့်သုံး​ပါ​မည်​။ အကျွန်ုပ်​အား အသိဉာဏ်​ပေး​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​တရားတော်​ကို လိုက်နာကျင့်သုံး​ပါ​မည်​။ ထို​အရာ​ကို စိတ်နှလုံး​အကြွင်းမဲ့ စောင့်ထိန်း​ပါ​မည်​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​လမ်း​ကို နှစ်သက်​သည်​ဖြစ်၍ ထို​လမ်း​၌ အကျွန်ုပ်​ကို ဦးဆောင်​လမ်းပြ​တော်မူ​ပါ​။ အကျွန်ုပ်​၏​စိတ်နှလုံး​ကို မတရား​သော​အကျိုး​စီးပွား​ဘက်​သို့​မ​ဟုတ်​ဘဲ ကိုယ်တော်​၏​သက်သေခံချက်​များ​ဘက်​သို့ တိမ်းညွတ်​စေ​တော်မူ​ပါ​။ အချည်းနှီး​သော​အရာ​ကို​မ​ကြည့်​မိ​စေရန် အကျွန်ုပ်​၏​မျက်စိ​ကို​လွှဲ​တော်မူ​ပါ​။ ကိုယ်တော်​၏​လမ်း​၌ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။ ကိုယ်တော်​ကို​ကြောက်ရွံ့​ခြင်း​ရှိ​စေရန် ကိုယ်တော်​၏​ကတိ​တော်​ကို ကိုယ်တော်​၏​အစေအပါး​၌ ပြည့်စုံ​စေ​တော်မူ​ပါ​။ အကျွန်ုပ်​ကြောက်​သော​ကဲ့ရဲ့ပြစ်တင်​ခြင်း​ကို လွှဲဖယ်​တော်မူ​ပါ​။ အကြောင်းမူကား ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​သည် ကောင်းမြတ်​ကြ​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို စွဲလမ်း​တောင့်တ​ပါ​၏​။ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ထဲ၌ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​ကတိ​တော်​အတိုင်း ကိုယ်တော်​၏​မေတ္တာကရုဏာ​နှင့်​ကိုယ်တော်​၏​ကယ်တင်​ခြင်း​သည် အကျွန်ုပ်​ထံ ရောက်လာ​ပါစေသော​။ ထိုအခါ အကျွန်ုပ်​အား​ကဲ့ရဲ့ပြစ်တင်​သော​သူ​တို့​ကို တုံ့ပြန်​ပြောဆို​နိုင်​ပါ​မည်​။ အကြောင်းမူကား အကျွန်ုပ်​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို ယုံကြည်ကိုးစား​ပါ​၏​။ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို အကျွန်ုပ်​မျှော်လင့်ကိုးစား​သည်​ဖြစ်၍ သမ္မာတရား​နှင့်ဆိုင်သော​နှုတ်ကပတ်တော်​ကို အကျွန်ုပ်​၏​နှုတ်​မှ အလျှင်း​ရုပ်သိမ်း​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​တရားတော်​ကို ကာလ​အစဉ်အဆက် အမြဲမပြတ်​စောင့်ထိန်း​ပါ​မည်​။ ကိုယ်တော်​၏​ဥပဒေသ​တို့​ကို ရှာမှီး​ပြီ​ဖြစ်၍ လွတ်လပ်​ခြင်း​ထဲ၌ သွားလာ​ပါ​မည်​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို ရှင်ဘုရင်​များ​ရှေ့​တွင်​ပြောကြား​ပါ​မည်​။ အကျွန်ုပ်​သည် အရှက်ကွဲ​ရ​လိမ့်မည်​မ​ဟုတ်​ပါ​။ အကျွန်ုပ်​မြတ်နိုး​သော ကိုယ်တော်​၏​ပညတ်တော်​တို့​၌ အကျွန်ုပ်​မွေ့လျော်​ပါ​၏​။ အကျွန်ုပ်​မြတ်နိုး​သော ကိုယ်တော်​၏​ပညတ်တော်​တို့​အတွက် အကျွန်ုပ်​၏​လက်​ကို​မြှောက်​၍ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို ဆင်ခြင်အောက်မေ့​ပါ​မည်​။ ကိုယ်တော်​၏​အစေအပါး​အား မိန့်​တော်မူ​သော​နှုတ်ကပတ်တော်​ကို အောက်မေ့​တော်မူ​ပါ​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို ထို​နှုတ်ကပတ်တော်​၌ မျှော်လင့်ကိုးစား​စေ​ပါ​၏​။ ကိုယ်တော်​၏​ကတိ​တော်​သည် အကျွန်ုပ်​ကို​အသက်ရှင်​စေ​သည်​ဖြစ်၍ အကျွန်ုပ်​ဖိစီးနှိပ်စက်မှု​ခံရ​စဉ်တွင် အကျွန်ုပ်​အတွက်​နှစ်သိမ့်စရာ​အကြောင်း​ဖြစ်​ပါ​၏​။ မာနထောင်လွှား​သော​သူ​တို့​သည် အကျွန်ုပ်​ကို​လွန်စွာ​ပြက်ရယ်​ပြု​ကြ​သော်လည်း အကျွန်ုပ်​သည် ကိုယ်တော်​၏​တရားတော်​မှ သွေဖည်​မ​သွား​ပါ​။ အို ထာဝရဘုရား​၊ ရှေးကာလ​မှ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို အကျွန်ုပ်​အောက်မေ့​သောအခါ နှစ်သိမ့်မှု​ကို​ရရှိ​ပါ​၏​။ ကိုယ်တော်​၏​တရားတော်​ကို​စွန့်ပယ်​သည့် ဆိုးယုတ်​သော​သူ​တို့​ကြောင့် ပူလောင်​သော​ဒေါသ​စိတ်​သည် အကျွန်ုပ်​ကို​လွှမ်းမိုး​ပါ​၏​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​သည် အကျွန်ုပ်​တည်းခိုနေထိုင်​ရာ​အိမ်​၌ အကျွန်ုပ်​အတွက်​တေးသီချင်း​များ​ဖြစ်​ကြ​ပါ​၏​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ညအချိန်​၌ ကိုယ်တော်​၏​နာမ​တော်​ကို သတိရ​၍ ကိုယ်တော်​၏​တရားတော်​ကို စောင့်ထိန်း​ပါ​၏​။ ကိုယ်တော်​၏​ဥပဒေသ​တို့​ကို လိုက်နာကျင့်သုံး​ခြင်း​သည် အကျွန်ုပ်​အတွက်​အလေ့အကျင့်​ဖြစ်လာ​ပါ​၏​။ ထာဝရဘုရား​သည် အကျွန်ုပ်​၏​ဝေစု​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​တို့​ကို စောင့်ထိန်း​ပါ​မည်​ဟု အကျွန်ုပ်​ကတိပြု​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​မျက်နှာ​တော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ရှာ​ပါ​၏​။ ကိုယ်တော်​၏​ကတိ​တော်​အတိုင်း အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ အကျွန်ုပ်​သည် မိမိ​၏​ဘဝလမ်း​ကို ဆင်ခြင်​၍ အကျွန်ုပ်​၏​ခြေလှမ်း​ကို ကိုယ်တော်​၏​သက်သေခံချက်​များ​ထံသို့ ပြန်လှည့်​စေ​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​တို့​ကို စောင့်ထိန်း​ရန် တုံ့ဆိုင်း​မ​နေ​ဘဲ အလျင်အမြန်​လုပ်ဆောင်​ပါ​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​ကြိုး​များ​သည် အကျွန်ုပ်​ကို​ပတ်ရစ်​ထား​သော်လည်း အကျွန်ုပ်​သည် ကိုယ်တော်​၏​တရားတော်​တို့​ကို မ​မေ့လျော့​ပါ​။ ကိုယ်တော်​၏​ဖြောင့်မတ်​သော စီရင်ထုံးဖွဲ့ချက်​တို့​အတွက် ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ရန် ည​သန်းခေါင်​အချိန်​တွင် အကျွန်ုပ်​ထ​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​ကို ကြောက်ရွံ့​သော​သူ​တို့​နှင့် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို စောင့်ထိန်း​သော​သူ​ရှိသမျှ​တို့​၏ အပေါင်းအဖော်​ဖြစ်​ပါ​၏​။ အို ထာဝရဘုရား​၊ ကမ္ဘာမြေကြီး​သည် ကိုယ်တော်​၏​မေတ္တာကရုဏာ​နှင့်​ပြည့်ဝ​လျက်​ရှိ​ပါ​၏​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​အတိုင်း ကိုယ်တော်​၏​အစေအပါး​အပေါ် ကောင်းမြတ်​တော်မူ​ပြီ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​တို့​ကို ယုံကြည်​စိတ်ချ​သည်​ဖြစ်၍ ကောင်းမြတ်​သော​ဆင်ခြင်တုံတရား​နှင့် အသိပညာ​ကို အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​ပါ​။ အကျွန်ုပ်​သည် ဒုက္ခဝေဒနာ​မ​ခံစား​ရ​မီ လမ်းလွဲ​ခဲ့​ပါ​၏​။ ယခု​မူကား ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​ကို စောင့်ထိန်း​ပါ​၏​။ ကိုယ်တော်​သည် ကောင်းမြတ်​တော်မူ​၏​။ ကောင်း​သော​အမှု​ကို​လည်း​ပြု​တော်မူ​၏​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​ပါ​။ မာနထောင်လွှား​သော​သူ​တို့​သည် အကျွန်ုပ်​ကို​မုသား​ဖြင့် ညစ်ပေ​စေ​ကြ​သော်လည်း အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို စိတ်နှလုံး​အကြွင်းမဲ့​လိုက်နာကျင့်သုံး​ပါ​၏​။ သူ​တို့​၏​စိတ်နှလုံး​သည် အဆီ​ကဲ့သို့ ထူပိန်း​ထိုင်းမှိုင်း​ပါ​၏​။ အကျွန်ုပ်​မူကား ကိုယ်တော်​၏​တရားတော်​၌ မွေ့လျော်​ပါ​၏​။ ဒုက္ခဝေဒနာ​ခံစား​ရ​ခြင်း​သည် အကျွန်ုပ်​အတွက် ကောင်း​ပါ​၏​။ သို့မှ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​သင်ယူ​နိုင်​မည်​။ ကိုယ်တော်​၏​နှုတ်​တော်​ထွက်​တရား​သည် အကျွန်ုပ်​အတွက် ထောင်​ပေါင်း​များစွာ​သော​ရွှေ​ငွေ​တို့​ထက် ပို၍​ကောင်း​ပါ​၏​။ ကိုယ်တော်​၏​လက်​တော်​သည် အကျွန်ုပ်​ကို​ဖန်ဆင်း​၍ ပုံဖော်​ဖြစ်တည်​စေ​ပါ​၏​။ ကိုယ်တော်​၏​ပညတ်တော်​တို့​ကို​သင်ယူ​နိုင်​ရန် အကျွန်ုပ်​အား အသိဉာဏ်​ပေး​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို မျှော်လင့်ကိုးစား​သည်​ဖြစ်၍ ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​သည် အကျွန်ုပ်​ကို​မြင်​သောအခါ ဝမ်းမြောက်​ကြ​ပါ​လိမ့်မည်​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​သည် ဖြောင့်မတ်​ကြောင်း​ကို​လည်းကောင်း​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို သစ္စာ​တော်​နှင့်အညီ ဒုက္ခဝေဒနာ​ခံစား​စေ​တော်မူ​ကြောင်း​ကို​လည်းကောင်း အကျွန်ုပ်​သိ​ပါ​၏​။ ကိုယ်တော်​၏​အစေအပါး​အပေါ်​ထားရှိ​သော ကိုယ်တော်​၏​ကတိ​တော်​အတိုင်း ကိုယ်တော်​၏​မေတ္တာကရုဏာ​သည် အကျွန်ုပ်​ကို နှစ်သိမ့်​ပေး​ပါစေသော​။ ကိုယ်တော်​၏​တရားတော်​သည် အကျွန်ုပ်​မွေ့လျော်​ရာ​ဖြစ်​သောကြောင့် အကျွန်ုပ်​အသက်ရှင်​နိုင်​ရန် ကိုယ်တော်​၏​သနားစုံမက်​ခြင်း​သည် အကျွန်ုပ်​အပေါ်​သက်ရောက်​ပါစေသော​။ မာနထောင်လွှား​သော​သူ​တို့​သည် အကြောင်းမရှိ​ဘဲ အကျွန်ုပ်​ကို​တလွဲစီရင်​ကြ​သည်​ဖြစ်၍ အရှက်ကွဲ​ကြ​ရ​ပါစေသော​။ အကျွန်ုပ်​မူကား ကိုယ်တော်​၏​ဥပဒေသ​တို့​ကို ဆင်ခြင်အောက်မေ့​ပါ​မည်​။ ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​နှင့် ကိုယ်တော်​၏​သက်သေခံချက်​များ​ကို သိ​သော​သူ​တို့​သည် အကျွန်ုပ်​ထံသို့ ပြန်လှည့်​လာ​ကြ​ပါစေသော​။ အကျွန်ုပ်​သည် အရှက်ကွဲ​ခြင်း​နှင့် ကင်းလွတ်​မည့်​အကြောင်း အကျွန်ုပ်​၏​စိတ်နှလုံး​သည် ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​နှင့်​ပတ်သက်၍ အပြစ်တင်စရာ​ကင်း​ပါစေသော​။ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကို​တောင့်တ​လျက် အားအင်ကုန်ခန်း​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို မျှော်လင့်ကိုးစား​ပါ​၏​။ အကျွန်ုပ်​၏​မျက်စိ​သည် ကိုယ်တော်​၏​ကတိ​တော်​ကို​တောင့်တ​လျက် အားအင်ကုန်ခန်း​သဖြင့် “​ကိုယ်တော်​သည် မည်သည့်​အချိန်​မှ အကျွန်ုပ်​ကို နှစ်သိမ့်​ပေး​တော်မူ​မည်နည်း​”​ဟု ဆို​ပါ​၏​။ အကျွန်ုပ်​သည် အခိုးရိုက်​သော သားရေဘူး​ကဲ့သို့​ဖြစ်​သော်လည်း ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​ကို မ​မေ့လျော့​ပါ​။ ကိုယ်တော့်​အစေအပါး​၏​နေ့ရက်​တို့​သည် မည်မျှ​ကြာ​ပါ​မည်နည်း​။ အကျွန်ုပ်​ကို​လိုက်လံညှဉ်းဆဲ​သော​သူ​တို့​ကို မည်သည့်​အချိန်​မှ တရားစီရင်​တော်မူ​မည်နည်း​။ မာနထောင်လွှား​သော​သူ​တို့​သည် ကိုယ်တော်​၏​တရားတော်​နှင့်အညီ လိုက်လျှောက်​ခြင်း​မ​ရှိ​ဘဲ အကျွန်ုပ်​အတွက် ထောင်ချောက်​တွင်း​များ​ကို​တူး​ကြ​ပါ​ပြီ​။ ကိုယ်တော်​၏​ပညတ်တော်​ရှိသမျှ​တို့​သည် သစ္စာ​နှင့်​ပြည့်စုံ​ကြ​ပါ​၏​။ ထို​သူ​တို့​သည် အကြောင်းမရှိ​ဘဲ အကျွန်ုပ်​ကို​လိုက်လံညှဉ်းဆဲ​ကြ​သည်​ဖြစ်၍ အကျွန်ုပ်​ကို ကူညီမစ​တော်မူ​ပါ​။ သူ​တို့​သည် အကျွန်ုပ်​ကို ကမ္ဘာမြေကြီး​ပေါ်မှ အပြီးသတ်​သုတ်သင်​လုနီးပါး​ဖြစ်​ခဲ့​ပါ​၏​။ သို့သော် အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို မ​စွန့်ပယ်​ပါ​။ ကိုယ်တော်​၏​နှုတ်​တော်​ထွက်​သက်သေခံချက်​တို့​ကို အကျွန်ုပ်​စောင့်ထိန်း​နိုင်​ရန် ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့်အညီ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​နှုတ်ကပတ်တော်​သည် ကောင်းကင်ဘုံ​၌ အစဉ်အမြဲ​တည်​ပါ​၏​။ ကိုယ်တော်​၏​သစ္စာ​တော်​သည် မျိုးဆက်​အစဉ်အဆက်​မြဲမြံ​ပါ​၏​။ ကိုယ်တော်​သည် မြေကြီး​ကို​တည်​တော်မူ​သဖြင့် ၎င်း​သည်​တည်မြဲ​လျက်​ရှိ​ပါ​၏​။ ခပ်သိမ်း​သော​အရာ​တို့​သည် ကိုယ်တော်​၏​အသုံးတော်ခံ​များ​ဖြစ်၍ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​နှင့်အညီ ယနေ့​တိုင်အောင် တည်မြဲ​လျက်​ရှိ​ကြ​ပါ​၏​။ ကိုယ်တော်​၏​တရားတော်​သည် အကျွန်ုပ်​မွေ့လျော်​ရာ မ​ဖြစ်​ခဲ့​ပါ​လျှင် အကျွန်ုပ်​သည် ဖိစီးနှိပ်စက်မှု​ခံရ​စဉ်တွင် ပျက်စီး​ခဲ့​ပေ​လိမ့်မည်​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​များ​ကို မည်သည့်​အခါ​မျှ​မ​မေ့လျော့​ပါ​။ အကြောင်းမူကား ကိုယ်တော်​သည် ထို​ဥပဒေသ​များ​အားဖြင့် အကျွန်ုပ်​ကို အသက်ရှင်​စေ​တော်မူ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ပိုင်​တော်မူ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို ရှာမှီး​ပြီ​ဖြစ်၍ အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​ပါ​။ ဆိုးယုတ်​သော​သူ​တို့​သည် အကျွန်ုပ်​ကို​ဖျက်ဆီး​ရန် စောင့်​နေ​ကြ​ပါ​၏​။ သို့သော် အကျွန်ုပ်​သည် ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို အလေးအနက်​ဆင်ခြင်​ပါ​၏​။ ပြည့်စုံ​မှု​ရှိသမျှ​တို့​၌ အကန့်အသတ်​ရှိ​ကြောင်း​ကို အကျွန်ုပ်​မြင်​ပါ​၏​။ ကိုယ်တော်​၏​ပညတ်တော်​မူကား အလွန်​ကျယ်ပြန့်​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​တရားတော်​ကို အလွန်​မြတ်နိုး​ပါ​၏​။ ထို​တရားတော်​သည် တစ်နေ့လုံး အကျွန်ုပ်​ဆင်ခြင်အောက်မေ့စရာ​ဖြစ်​ပါ​၏​။ ကိုယ်တော်​၏​ပညတ်တော်​သည် အကျွန်ုပ်​၏​ရန်သူ​များ​ထက် အကျွန်ုပ်​ကို ပို၍​ဉာဏ်ပညာရှိ​စေ​ပါ​၏​။ အကြောင်းမူကား ထို​ပညတ်တော်​သည် အကျွန်ုပ်​နှင့်အတူ အစဉ်အမြဲ​ရှိ​ပါ​၏​။ ကိုယ်တော်​၏​သက်သေခံချက်​တို့​သည် အကျွန်ုပ်​ဆင်ခြင်အောက်မေ့စရာ​ဖြစ်​သောကြောင့် အကျွန်ုပ်​သည် အကျွန်ုပ်​၏​ဆရာ​အားလုံး​တို့​ထက် ပို၍​ပညာသတိ​ရှိ​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို လိုက်နာကျင့်သုံး​သည်​ဖြစ်၍ အသက်ကြီး​သော​သူ​တို့​ထက် ပို၍​အသိဉာဏ်​ရှိ​ပါ​၏​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို စောင့်ထိန်း​နိုင်​ရန် အကျွန်ုပ်​၏​ခြေ​ကို မကောင်း​သော​လမ်း​ရှိသမျှ​တို့​မှ ကင်းဝေး​စေ​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို သွန်သင်​တော်မူ​သောကြောင့် အကျွန်ုပ်​သည် ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​မှ ဖယ်ခွာ​မ​သွား​ပါ​။ ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​သည် အကျွန်ုပ်​၏​လျှာ​၌ ချိုမြ​လှ​ပါ​၏​။ အကျွန်ုပ်​၏​ခံတွင်း​၌ ပျားရည်​ထက် ပို၍​ချိုမြ​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​များ​အားဖြင့် အသိဉာဏ်​ကို​ရရှိ​ပါ​၏​။ ထို့ကြောင့် မှားယွင်း​သော​လမ်း​ရှိသမျှ​တို့​ကို အကျွန်ုပ်​မုန်း​ပါ​၏​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​သည် အကျွန်ုပ်​၏​ခြေ​အတွက် မီးခွက်​ဖြစ်ပြီး အကျွန်ုပ်​၏​လမ်းခရီး​အတွက် အလင်း​ဖြစ်​ပါ​၏​။ ကိုယ်တော်​၏​ဖြောင့်မတ်​သော​စီရင်ထုံးဖွဲ့ချက်​တို့​ကို စောင့်ထိန်း​ပါ​မည်​ဟု အကျွန်ုပ်​ကျိန်ဆို​၍ အတည်ပြု​ပါ​၏​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ဒုက္ခဝေဒနာ​များစွာ​ခံစား​ရ​ပါ​၏​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​နှင့်အညီ အကျွန်ုပ်​ကို အသက်ရှင်​စေ​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ နှလုံးသား​ပါ​လျက်​အကျွန်ုပ်​နှုတ်​၏​ချီးမွမ်းခြင်းယဇ်​ကို လက်ခံ​တော်မူ​ပါ​။ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို​လည်း အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​ပါ​။ အကျွန်ုပ်​သည် အသက်အန္တရာယ်​နှင့် အစဉ်​ကြုံတွေ့​နေ​ရ​သော်လည်း ကိုယ်တော်​၏​တရားတော်​ကို မ​မေ့လျော့​ပါ​။ ဆိုးယုတ်​သော​သူ​တို့​သည် အကျွန်ုပ်​အတွက် ကျော့ကွင်း​ထောင်​ထား​ကြ​ပါ​၏​။ သို့သော် အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​များ​မှ လမ်းလွဲ​မ​သွား​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို အမွေ​အဖြစ် ထာဝရ​ဆက်ခံ​ရရှိ​ပါ​၏​။ အကြောင်းမူကား ထို​အရာ​တို့​သည် အကျွန်ုပ်​၏​စိတ်နှလုံး​ရွှင်မြူးရာ​ဖြစ်​ကြ​ပါ​၏​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အဆုံး​တိုင်အောင် အစဉ်အမြဲ​လိုက်နာ​ရန် အကျွန်ုပ်​၏​စိတ်နှလုံး​ကို​ပြင်ဆင်​ထား​ပါ​၏​။ အကျွန်ုပ်​သည် စိတ်​နှစ်ခွ​ရှိ​သော​သူ​တို့​ကို မုန်း​ပါ​၏​။ သို့သော် ကိုယ်တော်​၏​တရားတော်​ကို မြတ်နိုး​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​ကွယ်ကာ​ရာ​၊ အကျွန်ုပ်​၏​ဒိုင်းလွှား ဖြစ်​တော်မူ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို မျှော်လင့်ကိုးစား​ပါ​၏​။ ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​တို့​၊ ငါ့​ထံမှ​ဖယ်ခွာ​ကြ​လော့​။ ငါ​သည် ငါ့​ဘုရားသခင်​၏​ပညတ်တော်​တို့​ကို လိုက်နာကျင့်သုံး​မည်​။ အကျွန်ုပ်​အသက်ရှင်​နိုင်​ရန် ကိုယ်တော်​၏​ကတိ​တော်​အတိုင်း အကျွန်ုပ်​ကို​ထောက်မ​တော်မူ​ပါ​။ အကျွန်ုပ်​၏​မျှော်လင့်ချက်​အတွက် အရှက်​မ​ကွဲ​ရ​ပါစေ​နှင့်​။ အကျွန်ုပ်​ကယ်တင်​ခြင်း​ခံရ​ရန် အကျွန်ုပ်​ကို​ဖေးမ​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အစဉ်မပြတ် အရေးတယူ​ပြု​ပါ​မည်​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​မှ လမ်းလွဲ​သော​သူ​အပေါင်း​တို့​ကို ကိုယ်တော်​ပယ်​တော်မူ​၏​။ အကြောင်းမူကား သူ​တို့​၏​လှည့်စားမှု​သည် အချည်းနှီး​ဖြစ်​ပါ​၏​။ ကိုယ်တော်​သည် ကမ္ဘာမြေကြီး​ပေါ်​ရှိ ဆိုးယုတ်​သော​သူ​ရှိသမျှ​တို့​ကို ချော်​ကဲ့သို့ ဖယ်ရှား​တော်မူ​၏​။ ထို့ကြောင့် ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို အကျွန်ုပ်​မြတ်နိုး​ပါ​၏​။ ကိုယ်တော်​ကို​ကြောက်ရွံ့​၍ အကျွန်ုပ်​အသား​သည် တဆတ်ဆတ်တုန်​နေ​ပါ​၏​။ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို​လည်း အကျွန်ုပ်​ကြောက်ရွံ့​ပါ​၏​။ အကျွန်ုပ်​သည် တရားမျှတ​သော​အမှု​၊ ဖြောင့်မတ်​သော​အမှု​တို့​ကို ပြု​ပါ​ပြီ​။ အကျွန်ုပ်​ကို​နှိပ်စက်​သော​သူ​တို့​ထံ၌ အကျွန်ုပ်​ကို​ထားခဲ့​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော့်​အစေအပါး​၏​ကောင်းကျိုးချမ်းသာ​အတွက် အာမခံ​ပေး​တော်မူ​ပါ​။ မာနထောင်လွှား​သော​သူ​တို့​သည် အကျွန်ုပ်​ကို​မ​နှိပ်စက်​ကြ​ပါစေ​နှင့်​။ အကျွန်ုပ်​၏​မျက်စိ​သည် ကိုယ်တော်​၏​ကယ်တင်​ခြင်း​နှင့် ကိုယ်တော်​၏​ဖြောင့်မတ်​သော​မိန့်​တော်မူ​ချက်​ကို တောင့်တ​လျက် အားအင်ကုန်ခန်း​ပါ​၏​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့်အညီ ကိုယ်တော်​၏​အစေအပါး​အပေါ် ပြု​တော်မူ​ပါ​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို​လည်း အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​အစေအပါး​ဖြစ်​ပါ​၏​။ ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို နားလည်​နိုင်​ရန် အကျွန်ုပ်​အား အသိဉာဏ်​ပေး​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ လူ​တို့​သည် ကိုယ်တော်​၏​တရားတော်​ကို ချိုးဖောက်​ကြ​သည်​ဖြစ်၍ ကိုယ်တော် စီရင်​တော်မူ​ချိန်​ရောက်​ပါ​ပြီ​။ သို့ဖြစ်၍ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​တို့​ကို ရွှေ​ထက်မက ရွှေစင်​ထက် ပို၍​မြတ်နိုး​ပါ​၏​။ ထို့ကြောင့် ကိုယ်တော်​၏​ဥပဒေသ​အားလုံး​တို့​သည် အကုန်အစင်​ဖြောင့်မှန်​သည်​ဟု အကျွန်ုပ်​မှတ်ယူ​လျက် မှားယွင်း​သော​လမ်း​ရှိသမျှ​တို့​ကို မုန်း​ပါ​၏​။ ကိုယ်တော်​၏​သက်သေခံချက်​တို့​သည် အံ့ဩဖွယ်​ဖြစ်​ကြ​ပါ​၏​။ ထို့ကြောင့် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ၎င်း​တို့​ကို လိုက်နာကျင့်သုံး​ပါ​၏​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​တို့​ကို​ဖွင့်ပြ​ခြင်း​သည် အလင်း​ကို​ပေး​၍ အသိဉာဏ်​နည်းပါး​သော​သူ​တို့​အား အသိဉာဏ်​ကို​ပေး​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​တို့​ကို တောင့်တ​အားကြီး​သဖြင့် ပါးစပ်​ဟ​လျက် မောဟိုက်​နေ​ပါ​၏​။ ကိုယ်တော်​၏​နာမ​တော်​ကို မြတ်နိုး​သော​သူ​တို့​အတွက် ပြု​လေ့​ရှိ​သည့်​အတိုင်း အကျွန်ုပ်​ဘက်​သို့​လှည့်​၍ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​နှင့်အညီ အကျွန်ုပ်​၏​ခြေလှမ်း​တို့​ကို မြဲမြံ​စေ​တော်မူ​ပါ​။ မည်သည့်​အပြစ်ဒုစရိုက်​မျှ အကျွန်ုပ်​ကို​မ​စိုးမိုး​ပါစေ​နှင့်​။ ကိုယ်တော်​၏​ဥပဒေသ​တို့​ကို စောင့်ထိန်း​နိုင်​ရန် အကျွန်ုပ်​ကို လူ​တို့​၏​ဖိနှိပ်ချုပ်ချယ်မှု​ထဲမှ ရွေးနုတ်ကယ်တင်​တော်မူ​ပါ​။ ကိုယ်တော်​၏​မျက်နှာ​တော်​အလင်း​ကို ကိုယ်တော်​၏​အစေအပါး​အပေါ်​ထွန်းလင်း​စေ​၍ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​အား​သင်ကြား​ပေး​တော်မူ​ပါ​။ လူ​တို့​သည် ကိုယ်တော်​၏​တရားတော်​ကို မ​စောင့်ထိန်း​ကြ​သောကြောင့် အကျွန်ုပ်​၏​မျက်စိ​တို့​မှ မျက်ရည်​ချောင်း​များ​စီးဆင်း​ပါ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ဖြောင့်မတ်​တော်မူ​၏​။ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​သည်​လည်း ဖြောင့်မှန်​ကြ​ပါ​၏​။ ကိုယ်တော်​သည် မိမိ​၏​သက်သေခံချက်​တို့​ကို ဖြောင့်မတ်​ခြင်း​နှင့်​လည်းကောင်း​၊ ကြီးမား​သော​သစ္စာ​နှင့်​လည်းကောင်း ချမှတ်​ထား​တော်မူ​၏​။ အကျွန်ုပ်​၏​ရန်သူ​တို့​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို မေ့လျော့​ကြ​သောကြောင့် အကျွန်ုပ်​၏​စိတ်အားထက်သန်​ခြင်း​သည် အကျွန်ုပ်​ကို​ဖိစီးလွှမ်းမိုး​လျက်​ရှိ​ပါ​၏​။ ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​သည် အလွန်​ခိုင်လုံ​မှန်ကန်​သည်​ဖြစ်၍ ကိုယ်တော်​၏​အစေအပါး​သည် ၎င်း​ကို​မြတ်နိုး​ပါ​၏​။ အကျွန်ုပ်​သည် ငယ်ရွယ်​သော​သူ​ဖြစ်​ပါ​၏​။ မထီမဲ့မြင်ပြု​ခြင်း​ကို​လည်း​ခံရ​ပါ​၏​။ သို့သော် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို မ​မေ့လျော့​ပါ​။ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​သည် ထာဝရ​ဖြောင့်မတ်​ခြင်း​ဖြစ်​ပါ​၏​။ ကိုယ်တော်​၏​တရားတော်​သည်​လည်း မှန်ကန်​ပါ​၏​။ ဘေးရန်​နှင့်​ကျပ်တည်းမှု​တို့​သည် အကျွန်ုပ်​အပေါ်​သို့​ကျရောက်​ကြ​သော်လည်း ကိုယ်တော်​၏​ပညတ်တော်​တို့​သည် အကျွန်ုပ်​မွေ့လျော်​ရာ​ဖြစ်​ကြ​ပါ​၏​။ ကိုယ်တော်​၏​သက်သေခံချက်​တို့​သည် အစဉ်အမြဲ​ဖြောင့်မတ်​ကြ​ပါ​၏​။ အကျွန်ုပ်​အသက်ရှင်​နိုင်​ရန် အကျွန်ုပ်​အား အသိဉာဏ်​ပေး​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ ကိုယ်တော့်​ကို စိတ်နှလုံး​အကြွင်းမဲ့​ခေါ်​ပါ​၏​။ အကျွန်ုပ်​ကို ထူး​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို လိုက်နာကျင့်သုံး​ပါ​မည်​။ အကျွန်ုပ်​သည် ကိုယ်တော်​ကို​ခေါ်​ပါ​၏​။ အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​ပါ​။ ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို အကျွန်ုပ်​စောင့်ထိန်း​ပါ​မည်​။ အကျွန်ုပ်​သည် မိုး​မ​လင်း​မီ​ထ​၍ အကူအညီ​အော်ဟစ်​တောင်းခံ​ပါ​၏​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို အကျွန်ုပ်​မျှော်လင့်ကိုးစား​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ကတိ​တော်​ကို ဆင်ခြင်အောက်မေ့​ရန် ညဥ့်ယံ​တို့​၌ နိုး​လျက်​နေ​ပါ​၏​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့်အညီ အကျွန်ုပ်​၏​အသံ​ကို နားထောင်​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​နှင့်အညီ အကျွန်ုပ်​ကို အသက်ရှင်​စေ​တော်မူ​ပါ​။ ဆိုးညစ်​သော​အမှု​၌​ကျင်လည်​သော​သူ​တို့​သည် ချဉ်းကပ်​လာ​ကြ​ပါ​၏​။ သူ​တို့​သည် ကိုယ်တော်​၏​တရားတော်​နှင့် ဝေးကွာ​ကြ​ပါ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် နီး​တော်မူ​၏​။ ကိုယ်တော်​၏​ပညတ်တော်​ရှိသမျှ​တို့​သည်​လည်း မှန်ကန်​ပါ​၏​။ ကိုယ်တော်​သည် မိမိ​၏​သက်သေခံချက်​တို့​ကို အစဉ်အမြဲ​တည်​စေ​တော်မူ​ကြောင်း ထို​သက်သေခံချက်​တို့​အားဖြင့် ရှေးယခင်​ကပင် အကျွန်ုပ်​သိ​ခဲ့​ပါ​၏​။ အကျွန်ုပ်​ခံရ​သော​ဖိစီးနှိပ်စက်မှု​ကို ကြည့်ရှု​တော်မူ​၍ အကျွန်ုပ်​ကို ကယ်မ​တော်မူ​ပါ​။ အကြောင်းမူကား ကိုယ်တော်​၏​တရားတော်​ကို အကျွန်ုပ်​မ​မေ့လျော့​ပါ​။ အကျွန်ုပ်​၏​အမှုကိစ္စ​ကို ရင်ဆိုင်ဖြေရှင်း​ပေး​၍ အကျွန်ုပ်​ကို​ရွေးနုတ်​တော်မူ​ပါ​။ ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​နှင့်အညီ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။ ဆိုးယုတ်​သော​သူ​တို့​သည် ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို မ​ရှာမှီး​ကြ​သောကြောင့် ကယ်တင်​ခြင်း​သည် သူ​တို့​နှင့်​ဝေး​ပါ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​သနားစုံမက်​ခြင်း​သဘော​သည် ကြီးမား​လှ​ပါ​၏​။ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​နှင့်အညီ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။ အကျွန်ုပ်​ကို လိုက်လံညှဉ်းဆဲ​သော​သူ​တို့​နှင့် အကျွန်ုပ်​၏​ရန်သူ​တို့​သည် များပြား​လှ​ပါ​၏​။ သို့သော် အကျွန်ုပ်​သည် ကိုယ်တော်​၏​သက်သေခံ​တော်မူ​ချက်​တို့​မှ သွေဖည်​မ​သွား​ပါ​။ အကျွန်ုပ်​သည် သစ္စာမဲ့​သော​သူ​တို့​ကို​မြင်​သောအခါ စက်ဆုပ်​ပါ​၏​။ အကြောင်းမူကား သူ​တို့​သည် ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​တို့​ကို မ​စောင့်ထိန်း​ကြ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို မည်မျှ​မြတ်နိုး​ကြောင်း ကြည့်ရှု​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့်အညီ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​ရှိသမျှ​တို့​သည် မှန်ကန်​ပါ​၏​။ ကိုယ်တော်​၏​ဖြောင့်မတ်​သော​စီရင်ထုံးဖွဲ့ချက် ရှိသမျှ​တို့​သည်​လည်း အစဉ်အမြဲ​တည်​ပါ​၏​။ အကြီးအကဲ​တို့​သည် အကျွန်ုပ်​ကို​အကြောင်းမဲ့ လိုက်လံညှဉ်းဆဲ​ကြ​ပါ​၏​။ သို့သော် အကျွန်ုပ်​၏​စိတ်နှလုံး​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို ကြောက်ရွံ့​ပါ​၏​။ အကျွန်ုပ်​သည် များစွာ​သော​စည်းစိမ်ဥစ္စာ​ကို တွေ့ရှိ​သော​သူ​ကဲ့သို့ ကိုယ်တော်​၏​ကတိ​တော်​ကြောင့် ရွှင်မြူး​ပါ​၏​။ အကျွန်ုပ်​သည် မုသား​ကို​မုန်းတီး​၍ စက်ဆုပ်ရွံရှာ​ပါ​၏​။ ကိုယ်တော်​၏​တရားတော်​ကို​ကား မြတ်နိုး​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ဖြောင့်မတ်​သော စီရင်ထုံးဖွဲ့ချက်​များ​အတွက် ကိုယ်တော်​ကို တစ်ရက်​လျှင်​ခုနစ်​ကြိမ်​ချီးမွမ်း​ပါ​၏​။ ကိုယ်တော်​၏​တရား​ကို​မြတ်နိုး​သော​သူ​တို့​၌ ကြီးစွာ​သော​ငြိမ်သက်​ခြင်း​ရှိ​ပါ​၏​။ မည်သည့်​အရာ​မျှ သူ​တို့​အတွက် ခလုတ်တံသင်း​ဖြစ်​မည်​မ​ဟုတ်​ပါ​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကို စောင့်မျှော်​၍ ကိုယ်တော်​၏​ပညတ်တော်​တို့​ကို လိုက်နာ​ပါ​၏​။ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို စောင့်ထိန်း​ပါ​၏​။ ၎င်း​တို့​ကို အကျွန်ုပ်​အလွန်​မြတ်နိုး​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​နှင့် သက်သေခံချက်​တို့​ကို စောင့်ထိန်း​ပါ​၏​။ အကြောင်းမူကား အကျွန်ုပ်​၏​လမ်းခရီး​ရှိသမျှ​တို့​သည် ကိုယ်တော့်​ရှေ့​၌​ရှိ​ကြ​ပါ​၏​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ဟစ်ကြော်သံ​သည် ရှေ့​တော်​သို့​ရောက်​ပါစေသော​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​နှင့်အညီ အကျွန်ုပ်​အား အသိဉာဏ်​ပေး​တော်မူ​ပါ​။ အကျွန်ုပ်​၏​အသနားခံချက်​သည် ရှေ့​တော်​သို့ ရောက်​ပါစေသော​။ ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​နှင့်အညီ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​ပါ​။ ကိုယ်တော်​သည် မိမိ​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​သည်​ဖြစ်၍ အကျွန်ုပ်​၏​နှုတ်ခမ်း​သည် ချီးမွမ်း​ခြင်း​ကို​မြွက်ဆို​ပါ​မည်​။ ကိုယ်တော်​၏​ပညတ်တော်​ရှိသမျှ​တို့​သည် ဖြောင့်မတ်​တော်မူ​သည်​ဖြစ်၍ အကျွန်ုပ်​၏​လျှာ​သည် ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​ကို တေးဖွဲ့​သီဆို​ပါ​မည်​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို ရွေးချယ်​ခဲ့​သည်​ဖြစ်၍ ကိုယ်တော်​၏​လက်​တော်​သည် အကျွန်ုပ်​ကို​ကူညီမစ​ရန် အဆင်သင့်​ဖြစ်​ပါစေသော​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကို အကျွန်ုပ်​စွဲလမ်း​တောင့်တ​ပါ​၏​။ ကိုယ်တော်​၏​တရားတော်​သည်​လည်း အကျွန်ုပ်​မွေ့လျော်​ရာ​ဖြစ်​ပါ​၏​။ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် အသက်ရှင်​လျက် ကိုယ်တော်​ကို ချီးမွမ်း​ပါစေသော​။ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​သည်​လည်း အကျွန်ုပ်​ကို​ကူညီမစ​ကြ​ပါစေသော​။ အကျွန်ုပ်​သည် ပျောက်​သော​သိုး​ကဲ့သို့​လမ်းလွဲ​ပါ​ပြီ​။ ကိုယ်တော်​၏​အစေအပါး​ကို ရှာ​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​တို့​ကို​မ​မေ့လျော့​ပါ​။

​ဆာလံကျမ်း 119:1-176 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။