YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 116

116
ဘေးရန်မှလွတ်မြောက်စေတော်မူသောဘုရားသခင်ကို ချီးမွမ်းခြင်း
1ထာဝရဘုရား​သည် ငါ​၏​အသံ​၊ ငါ​၏​အသနားခံ​ခြင်း​ကို နားညောင်း​တော်မူ​သောကြောင့်
ငါ​သည် ကိုယ်တော်​ကို ချစ်​၏​။
2ကိုယ်တော်​သည် ငါ့​ကို ဂရုစိုက်​နားထောင်​တော်မူ​သောကြောင့်
ငါ​သည် အသက်ရှင်​နေသရွေ့ ကိုယ်တော်​ကို​ခေါ်​မည်​။
3သေ​ခြင်း​၏​နှောင်ကြိုး​တို့​သည် ငါ့​ကို​ရစ်ပတ်​၍
မရဏာနိုင်ငံ​၏​ပြင်းပြ​သော​ဝေဒနာ​တို့​သည် ငါ့​အပေါ်​ကျရောက်​ကြ​၏​။
ငါ​သည် ဆင်းရဲဒုက္ခ​နှင့်​ဝမ်းနည်း​ခြင်း​ကို​တွေ့ကြုံ​ရ​၏​။
4ထိုအခါ ငါ​သည် “​အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို လွတ်မြောက်​စေ​တော်မူ​ပါ​”​ဟု
ထာဝရဘုရား​၏​နာမ​တော်​ကို ခေါ်​၍​တောင်းလျှောက်​၏​။
5ထာဝရဘုရား​သည် ကျေးဇူးပြု​တတ်​သော​သဘော​၊ ဖြောင့်မတ်​သော​သဘော​ရှိ​တော်မူ​၏​။
ငါ​တို့​၏​ဘုရားသခင်​သည် သနားစုံမက်​တော်မူ​တတ်​၏​။
6ထာဝရဘုရား​သည် အသိဉာဏ်​နည်းပါး​သော​သူ​တို့​ကို စောင့်ရှောက်​တော်မူ​၏​။
ငါ​သည် အခြေအနေ​နိမ့်ပါး​လျက်​ရှိ​သောအခါ ကိုယ်တော်​သည် ငါ့​ကို​ကယ်တင်​တော်မူ​၏​။
7အို ငါ​၏​စိတ်ဝိညာဉ်​၊ သင်​၏​ငြိမ်ဝပ်​ရာ​အရပ်​သို့​ပြန်လာ​လော့​။
အကြောင်းမူကား ထာဝရဘုရား​သည် သင့်​ကို​ကျေးဇူးပြု​တော်မူ​ပြီ​။
8အကယ်စင်စစ် ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို သေ​ခြင်း​မှ​လည်းကောင်း​၊
အကျွန်ုပ်​၏​မျက်စိ​ကို ငိုကြွေး​ခြင်း​မှ​လည်းကောင်း​၊
အကျွန်ုပ်​၏​ခြေ​ကို ခလုတ်တိုက်​ခြင်း​မှ​လည်းကောင်း လွတ်မြောက်​စေ​တော်မူ​ပြီ​။
9ငါ​သည် အသက်ရှင်​သော​သူ​တို့​၏​ပြည်​၌
ထာဝရဘုရား​၏​ရှေ့မှောက်​တွင် အသက်ရှင်​လျှောက်လှမ်း​မည်​။
10“​ငါ​သည် ဒုက္ခဝေဒနာ​များစွာ​ခံစား​ရ​၏​”​ဟု
ပြော​စဉ်ပင် ငါ​၌​ယုံကြည်​ခြင်း​ရှိ​၏​။#၂ကော 4:13။
11“​လူ​အပေါင်း​တို့​သည် လိမ်လည်​သော​သူ​များ​သာ​ဖြစ်​ကြ​၏​”​ဟု
ငါ​အလန့်တကြား​ပြောဆို​မိ​၏​။
12ငါ့​အပေါ် ထာဝရဘုရား​ပြု​တော်မူ​သော ကျေးဇူး​အပေါင်း​တို့​အတွက်
ကိုယ်တော်​ကို ငါ​မည်သို့​ပြန်ဆပ်​နိုင်​မည်နည်း​။
13ငါ​သည် ကယ်တင်​ခြင်း​ခွက်ဖလား​ကို​မြှောက်​၍
ထာဝရဘုရား​၏​နာမ​တော်​ကို ခေါ်​မည်​။
14ထာဝရဘုရား​ထံ​ပြု​ထား​သော ငါ​၏​ကတိသစ္စာ​များ​ကို
ကိုယ်တော်​၏​လူမျိုး​တော်​အားလုံး​ရှေ့​၌ ငါ​ပြည့်စုံ​စေ​မည်​။
15ထာဝရဘုရား​၏​ရှေ့​တော်​၌ မိမိ​သန့်ရှင်း​သူ​တို့​၏​သေဆုံး​ခြင်း​သည်
အဖိုးတန်​လှ​၏​။
16အို ထာဝရဘုရား​၊ အကယ်စင်စစ် အကျွန်ုပ်​သည် ကိုယ်တော်​၏​အစေအပါး​ဖြစ်​ပါ​၏​။
အကျွန်ုပ်​သည် ကိုယ်တော်​၏​အစေအပါး​၊ ကိုယ်တော့်​ကျွန်မ​၏​သား​ဖြစ်​ပါ​၏​။
ကိုယ်တော်​သည် အကျွန်ုပ်​ခံရ​သော အချည်အနှောင်​များ​မှ ကျွန်ုပ်​ကို​လွတ်မြောက်​စေ​တော်မူ​ပြီ​။
17အကျွန်ုပ်​သည် ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​ကို ရှေ့​တော်​၌​ပူဇော်​၍
ထာဝရဘုရား​၏​နာမ​တော်​ကို ခေါ်​ပါ​မည်​။
18ထာဝရဘုရား​ထံ​ပြု​ထား​သော ငါ​၏​ကတိသစ္စာ​များ​ကို
ကိုယ်တော်​၏​လူမျိုး​တော်​အားလုံး​ရှေ့​၌​လည်းကောင်း​၊
19ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​၌​လည်းကောင်း​၊ အို ဂျေရုဆလင်​မြို့​၊
သင်​၏​အလယ်​၌​လည်းကောင်း ငါ​ပြည့်စုံ​စေ​မည်​။
ဟာလေလုယ​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 116: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ