YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 119:1-16

ဆာလံကျမ်း 119:1-16 MSBU

ထာဝရဘုရား​၏​တရားတော်​အတိုင်း အသက်ရှင်​လျှောက်လှမ်း​၍ စုံလင်​သော​တရားလမ်း​ကို​လိုက်​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။ ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို လိုက်နာကျင့်သုံး​၍ ကိုယ်တော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ရှာ​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။ ထို​သူ​တို့​သည် မတရားမှု​ကို​မ​ပြု​၊ ကိုယ်တော်​၏​လမ်း​တော်​များ​အတိုင်း အသက်ရှင်​လျှောက်လှမ်း​ကြ​၏​။ ကိုယ်တော်​သည် တစ်သမတ်တည်း​စောင့်ထိန်း​ရ​မည့် မိမိ​၏​ဥပဒေသ​တို့​ကို ချမှတ်​ထား​တော်မူ​၏​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို စောင့်ထိန်း​နိုင်​ရန် အကျွန်ုပ်​၏​လမ်းခရီး​တို့​သည် တည်မြဲ​ခြင်း​ရှိ​ပါစေသော​။ ထိုအခါ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​အလုံးစုံ​တို့​ကို ကြည့်ရှုဆင်ခြင်​သဖြင့် အရှက်ကွဲ​ရ​လိမ့်မည်​မ​ဟုတ်​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ဖြောင့်မတ်​သော စီရင်ထုံးဖွဲ့ချက်​တို့​ကို သင်ယူ​ရ​သောအခါ ဖြောင့်မှန်​သော​စိတ်နှလုံး​ဖြင့် ကိုယ်တော်​ကို​ချီးမွမ်း​ပါ​မည်​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို စောင့်ထိန်း​ပါ​မည်​။ အကျွန်ုပ်​ကို အလျှင်း​စွန့်ပစ်​တော်​မ​မူ​ပါ​နှင့်​။ လူငယ်​သည် မိမိ​၏​ဘဝလမ်း​ကို မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်​စေ​နိုင်​ပါ​မည်နည်း​ဟူမူကား ကိုယ်တော်​၏​နှုတ်ကပတ်တော်​အတိုင်း စောင့်ထိန်း​ရ​မည်​ဖြစ်​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ရှာ​ပါ​၏​။ အကျွန်ုပ်​ကို ကိုယ်တော်​၏​ပညတ်တော်​တို့​မှ လမ်းလွဲ​စေ​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​ကို​မ​ပြစ်မှား​မိ​စေရန် ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​ကို အကျွန်ုပ်​၏​စိတ်နှလုံး​ထဲ၌ သိုမှီး​ထား​ပါ​ပြီ​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် မင်္ဂလာရှိ​တော်မူ​၏​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​ပါ​။ အကျွန်ုပ်​၏​နှုတ်​ဖြင့် ကိုယ်တော်​၏​နှုတ်​တော်​ထွက် စီရင်ထုံးဖွဲ့ချက်​ရှိသမျှ​တို့​ကို ပြောကြား​ပါ​၏​။ အကျွန်ုပ်​သည် စည်းစိမ်ဥစ္စာ​အလုံးစုံ​တို့​အပေါ်​၌ ရွှင်မြူး​ခြင်း​ရှိ​သကဲ့သို့ ကိုယ်တော်​၏​သက်သေခံချက်​လမ်း​၌ ရွှင်မြူး​ခြင်း​ရှိ​ပါ​၏​။ ကိုယ်တော်​၏​ဥပဒေသ​တို့​ကို ဆင်ခြင်အောက်မေ့​လျက် ကိုယ်တော်​၏​လမ်းစဉ်​တို့​ကို ကြည့်ရှုဆင်ခြင်​ပါ​မည်​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​၌ မွေ့လျော်​ပါ​မည်​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို​လည်း မ​မေ့လျော့​ပါ​။

​ဆာလံကျမ်း 119:1-16 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။