YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 113:1-9

ဆာလံကျမ်း 113:1-9 MSBU

ဟာလေလုယ​။ ထာဝရဘုရား​၏​အစေအပါး​တို့​၊ ချီးမွမ်း​ကြ​လော့​။ ထာဝရဘုရား​၏​နာမ​တော်​ကို ချီးမွမ်း​ကြ​လော့​။ ထာဝရဘုရား​၏​နာမ​တော်​သည် ယခု​မှစ၍ ကာလ​အစဉ်အဆက်​မင်္ဂလာရှိ​ပါစေသော​။ နေထွက်​ရာ​အရပ်​မှ နေ​ဝင်ရာအရပ်​တိုင်အောင် ထာဝရဘုရား​၏​နာမ​တော်​သည် ချီးမွမ်းဖွယ်​ဖြစ်​၏​။ ထာဝရဘုရား​သည် လူမျိုး​အပေါင်း​တို့ အထက်၌​လည်းကောင်း​၊ ကိုယ်တော်​၏​ဘုန်းအသရေ​သည် ကောင်းကင်​အထက်​၌​လည်းကောင်း ချီးမြှောက်​ခြင်း​ရှိ​၏​။ မည်သူ​သည် ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​နှင့် တူ​သနည်း​။ ကိုယ်တော်​သည် မြင့်မြတ်​သော​အရပ်​၌ စိုးစံ​တော်မူ​၏​။ မည်သူ​သည် မိမိကိုယ်ကို​ကိုင်းညွတ်​လျက် ကောင်းကင်​နှင့်​မြေကြီး​ကို ကြည့်ရှု​သနည်း​။ ကိုယ်တော်​သည် ဆင်းရဲ​သော​သူ​ကို မြေမှုန့်​ထဲမှ​ထ​စေ​၍ နွမ်းပါး​သော​သူ​ကို ပြာပုံ​ထဲမှ​ချီးမြှောက်​ကာ သူ​တို့​ကို မင်းအရာရှိ​များ​နှင့်အတူ​၊ မိမိ​လူမျိုး​တော်​၏​မင်းအရာရှိ​များ​နှင့်အတူ ထိုင်​စေ​တော်မူ​၏​။ ကိုယ်တော်​သည် မြုံ​သော​မိန်းမ​အား မိသားစု​ကို​ပေး​၍ သားသမီး​ရှိ​သဖြင့် ဝမ်းမြောက်​သော​မိခင်​ဖြစ်စေ​တော်မူ​၏​။ ဟာလေလုယ​။